NUG ကာကွယ်ရေးဝန်ကြီးဌာန PDF နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် BPLA တို့ ပူးပေါင်း
2022.10.28
NUG ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်၊ အတွင်းဝန် ဦးနိုင်ထူးအောင်နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် BPLA ကွပ်ကဲရေးမှူး မောင်ဆောင်းခ၊ စခန်းမှူး ရိုးအံ့မင်းတို့ အောက်တိုဘာ ၂၆ ရက်နေ့က တွေ့ဆုံပြီး ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့တာဖြစ်ပါတယ်။
ပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က အနာဂတ် ဖက်ဒရယ် နိုင်ငံတည်ထောင်ရေးမှာ ပိုမိုအားကောင်းအောင် အခုလိုပူးပေါင်းဆွေးနွေးကြတာ ဖြစ်တယ်လို့ ပြောပါတယ်။
“ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးမှာ ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိသလို စစ်ရေး အရလည်း ပေါ့နော် Change of Command တစ်ခုတည်းအောက်ကနေပြီးတော့ ပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့ ကိစ္စ ရပ်တွေကို သဘောတူညီချက်ရရှိခဲ့တာ ဖြစ်ပါတယ်။ စုစုစည်းစည်း ဆောင်ရွက်နိုင်ခြင်းအားဖြင့်ပေါ့နော် စစ်ရေးအရ အရွေ့လည်း တိုးတက်လာမှာ ဖြစ်သလို နိုင်ငံရေးအရွေ့မှာလည်း ပေါ်ပေါက်ပြီးတော့ အားကောင်းလာဖို့ ရှိပါတယ် ခင်ဗျ။”
NUG ရဲ့ အမိန့်ပေးကွပ်ကဲမှုတစ်ခုထဲအောက်ကနေ တိုက်ပွဲအတူဝင်နိုင်ဖို့အတွက် အခြားဒေသတွင်း တော်လှန် ရေးအဖွဲ့တွေ အကုန်လုံးနဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ ရှိတယ်လို့ ပြောပါတယ်။
ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် BPLA ကွပ်ကဲရေးမှူး မောင်ဆောင်းခက အခုလိုတွေ့ဆုံတာဟာ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပန်းတိုင်ဆီကို အတူတကွတက်လှမ်းသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
“အမှန်တကယ်ကတော့ ကျွန်တော်တို့ BPLA အနေနဲ့ကတော့ ဒီဘက်အခြမ်းတွေမှာဆိုရင် PDF တပ်ဖွဲ့ဝင်တစ်ချို့နဲ့ ပူးတွဲပြီးတော့ တိုက်ပွဲဝင်ခဲ့တာတွေ အများကြီး ရှိပါတယ်။ ဒါကတော့ အခုမှ တရားဝင်တွေ့ဆုံပြီး ရှေ့ဆက်ပြီးတော့ ဒီထက်ပိုပြီးတော့ ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုးနဲ့ လုပ်ကြဖို့ စဉ်းစားကြတာ ဖြစ်ပါတယ်။ ဒီလိုညီညွတ်မှုကနေပဲ ကျွန်တော်တို့သွားချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပန်းတိုင်ဆီကို အတူတကွ တက်လှမ်းနိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ် ခင်ဗျ။”
NUG နဲ့ BPLA ဟာ နိုင်ငံရေးအရ ကွဲလွဲမှုတွေရှိပေမယ့် တူတာတွေကို ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်ပြီး စစ်ကောင်စီ မပြုတ်ကျမချင်း BPLA အနေနဲ့ တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
ပြည်သူကာကွယ်ရေးတပ်ဖွဲ့တစ်ခုမှာ ထောက်ပို့အဖြစ်လုပ်ကိုင်နေတဲ့ PDF တပ်ဖွဲ့ဝင် ဆယ်လမွန်ကတော့ အခုလို ပူးပေါင်းလိုက်တဲ့အတွက် တော်လှန်ရေးပြီးမြောက်ဖို့ ပိုနီးစပ်လာနိုင်တယ်လို့ ပြောပါတယ်။
“တွေ့ဆုံသင့်တယ်ပေါ့နော် ကျွန်တော်တို့ PDF တွေအနေနဲ့ ကျွန်တော်တို့လည်း တွေးခဲ့တာပေါ့နော် BPLA အနေနဲ့ NUG နဲ့ချိတ်ဆက်သွားမယ်ဆိုလို့ ရှိရင် ပိုကောင်းလောက်မယ် စည်းလုံးမယ်ဆိုရင် ကျွန်တော်တို့ ပိုပြီးတော့ စစ်တပ်ကို အမြစ်ဖြတ်တိုက်ထုတ်နိုင်မယ်ပေါ့နော် အဖွဲ့အစည်းတွေ အများကြီးထဲမှာမှ BPLA က အားကောင်းလာတဲ့အလျောက် စစ်ရေးလှုပ်ရှားမှုမှာလည်း NUG နဲ့ ချိတ်ဆက်ပြီးတော့ ဆက်သွားမယ်ဆိုလို့ ရှိရင်ကတော့ ကျွန်တော်တို့ တော်လှန်ရေး မြန်မြန်ပြီးဖို့အတွက် ပိုပြီးနီးကပ်လာတယ်လို့ ခံယူရတယ်ပေါ့နော်။”
စစ်ရေးအပြင် နိုင်ငံရေးအရအပြန်အလှန်လေးစားမှု၊ အသိအမှတ်ပြုမှုတွေနဲ့ အတူတကွ လက်တွဲဆောင်ရွက် သွားကြဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA ဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီး ၂ဝ၂၁ ခုနှစ် ဧပြီလ ၁၇ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။