ရခိုင်ပြည်နယ်မှာ အရက်ကင်းစင်ရေး လှုပ်ရှားမှုအောင်မြင်လာ


2019.07.09
rakhine-alcohole-622.jpg ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် အောင်ဆိပ်ကျေးရွာအဝင်မှာ အရက်ပါ မပါ ရွာသားတွေက စစ်ဆေးနေတာကို ၂၀၁၉ မေ ၁၆ ရက်နေ့ကတွေ့ရစဉ်
Photo: Thu Mrat

ရခိုင်ပြည်နယ်အတွင်း အရက်ကင်းစင်ကျေးရွာတွေ တစထက်တစ ပိုများပြားလာတာဟာ  လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ထိခိုက်ဆုံးရှုံးမှုတွေများနေတဲ့ ရခိုင်ဒေသခံတွေအတွက် အရှုံးထဲက အမြတ်တခုလို့ ဒေသခံတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အရပ်ဖက်အဖွဲ့တွေက ရှုမြင်ကြပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစပြီး ရခိုင်ဒေသမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။ အဲဒီနောက်မှာတော့ ကျေးရွာတွေရဲ့ လုံခြုံရေးအတွက် အရက်သေစာသောက်စားမှုတွေကို ထိန်းချုပ်ဖို့ ဒေသခံတွေက စဉ်းစားလာကြတယ်လို့ ဆိုပါတယ်။

ဒီလှုပ်ရှားမှုဟာ ရခိုင်တပ်တော် AA က စီမံချက်ချစေခိုင်းခဲ့တယ်လို့ စွပ်စွဲပြောဆိုတာတွေရှိပါတယ်။ ဒေသခံတွေက AA နဲ့ ပတ်သက်မှုမရှိဘူးလို့ပြောပါတယ်။

အရင်က ရခိုင်ပြည်နယ်မှာ အသက် ၂၀ ဝန်းကျင်ကစပြီး အရက်သောက်သုံးနေကြတယ်လို့ မြေပုံမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်း ကပြောပါတယ်။

“အများအားဖြင့် ၁၅ နှစ် နဲ့ ၂၀ ကြားကလေးတွေ တော်တော်များများသောက်တယ်။ အသက် ၂၀ ပတ်ဝန်းကျင် မှာပဲ သောက်သုံးတဲ့ ကလေးတွေ တော်တော်များများရှိတယ်။ အရက်သောက်ပြီး အချိန်ဖြုန်းနေပြီဆို သူ့ အနာဂတ်ပျောက်နေပြီပေါ့။ အဓိကတော့ အလုပ်အကိုင်မရှိတဲ့ ကလေးတွေက ပိုများတယ်။ နောက်တစ်ခါ အလုပ်ကြမ်းလုပ်တဲ့ ကလေးတွေ သူတို့ပင်ပန်းတယ်ဆိုပြီး သောက်တာတွေ ရှိတယ်။”

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကုန်ပိုင်းမတိုင်ခင် တိုက်ပွဲတွေမဖြစ်ခင်ကတည်းက မာန်အောင်၊ ရမ်းဗြဲစတဲ့မြို့ တွေမှာ အရက်ကင်းစင်ကျေးရွာတွေ သတ်မှတ်လုပ်ဆောင်ခဲ့တာတွေရှိခဲ့ပေမယ့် သိပ်ကျယ် ကျယ်ပြန့်ပြန့်မရှိခဲ့ပါဘူး။

ဒါပေမဲ့ တိုက်ပွဲတွေ ဖြစ်လာပြီးနောက် ရသေ့တောင်မြို့နယ်အတွင်းက ကျေးရွာတချို့ကစတင်ပြီး ဆောင်ရွက်ရာမှာ အောင်မြင်လာခဲ့ပြီး ကျောက်တော်၊ မြေပုံ၊ မင်းပြား၊ ပုဏ္ဏားကျွန်း စတဲ့မြို့နယ်တွေက ကျေးရွာတွေအထိပါ ဒီလှုပ်ရှားမှု ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်တဲ့ဒေသတွေတင်မကဘဲ တိုက်ပွဲမဖြစ်တဲ့မြို့နယ်တွေမှာပါ ဒီနှစ်အတွင်း အရက်သောက်သုံးမှု လျော့ကျလာခဲ့တယ်လို့ ကျောက်ဖြူကျေးလက် ဒေသဖွံ့ဖြိုးရေးအသင်းက ဦးထွန်းကြည်က ပြောပါတယ်။

“တိုက်ပွဲဖြစ်နေစဉ်မှာ ကျေးရွာလုံခြုံရေးအတွက် ရဲဘက်က မဆောင်ရွက်နိုင်တာတွေရှိတယ်။ တိုက်ရိုက် မရောက်တာတွေရှိတယ်။ ကျေးရွာတွေကပဲ ကိုယ့်ရွာတွေက စည်းကမ်းတွေကို ကိုယ်ဘာသာ စနစ်တကျ တည်ဆောက်လာကြတယ်။ အခုနောက်ပိုင်း ကျနော်လေ့လာမိသလောက် ကျောက်ဖြူဆိုရင်လည်း အရက်သောက်တဲ့သူဦးရေ တော်တော်လျော့ကျတာကို တွေ့တယ်။ အရင်တုန်းကဆိုရင် ကျောက်ဖြူမှာ အရက်ဆိုင်တော်တော်များများက လူမဆန့်ဘူး ခုံပြည့်။ ဒီ ၂၀၁၉ သြင်္ကန်ကာလ နောက်ပိုင်းကစပြီး ကျောက်ဖြူမှာဆိုရင် အရက်သောက်တာ ၅၀ ရာခိုင်နှုန်းလောက် လျော့ကြတာ တွေ့ရတယ်။ ”

ဒီလှုပ်ရှားမှုတွေဟာ ကျေးလက်ဒေသတွေမှာသာဖြစ်ပြီး မြို့ပေါ်တွေနဲ့ စစ်တွေ၊ သံတွဲစတဲ့မြို့ကြီးတွေမှာတော့ သက်ရောက်မှုမရှိသေးဘူးလို့ သိရပါတယ်။

အရက်ကင်းစင်နယ်မြေလုပ်ဖို့ ကျနော်တို့ လူကြီး၊ လူငယ်၊ မိန်းမကြီး၊ မိန်းမငယ် အကုန်လုံးစုပြီး လုပ်ခဲ့ပါတယ်။

အရက်ကင်းစင်နယ်မြေတွေကို အစိုးရက ဦးဆောင်ပြီး သတ်မှတ်လုပ်ဆောင်တာမဟုတ်တဲ့အတွက် ကင်းစင် နယ်မြေသတ်မှတ်နိုင်ခဲ့တဲ့ ကျေးရွာတွေရဲ့ စာရင်းအတိ အကျတော့ မရှိသေးပါဘူး။

ရသေ့တောင်မြို့နယ်၊ မိုးစေးကျွန်းက ကျေးရွာ ၂၆ ရွာမှာဆိုရင် ကျေးရွာတိုင်းနီးပါး အရက်ကင်းစင် နယ်မြေတွေ သတ်မှတ်နိုင် ခဲ့ပြီလို့ ဇီးကိုင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ဝင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကစပြီး အရက်ကင်းစင်နယ်မြေအဖြစ် သတ်မှတ်ခဲ့တဲ့ရာမှာ ဆောင်ရွက်ခဲ့ရတဲ့ အခြေအနေတွေကို ဇီးကိုင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ဝင်း က အခုလို ရှင်းပြပါတယ်။

“အရက်ဆိုင်တွေကိုလည်း အသိပေးတယ်။ ကျနော်တို့က ကျေးရွာတစ်ခုလုံးကို အရက်ကင်းစင်နယ်မြေလုပ်ဖို့ ကျနော်တို့ လူကြီး၊ လူငယ်၊ မိန်းမကြီး၊ မိန်းမငယ် အကုန်လုံးစုပြီး လုပ်ခဲ့ပါတယ်။ ကျနော်တို့ ၇ ရက် အချိန်ပေး လိုက်ပါတယ်။ ကျေးရွာတစ်ခုလုံး အရက်ဆိုင် ၇ ဆိုင် ၈ ဆိုင်လောက်တော့ ရှိပါတယ်။ တချို့တွေက ကောင်းတဲ့ အလုပ်ကို လုပ်တာပဲ ကျနော်တို့ လက်ခံသွားမယ်ဆိုပြီး ပြောတဲ့သူတွေက ပြောတယ်။ တချို့ကလည်း ဒါက အစိုးရက ပိတ်တာလည်းမဟုတ်ဘူး။ ကျနော်တို့ လုပ်ကိုင် စားသောက်တာ ပျက်မှာပဲဆိုပြီး ပြောတဲ့သူ ၁ ဆိုင် ၂ ဆိုင်ရှိတယ်။ စကားနည်းနည်း ကျနော်တို့ ပြောရတာပေါ့။”

ရွာတွေမှာ အမျိုးသမီးတွေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ ကျေးရွာက ဘုန်းတော်ကြီးတွေကို လျှောက်ထားပြီး အရက်ကင်းစင်ရေးအတွက် အစုအဖွဲ့တွေဖွဲ့ စစ်ဆေးဆောင်ရွက်တာတွေ လုပ်ကြတယ်လို့ သိရပါတယ်။

ရသေ့တောင်မြို့နယ်က ကျေးရွာတွေမှာ အမျိုးသမီးတွေဦးဆောင်ပြီး အရက်တွေကို မြစ်ချောင်းတွေမှာ လွင့်ပစ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ ကပြောပါတယ်။ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ

“ရသေ့တောင်ကပဲ အမျိုးသမီးတွေ စုပေါင်းပြီး သောက်တဲ့ အရက်တွေကို အကုန်သိမ်းဆည်းပြီး ရေထဲမှာ မျောခဲ့တာကနေ စခဲ့တယ်ပေါ့။ ဒီအရက်က ကျန်းမာရေးကိုလည်း ထိခိုက်လာနိုင် တယ်။ ရန်များလာတယ်။ တော်တော်များများနယ်တွေမှာ အရက် ကင်းစင်ရေးအဖွဲ့တွေဖွဲ့ပြီး အရက်တွေကို မြစ်ချောင်းတွေမှာ လွင့်ပစ်လိုက်တာတွေပါတယ်။”

တဖက်မှာလည်း ရခိုင်ပြည်နယ်ကို အရက်ကင်းစင်နယ်မြေအဖြစ် အခုလို ဆောင်ရွက်ဖို့ ဒေသခံတွေကို ရခိုင့်တပ်တော် AA က ညွန်ကြား ထားတာဆိုတဲ့ သတင်းတွေထွက်နေတာရှိပါတယ်။

အဲဒီသတင်းတွေနဲ့ ဆက်စပ်တဲ့အကြောင်းတစ်ခုက ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့က မြေပုံမြို့နယ်၊ ပေါက်တူးတောင်ကျေးရွာက စားသောက် ဆိုင်ဖွင့်ထားတဲ့ ဦးမောင်ဘကျန်နဲ့ စစ်တပ်က ထွက်ထားတဲ့ သားမက်ဖြစ်သူတို့ကို မျက်နှာဖုံးစွပ်ထားတဲ့ လူ ၃ ဦးက သေနတ်နဲ့ပစ်ပြီး သတ်သွားခဲ့တယ်ဆိုတဲ့ သတင်းပါ။

စားသောက်ဆိုင်ဖွင့်ထားတဲ့ ဦးမောင်ဘကျန် လုပ်ကြံသတ်ခံရမှုနဲ့ ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဗိုလ်မှူးကြီး ဝင်းဇော်ဦး ပြောတာက

“သူတို့က အရက်ဘာညာချက်ပြီး သူ့စီးပွားရေးလေးဘာလေးလုပ်တာပေါ့။ ဒါပေမဲ့ ဟိုတလောတုန်းက တွေ့ပါတယ်။ AA အဖွဲ့တွေသည် ရခိုင်ပြည်နယ်တစ်ခုလုံး အရက်မရောင်းရဘူးဆိုပြီး လူမျိုးရေးဆန်ဆန် ကန်ပိန်းတစ်ခုလုပ်လိုက်တယ်။ ဦးကျန်အောင် (ဦးမောင်ဘကျန်) နဲ့ သူ့သားမက်က အရက်နဲ့ စီးပွားရေး နည်းနည်းပါးပါးလုပ်နေတော့ သူတို့စီးပွားရေးထိခိုက်တော့ လမ်းပေါ်တက်ပြီး မင်းတို့ AA က အရက် မရောင်းရဘူးပိတ်တော့ ငါတို့စီးပွားရေးထိခိုက်တယ်။ မိုက်တဲ့ကောင် AA ထွက်ခဲ့ဆိုပြီး Challenge ခေါ်တယ်။ အဲလိုလုပ်လိုက်တော့ ဟိုတနေ့က မျက်နှာဖုံးစွပ်ပြီး ၃ ယောက်ဝင်လာပြီးတော့ မင်းလား ငါတို့ကို Challenge ခေါ်တာဆိုပြီး သားမက်ကိုကော ယောက္ခမကိုကော ပစ်သတ်သွားတယ်။”

ရခိုင့်တပ်တော် AA က ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဒီလုပ်ကြံမှုဟာ AA အဖွဲ့က မဟုတ်ကြောင်း ငြင်းဆိုထားပြီး AA အနေနဲ့ ရခိုင်ပြည်နယ်ကို အရက်ကင်းစင်အောင်ဆောင်ရွက်မယ်ဆိုတဲ့ စီမံချက်တွေချမှတ်ပြီး လုပ်ဆောင်နေတာ မရှိဘူးလို့ RFA ကိုပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း အရက်ကင်းစင်နယ်မြေတွေ သတ်မှတ်လာကြတဲ့အပေါ် AA ရဲ့ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ ပြောတာကAA ပြောခွင့်ရသူ ခိုင်သုခ

“ကျနော်တို့ဘက်က အဲလိုစည်းကမ်းသတ်မှတ်ထားတာမရှိဘူးခင်ဗျ။ အရက်သေစာသောက်စားတာတွေကို လူထုအခြေပြု သူတို့ ဘာသာသူတို့ ထိန်းချုပ်တဲ့ဟာတွေကတော့ ကောင်းတာပေါ့။ လူမှုရေးပဋိပက္ခတွေ နည်းသွားနိုင်တာပေါ့။ နောက်ပြီးတော့ မိသားစုဘဝတွေလည်း ပိုပြီးတော့ ကောင်းလာနိုင်တာပေါ့။ ဒါပေမဲ့ ဒီလိုမျိုးတိုးတက်လာတဲ့ခေတ်မှာတော့ အရက်တွေ လုံးဝ ကင်းစင်ဖို့ကတော့ မလွယ်ပါဘူး။ လုံးဝမကင်းစင်ရင်တောင်မှ လူထုအခြေပြုတွေက လူငယ်တွေကို ပညာပေးထိန်းကျောင်းနိုင်ရင် လူ့အဖွဲ့အစည်းကို တော်တော်လေးအကျိုးပြုနိုင်မှာပေါ့။ ”

RFA က ဒီနေ့မေးမြန်းကြည့်သလောက် ဒေသခံတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ပြောခဲ့တာမှာလည်း ရခိုင်ပြည်နယ်က ကျေးရွာတွေမှာ အရက်ကင်းစင်နယ်မြေတွေ သတ်မှတ်ဖို့ အစိုးရက ညွန်ကြားထားတာမရှိသလို ရခိုင့်တပ်တော် AA ကလည်း ညွန်ကြားထားတာမရှိဘူးလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ လူငယ်လူရွယ်တွေ အရက်သေစာသောက်သုံးမှုတွေ များလာနေတဲ့အတွက် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုတွေနောက်ကျနေတာကြောင့် ကျေးရွာတွေမှာ မိမိဆန္ဒနဲ့မိမိ အမျိုးသမီးတွေ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ ဘုန်းတော်ကြီးတွေက ဒေသခံတွေကို စည်းရုံးပြီး အရက်ကင်းစင်နယ်မြေတွေ အကောင်အထည်ဖော်နေတာဖြစ်တယ်လို့ ပြောကြပါတယ်။

(RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြသည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။