ကန်အစိုးရရဲ့ လေယာဉ်ဆီပိတ်ဆို့မှု ဒီမိုကရေစီလှုပ်ရှားသူတွေ ကြိုဆို

2023.08.24
ကန်အစိုးရရဲ့ လေယာဉ်ဆီပိတ်ဆို့မှု ဒီမိုကရေစီလှုပ်ရှားသူတွေ ကြိုဆို စစ်ကောင်စီ၏ ဂျက်တိုက်လေယာဥ်များအား ၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ကျင်းပသည့် တပ်မတော်နေ့အခမ်းအနားတွင် တွေ့ရစဉ်။
STR / AFP

အာဏာသိမ်းစစ်ကောင်စီအတွက် လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူးပေးနေတဲ့ Shoon Energy ကုမ္ပဏီနဲ့ ကုမ္ပဏီ ပိုင်ရှင် ဒေါ်ခင်ဖြူဝင်း၊ အရင်ကတည်းက ပိတ်ဆို့ဒဏ်ခတ် ထားတဲ့ Asia Sun ကုမ္ပဏီအုပ်စုထဲက ကုမ္ပဏီ ၁၁ ခုရဲ့ ပိုင်ရှင် ဦဇော်မင်းထွန်း တို့ကို ပိတ်ဆို့အရေးယူတဲ့စာရင်းမှာ ထည့်သွင်းလိုက်ကြောင်း အမေရိကန်အစိုးရက ဩဂုတ် ၂၃ ရက် မနေ့က ကြေညာခဲ့ပါတယ်။

ဒေါ်ခင်ဖြူဝင်းပိုင်ဆိုင်တဲ့ P.E.I Energy နဲ့ PEIA ကုမ္ပဏီတွေကိုလည်း အရေးယူဒဏ်ခတ်တဲ့ စာရင်းထဲမှာ ထည့်သွင်းလိုက်တာပါ။

ဒီဒဏ်ခတ်မှုဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ့အသက်တွေ ဆုံးရှုံးနေတာကို တစ်စုံတစ်ရာ တားဆီးနိုင်မှာဖြစ်တဲ့အတွက် ထောက်ခံကြိုဆိုတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။

"ဒီလေယာဉ်ဆီတွေဟာ စစ်တပ်က အရပ်သားပြည်သူလူထုကို သတ်ဖြတ်တာ၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေး အဆာက်အအုံတွေကို ဗုံးကြဲတိုက်ခိုက်တာ ဖျက်ဆီးတာ၊ လူနေ အိမ်တွေကို ဗုံးကြဲဖျက်ဆီးတာတွေ လုပ်တယ်။ နောက် အဲဒါတွေနဲ့ လူအသက်ပေါင်း များစွာ သေကြေခဲ့ရတယ်။ အဲဒါတွေ တားဆီးဖို့ ပိတ်ဆို့အရေးယူတာ ကျွန်တော်တို့က ကြိုဆိုတယ်"

"အဲဒါတွေနဲ့ လူအသက်ပေါင်းများစွာ သေကြေခဲ့ရတယ်။ အဲဒါတွေ တားဆီးဖို့ ပိတ်ဆို့အရေးယူတာ ကျွန်တော်တို့က ကြိုဆိုတယ်"

အမေရိကန်အစိုးရရဲ့ အခုလိုပိတ်ဆို့ဒဏ်ခတ်မှုကို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ Burma Campaign (UK) ကလည်း ထောက်ခံချီးကျူးကြောင်း ဩဂုတ် ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံခြားကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ လေယာဉ်ဆီ ထောက်ပံ့နေရင် ဒီလို ပိတ်ဆို့ဒဏ်ခတ်ခံရမယ်ဆိုတာကို အမေရိကန် အစိုးရက သတိပေးလိုက်တာလို့ Burma Campaign (UK) အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး မာ့ခ် ဖာမနာ က ပြောပါတယ်။

မြန်မာနိုင်ငံထံ လေယာဉ်ဆီ သယ်ယူနေမှုကို ကန့်သတ်ထိန်းချုပ်တာဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေအတွက် အမေရိကန်အစိုးရလုပ်နိုင်တဲ့ အကောင်းဆုံးအရာတွေထဲက တစ်ခုဖြစ်ပါတယ်လို့လည်း သူက ဆိုပါတယ်။

အမေရိကန်အစိုးရရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။

စစ်တပ်အရာရှိဟောင်းတွေ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ကတော့ ဒီလို ပိတ်ဆို့ဒဏ်ခတ်မှုတွေဟာ နိုင်ငံတစ်နိုင်ငံ ကို ပြောင်းလဲစေမှာ မဟုတ်ဘဲ ပြည်သူလူထုကိုသာ ထိခိုက်လိမ့်မယ်လို့ ပြောပါတယ်။

"အနောက်အုပ်စုက သူတို့ အမြဲတမ်း သုံးသပ်ချက်က ဒီလိုပိတ်ဆို့အရေးယူမှုတွေနဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ပုံစံပေါ့နော်၊ သူသွားနေတဲ့လမ်းကြောင်း အဲဒါကို သူတို့ ပြောင်းလဲနိုင်မယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ ကမ္ဘာ့ဖြစ်စဉ်အကုန်လုံးကို ပြန်ကြည့်လိုက်တဲ့အခါမှာ ပိတ်ဆို့အရေးယူမှုကြောင့် ပြောင်းလဲသွားတဲ့ နိုင်ငံဆိုတာ လုံးဝကို အမှီအခိုကင်းမဲ့ပြီး အထီးကျန် နီးနီးလောက်ဖြစ်တဲ့ နိုင်ငံမျိုးမှာပဲ ပြောင်းလဲ ကောင်း ပြောင်းလဲလို့ ရလိမ့်မယ်။ အဲဒီမှာပဲ အောင်မြင်မှု ရှိမယ်။ အဲဒီတော့ သေချာတာကတော့ ပိတ်ဆို့အရေးယူမှုသည် သူတို့ဖြစ်စေချင်သလိုမျိုး ဟိုလို ပြောင်းပါ၊ ဒီလို ပြောင်းပါ ဆိုတဲ့ပုံစံမျိုးတော့ ရောက်မှာမဟုတ်ဘူး။ အောက်ခြေလူတန်းစားမှာ တော့ အနည်းငယ် လာထိခိုက်မှု ရှိပါလိမ့်မယ် ဒီလောက်ပါပဲ"

စစ်ကောင်စီတပ်ဟာ အာဏာသိမ်း နှစ်နှစ်နဲ့ လေးလအတွင်း နှစ်ရက်ကို တစ်ကြိမ်နှုန်း နဲ့ လေကြောင်း တိုက်ခိုက်မှု (၁၄၂၇) ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့ ၂၀၂၃ ခုနှစ်၊ မေလ ၂၂ ရက် အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

အဲဒီအထဲမှာ စစ်အစိုးရအဆက်ဆက်ကို လက်နက်ကိုင် တော်လှန်နေတဲ့ ကရင်အမျိုးသား အစည်းအရုံး KNU ဌာနချုပ်ရှိရာ ကရင်ပြည်နယ်မှာ တိုက်ခိုက်ခံရမှု အများဆုံးနဲ့ စစ်ကိုင်းတိုင်းက ဒုတိယအများဆုံး ဖြစ်ပါတယ်။

အမေရိကန်အစိုးရရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုဟာ စစ်အာဏာရှင်ကို လက်နက်ကိုင် တော်လှန်နေတဲ့ အဖွဲ့အစည်းတွေအတွက်သာမက လေကြောင်းတိုက်ခိုက်မှုဒဏ်ကို အကြီးအကျယ် ခံစားနေရတဲ့ ပြည်သူတွေအတွက်လည်း ထိရောက်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကရင်ပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

"ဒီလိုအရေးယူမှုမျိုးကို ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ဝမ်းပန်းတသာ ကြိုဆိုတယ်။ ထောက်ခံမှုမျိုးလည်း ပြုလုပ်ကြတယ်။ အားတက်မှုမျိုး လည်း ဖြစ်ရတယ်ပေါ့နော်။ ဒီလိုမျိုး လေယာဉ်အသုံးပြု တိုက်ခိုက်တာတွေက ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေတင် မဟုတ်ဘဲနဲ့ ပြည်သူလူထုအပေါ်မှာ လည်း များစွာ ထိရောက်မှုရှိတယ်။ များစွာ ထိခိုက်သေကြေ ပျက်စီးကြတယ်"

အမေရိကန်အစိုးရရဲ့ ဩဂုတ် ၂၃ ရက်ကြေညာချက်မှာ အခုလိုပိတ်ဆို့အရေးယူမှုတွေ တိုးချဲ့လိုက်တာကြောင့် စစ်ကောင်စီကို ပိုမိုဖိအားပေးရာ ရောက်ပြီး၊ မြန်မာပြည်သူတွေ အတွက်လည်း ကူညီရာရောက်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ မက်သရူး မေလာက ပြောပါတယ်။

မြန်မာနိုင်ငံက စစ်အစိုးရအဆက်ဆက်ဟာ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေရဲ့ အရေးယူ ဒဏ်ခတ်မှုကို အတွေ့အကြုံရှိပြီးသားဖြစ်တာမို့ စင်္ကာပူလို အာဆီယံနိုင်ငံမျိုးနဲ့ ချိတ်ဆက်ဖိအားပေးရင် ပိုထိရောက်နိုင်တယ်လို့ သွေးစွန်းငွေ ဖြတ်တောက်ရေးအဖွဲ့ဝင် ကိုမိုက် က ပြောပါတယ်။

"ဒီစစ်အုပ်စုကလည်း ဒီလိုဆန်ရှင်တွေကို လွတ်အောင်ရှောင်နိုင်တဲ့ နည်းလမ်းတွေ သူတို့လည်း အတွေ့အကြုံရှိတယ်။ သူတို့ရဲ့ မိတ်ဖက် ရုရှားကလည်း ဒါမျိုးကို ရှောင်နေကြသူတွေ ဖြစ်တယ်။ အဲဒီတော့ ဒီလို လွတ်ထွက်မသွားအောင်တော့ အမေရိကန်အစိုးရအနေနဲ့ စင်ကာပူအစိုးရလိုမျိုးနဲ့ ကျကျနန ချိတ်ဆက်ပြီး လုပ်ရင်တော့ ဒါ ပြေးမလွတ်အောင်၊ ထိရောက်အောင် စစ်အုပ်စုကနေ လေယာဉ်ဆီ ဝယ်မရအောင်လုပ်နိုင်တဲ့ အခြေအနေမျိုးလို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်"

အမေရိကန်အစိုးရဟာ စစ်ကောင်စီအပေါ် ပိုထိရောက်တဲ့ စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုတွေကို တစ်ဆင့်ချင်း တိုးမြှင့်လုပ်ဆောင်လာတာ တွေ့ရတယ်လို့လည်း သူက ပြောပါတယ်။

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် ထီးသော်ကူးရွာမှ သနားခြင်းမယ်တော် ဘုရားကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည်ကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့က တွေ့ရစဉ်။ (Photo: KNDF)
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် ထီးသော်ကူးရွာမှ သနားခြင်းမယ်တော် ဘုရားကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည်ကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့က တွေ့ရစဉ်။ (Photo: KNDF)

စစ်ကောင်စီကို လေယာဉ်ဆီရောင်းချနေတဲ့ ကုမ္ပဏီကြီးတွေကအစ လေယာဉ်ဆီ သယ်ယူပေးနေတဲ့ ကုမ္ပဏီတွေနဲ့ အာမခံကုမ္ပဏီတွေအဆုံး ပိတ်ဆို့ဒဏ်ခတ်အရေးယူဖို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ( AI)၊ Global Witness နဲ့ Burma Campaign (UK) တို့က အခုနှစ် မတ်လ ၁ ရက်နေ့ကတည်းက အစီရင်ခံစာထုတ်ပြီး တိုက်တွန်းထားတာပါ။

အဲဒီနောက် ဇွန်လထဲမှာပဲ မြန်မာစစ်ကောင်စီရဲ့ ဘဏ္ဍာငွေတွေကို ဖြတ်တောက်ဖို့၊ ဒေါ်လာလက်ဝယ် မရှိဖို့နဲ့ လောင်စာဆီဝယ်ယူ မသုံးစွဲနိုင်အောင် စစ်ကောင်စီပိုင် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်း ရောင်းဝယ်ရေးဘဏ် (MICB) တို့ကို ပိတ်ဆို့ဒဏ်ခတ်ကြောင်း အမေရိကန်အစိုးရက ကြေညာခဲ့ပါတယ်။

ဒီပိတ်ဆို့မှုဟာ အမေရိကန် နိုင်ငံသား ဒါမှမဟုတ် အဖွဲ့အစည်းတွေကို စစ်ကောင်စီပိုင် MFTB၊ MICB ဘဏ်တွေနဲ့ စီးပွားရေးမလုပ်ဖို့ တားမြစ်ထားတာပါ။

တခြား နိုင်ငံခြား စီးပွားရေးလုပ်ငန်းတွေ၊ ငွေရေးကြေးရေးအဖွဲ့အစည်းတွေအနေနဲ့လည်း စစ်ကောင်စီရဲ့ အဲဒီဘဏ်နှစ်ခုနဲ့ အဲဒီဘဏ်တွေ ထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းတွေကနေ ဒေါ်လာဝယ်ယူတာ၊ ရောင်းချတာမျိုး မလုပ်နိုင်အောင် အမေရိကန်အစိုးရက ပိတ်ပင် ထားတာ ဖြစ်ပါတယ်။

အမေရိကန်အစိုးရဟာ အခုနှစ် မတ်လ ၂၄ ရက်နေ့ကလည်း စစ်ကောင်စီအတွက် လေယာဉ်ဆီနဲ့ စက်ပစ္စည်းတွေရဖို့ အဓိက ထောက်ပံ့ပေးနေတဲ့ Asia Sun ကုမ္ပဏီအုပ်စု၊ Asia Sun ထရိတ်ဒင်းကုမ္ပဏီ၊ တစ်နိုင်ငံလုံးမှာရှိတဲ့ စစ်ကောင်စီတပ်တွေထံကို လေယာဉ်ဆီရောက်အောင် ကုန်တင်ကားတွေနဲ့ သယ်ပေးနေတဲ့ Cargo Link Petroleum Logistics ကုမ္ပဏီတို့ကို ဒဏ်ခတ်ပိတ်ဆို့ကြောင်း ကြေညာခဲ့ပါတယ်။

အဲဒီနေ့တစ်ရက်တည်းမှာပဲ မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားလုပ်ပေးနေတဲ့ ဦးထွန်းမင်းလတ် အပါအဝင် လူပုဂ္ဂိုလ်နှစ်ဦးနဲ့ ကုမ္ပဏီ ခြောက်ခုကိုလည်း အရေးယူဒဏ်ခတ်ပိတ်ဆို့တဲ့စာရင်းမှာ ထည့်သွင်းကြေညာခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။