ဘုတလင်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်သောင်းခန့် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကောင်စီဘက် လေကြောင်းကနေ လက်တုံ့ပြန် တိုက်ခိုက်နေတာကြောင့် လူတစ်သောင်းလောက် ထွက်ပြေးနေရပါတယ်။

စစ်ကောင်စီက ဒရုန်းနှင့် ဗုံးကြဲခဲ့သည့် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ထနောင်းကုန်းရွာ ကျေးလက်ဆေးခန်းကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့တွင် တွေ့ရစဉ်။ Telegram/ Upper Burma News Agency

Updated 4:23 PM Oct 3, 2024

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခုလုံး ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ လက်တုံ့ပြန် တိုက်ခိုက်နေတာကြောင့် လူတစ်သောင်းခန့် နေ့ရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက အောက်တိုဘာလ ၃ ရက်နေ့မှာ ပြောပါတယ်။

တိုက်ပွဲမှာ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သား ရုပ်အလောင်း သုံးဆယ်ကျော်ကို ကာကွယ်ရေးတပ်ဖွဲ့တွေက အောက်တိုဘာလ ၂ ရက်နေ့က မြေမြှုပ် သင်္ဂြိုဟ်ပေးနေချိန် အဲဒီအနီးတစ်၀ိုက်က မောင်းထောင်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒုတိယတာဝန်ခံ ကိုကြွက်ကလေးက ပြောပါတယ်။

"မနေ့ မနက်ကနေပြီးတော့ ကျွန်တော်တို့က ၃၂ လောင်းကို ဘုတလင်မြို့နယ် ပကဖရယ်၊ မုံရွာခရိုင် တပ်ရင်း (၂၀) ရယ်၊ ဘုတလင်မြို့နယ် လူသားစာနာရယ် ပေါင်းပြီးတော့ မြှုပ်တာပေါ့။ ကောင်းကောင်း သင်္ဂြိုဟ်ပေးတာပေါ့။ သင်္ဂြိုဟ်ပေးနေတဲ့အချိန်မှာ စကစရဲ့ အလောင်းတွေကလည်း သုံးဆယ်ကျော်တဲ့အခါကျတော့ အချိန်နည်းနည်းကြာတယ်ဗျ။ အဲဒီအချိန်မှာ ကျွန်တော်တို့နဲ့ သိပ်မလှမ်းမကမ်းမှာပဲ ဂျက်ဖိုက်တာတစ်စင်းက ဘုတလင်မြို့နယ် မောင်းထောင်ရွာကို နေရာသုံးနေရာခွဲပြီးတော့ လေကြောင်းတိုက်ခိုက်မှု ခုနစ်ကြိမ်လောက် လုပ်သွားတာပေါ့"

စက်တင်ဘာလ ၃၀ ရက်နေ့က ကူတော်ရွာကနေ ဘုတလင်မြို့ကို ထွက်လာတဲ့ အင်အား ရှစ်ဆယ်ကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို ဘုတလင်မြို့နယ် စီပါရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃ ဦး သေဆုံးပြီး ဗိုလ်ကြီး နှစ်ဦး အပါအဝင် တပ်ဖွဲ့ဝင် ၄၃ ဦး ဖမ်းမိခဲ့ပါတယ်။ ဒီအပြင် လက်နက် (၅၆) လက်နဲ့ ခဲယမ်းပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နိုင်ငံတကာဥပဒေတွေနဲ့အညီ ထိန်းသိမ်းထားပြီး ဆေးကုသတာတွေလည်း လုပ်ဆောင်ပေးနေတယ်လို့ ကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် စီပါရွာအနီး ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၃ ဦးနှင့် လက်နက်ခဲယမ်းများအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့တွင် NUG မှ ထုတ်ပြန်ထားစဉ်။ (Photo: Facebook/ Ministry of Defence - National Unity Government of Myanmar)

မနေ့ကတော့ မောင်းထောင်ရွာက စာသင်ကျောင်း၊ ဆေးရုံ၊ ဓမ္မာရုံ အစရှိတဲ့ လူစုလူဝေး ရှိနိုင်တဲ့နေရာတွေကို စစ်ကောင်စီတပ်က လေကြောင်းက ဗုံးကြဲခဲ့လို့ ကလေးနဲ့ သက်ကြီးရွယ်အို အပါအဝင် သုံးဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေရတယ်လို့ မောင်းထောင်ရွာခံတစ်ဦးက RFA ကိုပြောပါတယ်။

"လေကြောင်းတိုက်ခိုက်မှုကတော့ ပထမဆုံးအကြိမ်ပေါ့။ ပြည်သူ့ဆေးရုံတို့ပေါ့ဗျာ၊ ရွာရဲ့ အထက်တန်းကျောင်းတို့၊ ရွာလယ်မှာရှိတဲ့ ဓမ္မာရုံတွေမှာ ထင်ကြေးနဲ့ အကုန်လုံး လုပ်သွားတာဗျ။ စာသင်ကျောင်းထဲမှာ ပစ်တာကကျတော့ အသက် သုံးဆယ်နားတစ်ဝိုက်လောက် တစ်ယောက်က နားထင်မှာ ထိတယ်။ အဘွားကြီးနဲ့ ကလေးတစ်ယောက်ရယ် ခေါင်းမှာ ထိတယ်ဗျ။ ရွာသူရွာသားတွေရဲ့ အခြေအနေကတော့ နီးစပ်ရာ တောတွေထဲမှာ ဖြစ်သလို မိုးကာတဲလေးတွေနဲ့ ကိုယ့်လှည်းလေးတွေနဲ့ကိုယ် ပဲစိမ်းငုံခင်းတွေထဲမှာ နေကြရတာပေါ့ဗျာ။ တချို့လည်း နီးစပ်ရာ ရွာတွေမှာ ရွှေ့ပြောင်းနေကြတာမျိုးရှိတာပေါ့။ အခုကတော့ ရွာမှာတော့ အကုန်လုံး စွန့်ခွာပြီးတော့ နေကြရတာ"


ဆက်နွှယ်သောသတင်းများ

ဘုတလင်မြို့နယ်က ရွာတွေစီးနင်းခံရမှု လေးဦး သေဆုံး

ဘုတလင်မှာ ကျေးလက်ဆေးခန်း တိုက်ခိုက်ခံရမှု ရှစ်ဦး သေ၊ ဆယ်ဦးထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီရဲ့ တစ်ကျော့ပြန် ထိုးစစ်ကြောင့် ထိခိုက်သေဆုံးမှု များလာ


မောင်းထောင်ရွာက အိမ်ခြေ ၁၅၀၀ ခန့်ရှိတဲ့ ရွာကြီးတစ်ရွာဖြစ်ပြီး စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားတဲ့ ကူတော်ရွာနဲ့ ၄ မိုင်အကွာမှာ တည်ရှိတာပါ။

လက်ရှိမှာ စစ်ရေးတင်းမာနေပြီး လေကြောင်းတိုက်ခိုက်မှုတွေ ထပ်ဖြစ်လာမှာ စိုးရိမ်တာကြောင့် မောင်းထောင်ရွာနဲ့ အနီးတစ်၀ိုက်မှာရှိတဲ့ ရွာဆယ်ရွာခန့်က ဒေသခံ တစ်သောင်းခန့် နေ့ရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဘုတလင်ဒေသခံတစ်ဦးက ပြောပါတယ်။

"တစ်ရွာလုံးကတော့ စစ်ဘေးရှောင်ခိုင်းထားတဲ့ အနေအထားပေါ့ဗျာ။ နောက်ထပ်လည်း စိတ်မချရလို့ပေါ့။ အနားကရွာလည်း ရှောင်ရတယ်ဗျ။ ကျောင်းရွာ၊ ကျွဲသေချောင်း၊ ဆယ်၀၊ အိုင်ပေါင်းချောင်၊ စီပါ၊ ဆည်ကုန်း သူတို့လည်း အခုချိန်ထိ ရှောင်ကြတုန်းပါပဲဗျ။ ဒေသခံ အရေအတွက်က သောင်းနဲ့ချီ ရှိလောက်တယ်ဗျ။ စစ်ဘေးရှောင်တွေအတွက်ကလည်း လိုအပ်ချက်တွေတော့ ရှိတာပေါ့ဗျာ၊ စားနပ်ရိက္ခာလေး ဘာလေး။ သူတို့ရဲ့ အခြေအနေပဲ စောင့်ကြည့်နေရတာ။ ဘုတလင်ကနေ စစ်ကြောင်းထွက်ထိုးမလား ဒါမှမဟုတ် နမခကနေ စစ်ကူပို့မလား ဆိုတဲ့ဟာပဲ ပြီးတော့ လေကြောင်းများ လာဦးမလားဆိုတာပဲ ပြည်သူတွေကတော့ တွေးနေရတာပေါ့လေ"

"ဒေသခံ အရေအတွက်က သောင်းနဲ့ချီ ရှိလောက်တယ်ဗျ။ စစ်ဘေးရှောင်တွေအတွက်ကလည်း လိုအပ်ချက်တွေတော့ ရှိတာပေါ့ဗျာ၊ စားနပ်ရိက္ခာလေး ဘာလေး"

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်သူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဒီရက်ပိုင်းမှာ ဘုတလင်မြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းထဲက ကောလင်း၊ ကန့်ဘလူနဲ့ ခင်ဦးမြို့နယ်တွေကိုလည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာအပြင် မြေပြင်ကနေလည်း စစ်ကြောင်းထိုးစီးနင်းမှုတွေ ရှိနေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ တိုးလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘုတလင်မြို့နယ်က စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရတဲ့ စက်တင်ဘာလ ၃၀ ရက်နေ့ တစ်ရက်တည်းမှာပဲ စစ်ကိုင်းတိုင်း အထက်ပိုင်းက ကောလင်းမြို့နယ် ဥက္ကံရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ခုနစ်ဦးအထိ အစုလိုက်အပြုံလိုက် သေဆုံးပြီး လေးဦးဒဏ်ရာရခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

RFA ရဲ့ စာရင်းတွေအရ စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေ အပါအဝင် နိုင်ငံတစ်ဝန်းက လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စက်တင်ဘာလ ၁ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ တစ်လအတွင်း လူ ၁၆၀ ထက်မနည်း သေဆုံးပြီး ၁၂၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

(မှတ်ချက် - ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူနှင့် ဒေသခံတို့၏ ပြောဆိုချက်များကို ထပ်မံဖြည့်စွက်ရေးသားထားသည်။)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org