သေဒဏ်ချမှတ်ခံခဲ့ရတဲ့ ဆလိုင်းတင်မောင်ဦး နှစ်ပတ်လည်နေ့ မြို့ကြီးတွေမှာ ဆန္ဒပြ

2022.06.26
သေဒဏ်ချမှတ်ခံခဲ့ရတဲ့ ဆလိုင်းတင်မောင်ဦး နှစ်ပတ်လည်နေ့ မြို့ကြီးတွေမှာ ဆန္ဒပြ သေဒဏ်ချမှတ်ခံခဲ့ရတဲ့ ဆလိုင်းတင်မောင်ဦး နှစ်ပတ်လည်နေ့အဖြစ် ၂၀၂၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ ယင်းမာပင်နဲ့ ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ဆန္ဒပြခဲ့ကြစဉ်
Photo: CJ

လွန်ခဲ့တဲ့နှစ်ပေါင်း ၄၆ နှစ်တုန်းက ကြိုးပေးကွပ်မျက်တာခံခဲ့ရတဲ့ တက္ကသိုလ် ကျောင်းသား ခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးတဲ့အထိမ်းအမှတ်အဖြစ် ရန်ကုန်၊ မန္တလေး၊ စစ် ကိုင်းနဲ့ ချင်းပြည်နယ်တို့မှာ အထိမ်းအမှတ်လှုပ်ရှားမှုတွေ ဒီနေ့ လုပ်ခဲ့ကြပါတယ်။

၁၉၇၂ ခုနှစ်ကစလို့ စစ်အာဏာရှင်ကို ဆန့်ကျင်လှုပ်ရှားရင်း ဦးသန့် အရေးအခင်း၊ ရွှေတိဂုံ ကျောင်းသား အရေးအခင်းတို့မှာပါဝင်ခဲ့တဲ့ ချင်းအမျိုးသား ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးဟာ အသက် ၂၅ နှစ်အရွယ်မှာ ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်တဲ့ အစိုးရရဲ့ ကြိုးပေးကွပ်မျက်တာ ခံခဲ့ရပါတယ်။ ဒါပေမဲ့ နှစ်စဉ်နှစ်တိုင်း ဆလိုင်းတင်မောင်ဦး ကျဆုံးမှုအထိမ်းအမှတ် လှုပ်ရှားမှုတွေကရှိနေပါတယ်။ ဒီနေ့မှာလည်း ဆလိုင်းတင်မောင်ဦး အထိမ်းအမှတ် ပိုစတာချိတ်ဆွဲတာ၊ ဆန္ဒပြလှုပ်ရှားမှု လုပ်ဆောင်ခဲ့ကြပါတယ်။

ဒီကနေ့ ရန်ကုန်မြို့မှာ သပိတ်အင်အားစုတွေက ဆလိုင်းတင်မောင်ဦး အထိမ်းအမှတ် ဆန္ဒ ပြခဲ့ကြပြီး ဆလိုင်းတင်မောင်ဦးရဲ့ ပြောစကားတွေပါတဲ့ စာတန်းတွေကို ချိတ်ဆွဲခဲ့ကြပါ တယ်။

မန္တလေးမြို့မှာလည်း မန္တလေးသပိတ်အင်အားစုက စာတန်းတွေ ချိတ်ဆွဲတာ၊ ဓာတ်ပုံ ကမ် ပိန်းပြုလုပ်တာ၊ ရန်ကုန် - မန္တလေး အမြန်လမ်းပေါ်က တံတားမှာလည်း စာတန်းချိတ်ဆွဲခဲ့ တယ်လို့ မန္တလေးသပိတ်အင်အားစုအဖွဲ့ဝင် သံဃာတစ်ပါးက မိန့်ပါတယ်။

“အားလုံး ပြည်သူလူထုအားလုံးကို ဒီနေ့ဟာ ဆလိုင်းတင်မောင်ဦးနေ့ဖြစ်တယ်။ လွန်ခဲ့ တဲ့ နှစ်ပေါင်း ၄၀ ကျော်က ကြိုးမိန့်ချခံရတဲ့ ဆလိုင်းတင်မောင်ဦးပေါ့။ မတရားမှုကို တော်လှန်ရင်း ကြိုးမိန့်ချခံရတဲ့ ဆလိုင်းတင်မောင်ဦးနေ့ ဖြစ်တဲ့အလျောက် ဆလိုင်းတင်မောင်ဦးရဲ့ စိတ်ဓာတ်ကို နှလုံးသွင်းပြီးမှ ဦးပဥ္ဇင်းတို့တော်လှန်ရေးပန်းတိုင်ကို ဆက်လက်တိုက်ပွဲဝင်ကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းတယ်ပေါ့လေ”

စစ်ကောင်စီဟာ ဒီရက်ပိုင်းအတွင်း မန္တလေးမြို့ပေါ်မှာ လှုပ်ရှားမှုတွေကို လုံခြုံရေးအရ စစ်ဆေးတာတွေကို တင်းကျပ်လာနေတဲ့ကြားကပဲ ဆလိုင်းတင်မောင်ဦးနေ့ လှုပ်ရှားမှုကို လုပ်ခဲ့ကြတာလို့ ဆိုပါတယ်။

“သူပြောခဲ့သလိုပဲ သူ့ခန္ဓာကိုယ်ကို သတ်ခဲ့ပေမယ့် ကျနော်တို့အတွက် သူဟာ မသေဘူး"

စစ်ကောင်စီကို လက်နက်ကိုင်ပြီးတော်လှန်နေတဲ့ စစ်ကိုင်းတိုင်းထဲက ဆားလင်းကြီး၊ မုံရွာနဲ့ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းက ဒေသတွေမှာလည်း ဆလိုင်းတင်မောင်ဦးနေ့ အထိမ်းအမှတ် သပိတ်လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ချင်းပြည်နယ်က နေရာတချို့မှာလည်း ဆလိုင်းတင်မောင်ဦး အထိမ်းအမှတ်နေ့ လှုပ်ရှားမှု တချို့ရှိခဲ့ပြီး ဆလိုင်းတင်မောင်ဦးဟာ ချင်းအမျိုးသားတွေအတွက် မသေဆုံးသေးဘူးလို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“သူပြောခဲ့သလိုပဲ သူ့ခန္ဓာကိုယ်ကို သတ်ခဲ့ပေမယ့် ကျနော်တို့အတွက် သူဟာ မသေဘူး။ အခုတော်လှန်ရေးမှာ ကျနော်တို့ ရဲဘော်တွေ ၂၂ ယောက်လောာက်ရှိနေပြီ သတ်ခဲ့တာ ကျဆုံးရဲဘော်တွေ။ ဆိုတော့ သူတို့ သေသွားပေမယ့် ကျနော်တို့ရဲ့ ခံယူချက်၊ ရပ်တည် ချက်တွေက ဘယ်တော့မှ မသေဘူးဆိုတာ၊ နောက်ပြီးတော့ အာဏာရှင်စနစ် မပြုတ်ကျ မချင်း တော်လှန်သွားမယ်ဆိုတာ ကျနော်တို့ ပြောချင်တယ်။ ဆလိုင်း တင်မောင်ဦး ပြောခဲ့သလိုပဲ စစ်ဖိနပ်အောက်မှာ ဘယ်တော့မှ ဒူးမထောက်ဘူး”

လက်ရှိ စစ်ကောင်စီက ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ NLD ပါတီရဲ့ လွှတ်တော် အမတ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် လေးဦးကို သေဒဏ်ချမှတ်ထား တာဟာလည်း တရားမဝင်ဘူးလို့ သူက ဆက်ပြောပါတယ်။

ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး နောက်ပိုင်းမှာ ကြိုးပေးသတ်ဖြတ်ခံရသူ ကိုးဦးရှိခဲ့ပြီး နောက်ဆုံးကြိုးပေးမှုဟာ ၁၉၈၈ ခုနှစ် မတ်လ ၂၀ ရက်နေ့က လူနှစ်ယောက် ကို တစ်ပြိုင်တည်း ပေးခဲ့တာဖြစ်တယ်လို့ ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။

အဲဒီနောက်ပိုင်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းအရ သေဒဏ်ချခံထား ရသူတွေကို ကြိုးမိန့်မပေးရတဲ့ အခြေအနေကို ပြောင်းလဲလာတာ ဖြစ်တယ်လို့ ရှင်းပြပါ တယ်။

“နောက်ဆုံးပေးခဲ့တာက ၁၉၈၈ မတ်လ ၂၀ ရက်ဝန်းကျင်ပေါ့။ အဲဒီနောက်မှာ စစ်အစိုးရ တွေ အုပ်ချုပ်တယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် သုံးမှာ ကျတော့ လူ့အသက်နဲ့ ပတ်သက်တဲ့ ပြည်သူလူထုရဲ့ မဲဆန္ဒနဲ့ တင်မြှောက်ထားတဲ့ အစိုးရကခန့်ထားတဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကသာလျှင် သေဒဏ်အတည်ပြုမိန့်ကို ပေးလို့ရတယ်။ အဲဒီအတွက်လည်းပဲ နဝတ၊ နအဖ စစ်အစိုးရလက်ထက် ၈၈ အရေး တော်ပုံအတွင်း နိုင်ငံတစ်ဝန်းမှာ သေဒဏ်ချခံရတဲ့ အကျဉ်းသား သုံးရာကျော်ရှိတဲ့အတွက် တစ်ဦးမှ သေဒဏ် မပေးခဲ့ဘူး”

အဲဒီက သေဒဏ်ချမှတ်ခံရသူတွေကို တစ်သက်တစ်ကျွန်း၊ နောက်ပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ တစ်သက်တစ်ကျွန်းကနေ ထောင် ၁၀ နှစ် အဖြစ် ပြောင်းလဲခဲ့ပြီး ကြိုးပေးမခံရတော့တာ ဖြစ်တယ်လို့ ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။

မဲဆန္ဒနဲ့ တက်လာတဲ့ အစိုးရလက်ထက်တွေမှာတော့ စီရင်ပိုင်ခွင့်ရှိပေမယ့် အမှုကို ပြန်လည် သုံးသပ်တာတွေ ရှိခဲ့တဲ့အတွက် ကြိုးပေးတာတွေ မရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

mdy-protest.jpg
ဆလိုင်းတင်မောင်ဦး နှစ်ပတ်လည်နေ့အဖြစ် ရန်ကုန် - မန္တလေး အမြန်လမ်းပေါ်က တံတားတစ်ခုတွင် ၂၀၂၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့က စာတန်းချိတ်ဆွဲခဲ့ကြစဉ် (Photo: Simple Light)

လွန်ခဲ့တဲ့ နှစ်လေးဆယ်ကျော်က ကြိုးပေးခံခဲ့ရတဲ့ ဆလိုင်းတင်မောင်ဦးဟာ ကျောင်းသား ဘဝမှာ ၁၉၇၂ ခုနှစ် သမိုင်းဝင်းအတွင်းက ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး အင်းစိန် ထောင်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။

နှစ်နှစ်အကြာ ထောင်ကလွတ်မြောက်ပြီးနောက် ရန်ကုန်တက္ကသိုလ် ချင်းစာပေနှင့် ယဉ် ကျေးမှု ကော်မတီမှာ အထွေထွေအတွင်းရေးမှူးဖြစ်လာခဲ့သလို ချင်းအမျိုးသားတွေရဲ့ နာမည်အရှေ့မှာ ဆလိုင်း၊ အမျိုးသမီးတွေရဲ့ နာမည်အရှေ့မှာ မိုင် သုံးစွဲဖို့ စတင်အဆိုပြု ခဲ့သူဖြစ်ပါတယ်။

သူဟာ ၁၉၇၄ ဦးသန့်အရေးအခင်းမှာလည်း ကျောင်းသားခေါင်းဆောင်တစ်ယောက်အနေနဲ့ ပါဝင်ခဲ့ပြီး ၁၉၇၆ ခုနှစ်မှာတော့ ဖမ်းဆီးခံခဲ့ရပါတယ်။

အဲဒီနောက် သူ့ကို ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက်မှာ ကြိုးမိန့်ပေးခဲ့ပြီး သူ့ရဲ့ ညီမဖြစ်သူကို ထောင်ကိုးနှစ်၊ ညီဖြစ်သူကို ထောင်ခုနစ်နှစ်၊ အဖေနဲ့ အမေကို ထောင်ငါးနှစ်စီ ချမှတ်ခံခဲ့ ရတာပါ။

လက်ရှိ အာဏာသိမ်း စစ်ကောင်စီလက်ထက် တစ်နှစ်ကျော်အတွင်းမှာလည်း သေဒဏ်နဲ့ ထောင်ဒဏ်တစ်သက် ချမှတ်ခံထားရသူ ၂၀၉ ယောက် ရှိနေတယ်လို့ (ISP-Myanmar) သုတေသနအဖွဲ့က ဇွန် ၆ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီက သေဒဏ်ချမှတ်ထားတဲ့သူတွေကို ကွပ်မျက်မယ်လို့ပြောဆိုနေမှုတွေကို ကုလသမဂ္ဂ အပါ အဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ကန့်ကွက်အပြစ်တင်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။