စစ်အာဏာသိမ်းပြီးနောက် ဒုစရိုက်မှုတွေ ပိုများလာ
စစ်အာဏာသိမ်းပြီး ၁၁ လအကြာမှာ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းက မြို့ပြနဲ့ ကျေးလက်မှာပါ ဒုစရိုက်မှုတွေ ပိုများလာတာကြောင့် စားဝတ်နေရေးခက်ခဲမှုနဲ့ မလုံခြုံမှုကို ခံစားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
- 2022-01-12
-
-
-
စစ်အာဏာသိမ်းပြီး ၁၁ လအကြာမှာ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းက မြို့ပြနဲ့ ကျေးလက်မှာပါ ဒုစရိုက်မှုတွေ ပိုများလာတာကြောင့် စားဝတ်နေရေးခက်ခဲမှုနဲ့ မလုံခြုံမှုကို ခံစားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သက်ဆိုင်ရာ ရဲစခန်းတွေကလည်း နိုင်ငံရေး နောက်ဆက်တွဲ ပြဿနာတွေနဲ့ လက်နက်ကိုင် ခုခံမှုတွေကိုပဲ အာရုံစိုက် နှိမ်နင်းနေတာကြောင့် ဒုစရိုက်မှုတွေကို တာဝန်ယူ ဖြေရှင်းတာမျိုး မလုပ်နိုင်တော့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး ၁၁ လအကြာ အခုလိုအချိန်မှာ ရန်ကုန်နဲ့ မန္တလေး အပါအဝင် မြို့ကြီးတချို့မှာ နေ့ခင်းကြောင်တောင် ဆိုင်ကယ်လုတာ၊ ဆွဲကြိုးဖြတ်တာ၊ ဖုန်းလုပြေးတာ အပါအဝင် ဒုစရိုက်မှုမျိုးစုံနဲ့ ရင်ဆိုင်နေရတာကြောင့် နေ့စဉ်စားဝတ်နေရေး အတွက် ရုန်းကန်နေရတဲ့ ပြည်သူတွေဟာ အေးချမ်းလုံခြုံမှု မရှိတော့ဘူးလို့ ပြောပါတယ်။
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာနေထိုင်ပြီး စက်ဘီးနဲ့ ပစ္စည်းပို့ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသူ ကိုကျော်ကျော်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ပစ္စည်းပို့ရင်း လမ်းခုလတ်မှာ ဖုန်းနဲ့ပိုက်ဆံအိတ် အလုခံလိုက်ရပါတယ်။
"တောင်ဥက္ကလာကနေ ရထားသံလမ်းဘေးကနေ မြောက်ဥက္ကလာကို သွားတဲ့အခါမှာ လေဆိပ်လမ်း ရောက်တော့ နောက်ကနေ ဆိုင်ကယ်နဲ့ လိုက်လာတယ်။ နောက်ကနေ လုလိုက်တာ။ ကျနော်က ရုတ်တရက် စတယ်ထင်တာပေါ့။ အသိတစ်ယောက်ယောက်က၊ ပြီးတော့မှ မဟုတ်ဘူး။ လုတဲ့အဖွဲ့ ပေါ့နော်။ ပြန်လိုက်ဖို့က သူတို့က ဆိုင်ကယ်နဲ့ ကျနော်က စက်ဘီးနဲ့ဆိုတော့ အဆင်မပြေဘူး။ နီးစပ်ရာကို အော်ပြီးတော့ အကူအညီတောင်းတာပဲ။ ဒါပေမဲ့ ရုတ်တရက်ကျတော့ မကူညီနိုင်တဲ့ သဘောမျိုး ဖြစ်သွားတယ်။ ပိုက်ဆံက နှစ်သိန်းကျော်တယ်။ ဘဏ်ကတ်တွေလည်း ပါသွားတယ်။ ယာဉ်မောင်းလိုင်စင် တွေရော ပါသွားတာ။ ကျနော့် ပိုက်ဆံကတော့ တစ်သိန်းဝန်းကျင်လောက် ပါတယ်။ ကျန်တာတွေက Customer ပိုက်ဆံတွေပေါ့နော်။ ကျနော့်အိမ်က ဆုဘူးလေး ခွဲပြီးတော့ပဲ ပေးလိုက်ရတယ်"
နိုဝင်ဘာလထဲမှာပဲ ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် ခြောက်ကွေ့မီးပွိုင့်အနီး စက်ဘီးစီးလာတဲ့ မောင်နှမ နှစ်ယောက်လက်ထဲက ပိုက်ဆံအိတ်ကို ဆိုင်ကယ်စီး လူသုံးယောက်က လုယူခဲ့ပါတယ်။
ပိုက်ဆံအိတ်လုပြေးသွားတာကို သိပေမယ့် အန္တရာယ်ပြု၊ ရန်ရှာမှာကို ကြောက်လို့ လုသွားသူနောက် မလိုက်ရဲခဲ့ဘူးလို့ မိသားစုဝင်တစ်ဦးဖြစ်တဲ့ မအိက RFA ကို ပြောပါတယ်။
"စက်ဘီးနဲ့သွားနေရင်းနဲ့ ခြင်းထဲမှာ ထည့်ထားတဲ့ ပိုက်ဆံအိတ်ကို ဆွဲလုသွားတာ။ ပြန်လုတော့ မှီလိုက်တယ်။ ဒါပေမဲ့ ဆိုင်ကယ်နဲ့ဆိုတော့ ကြိုးပျက်ပြီး ပါသွားတာ။ ဖုန်းနှစ်လုံးနဲ့ ပိုက်ဆံ ငါးသောင်း တော့ ပါသွားတာ။ တော်တော်လုတာဆိုတော့လေ။ တချို့ဆိုရင် လိုက်လာရင် ဓားနဲ့ထိုးမယ်ဆိုပြီး ဓားပြလို့ မလိုက်ရဲကြဘူး။ အန္တရာယ်ပြုမှာ စိုးလို့ပေါ့နော်။ ဖုန်းထဲမှာ ဒေတာတွေပါသွားတော့ အဒေါ်ဆိုရင် သူ ဆေးခန်း ပြမယ့်ဟာတွေပါ ပါသွားတာကိုး"
ဒီကိစ္စ ရဲစခန်းကို တိုင်ကြားရင်လည်း ပစ္စည်းပြန်ရဖို့ မသေချာတာကြောင့် မတိုင်ဖြစ်ခဲ့ကြဘူးလို့ ဆိုပါတယ်။
ရဲစခန်းကိုတိုင်ကြားဖို့ သွားတဲ့အခါမှာလည်း အခုလိုအချိန်မျိုးမှာ ရဲစခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ တွေ များနေတဲ့အတွက် ရဲတွေကိုယ်တိုင်က သူတို့လုံခြုံရေးအတွက်ကိုသာ ဦးစားပေးပြီး အမှုတိုင်ကြားသူတွေ ကို ဝင်ခွင့်တောင် မပေးဘူးလို့ လူ့အခွင့်အရေးရှေ့နေ့ ဦးဖိုးဖြူက ပြောပါတယ်။
"အခုဆိုရင် ရဲစခန်းတွေကို အားကိုးပြီး အမှုတွေ သွားဖွင့်မယ်ဆိုရင် အမှုဖွင့်လို့မရတဲ့ အနေထားကို ရောက်နေပြီခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ရဲစခန်း ကိုယ်တိုင်ကိုယ်က သူတို့လုံခြုံရေးအတွက် သူတို့ ဘာသာ လုံခြုံအောင် နေနေရတဲ့ အနေထားမျိုး။ ဂိတ်ပေါက်မှာ အစောင့်တွေနဲ့ စောင့်နေမယ်။ ဂိတ်ပေါက် မှာ သေနတ်တွေနဲ့ ချိန်တွယ်ပြီး စောင့်နေမယ်။ ပြီးရင် ဘယ်ပြည်သူပြည်သား တစ်ဦးတစ်ယောက်ကိုမှ ရုံးထဲကို အဝင်မခံဘူးဆိုတာမျိုးတွေပေါ့ဗျာ။ အမှုဖွင့်ရင်လည်း ကြားနာတာတွေ၊ စစ်ဆေးပေးတာတွေ မလုပ်တော့ဘူး။ အမှုအခင်းတွေ ဖြစ်လာပြီ၊ ရာဇဝတ်မှုတွေ ကျူးလွန်ခံရပြီဆိုရင် တိုင်မရတဲ့ အနေအထား မျိုးတွေ ဖြစ်နေပြီခင်ဗျ"
ပစ္စည်းခိုးခံရတာ၊ ကိုယ်ထိလက်ရောက် ထိုးနှက်ခံရတာ၊ လုယက်ခံရတာတွေဟာ ရဲအရေးပိုင်တဲ့ အမှုတွေ ဖြစ်ပြီး ရဲစခန်းက တာဝန်ယူဆောင်ရွက်ပေးရမှာဖြစ်တယ်လို့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။
အာဏာသိမ်းနောက်ဆက်တွဲ နိုင်ငံရေးပြဿနာတွေ ရှုပ်ထွေးနေတဲ့ အခုလိုအချိန်မျိုးမှာ ရဲစခန်းတွေက သူတို့နေ့စဥ်လုပ်ရမယ့် အဓိက တာဝန်တွေကို မလုပ်နိုင်တော့တာကြောင့် ပိုပြီး မလုံခြုံသလို ခံစားရတယ်လို့ ဒုစရိုက်မှုတွေကို ကိုယ်တိုင်ကြုံခဲ့ရသူတွေက ပြောကြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ ရဲအရေးမပိုင်တဲ့အမှုတွေကို အုပ်ချုပ်ရေးရုံးတွေမှာ သွားရောက်တိုင်ကြားနိုင်ပြီး ရဲအရေးပိုင်တဲ့ အမှုတွေ ကိုတော့ အမှုဖွင့်ပေးနေတယ်လို့ ပြန်လည်ဖြေကြားပါတယ်။
ဒါပေမဲ့ ရန်ကုန်မြို့က တချို့ရဲစခန်းတွေမှာတော့ လုံခြုံရေး တင်းကျပ်ထားတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဝန်ခံပြောဆိုပါတယ်။
"အားလုံးကိုတော့ ရဲစခန်းမှာ အမှုဖွင့်ရတာ မဟုတ်ပါဘူး။ ရဲအရေးပိုင်တဲ့အမှုတွေကိုပဲ ရဲစခန်းမှာ အမှုဖွင့်ရတာ ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးအတွက် အမှုဖွင့်တာတွေကို လက်ခံဆောင်ရွက်တာ ရှိပါတယ်။ တချို့နေရာတွေမှာတော့ ရဲစခန်းတွေအနေနဲ့ လုံခြုံရေးအရ တင်းတင်းကျပ်ကျပ် ဆောင်ရွက် ထားရတာတွေ ရှိပါတယ်။ တစ်နိုင်ငံလုံးမှ မဟုတ်ပါဘူး။ ဖြစ်ပွားတဲ့နေရာတွေမှာ ရှိပါတယ်။ ရန်ကုန်မြို့မှာ ဆိုရင် ရဲစခန်းတွေနဲ့ ပတ်သက်လာပြီဆိုရင် အစွန်အဖျားပေါ့၊ ဒလရဲစခန်းလိုဟာမျိုးဆိုရင် လာရောက် ပစ်ခတ်တာမျိုးတွေ ရှိတယ်။ ဒါမျိုး ရဲစခန်းတွေကတော့ လုံခြုံရေးအရ တင်းကျပ်ဆောင်ရွက်မှုရှိပါတယ်"
ခိုးယူမှုတွေ မကြာခဏ ရင်ဆိုင်နေရတဲ့ ရန်ကုန်မြို့ဟာ ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး မြို့အဖြစ် ကမ္ဘာကျော် The Economist မဂ္ဂဇင်းက စုဆောင်းကောက်ယူတင်ပြတဲ့ Safe City Index က မကြာသေးခင်ကပဲ သတ်မှတ်လိုက်ပါတယ်။
ရန်ကုန်လို မြို့ကြီးသာမက ပဲခူးတိုင်း၊ ပြွန်တန်ဆာမြို့လေးမှာလည်း ပြီးခဲ့တဲ့ လကုန်ပိုင်းတုန်းက မြို့လယ်က ဖုန်းအရောင်းဆိုင်တစ်ခု နေ့ခင်းကြောင်တောင် ဓားပြတိုက်ခံရပြီး ရောင်းရငွေ အားလုံးနီးပါး ပါသွားတယ်လို့ ဆိုင်ရှင်မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။
စစ်အာဏာသိမ်း နောက်ဆက်တွဲပြဿနာတွေကြောင့် မလုံခြုံတော့တဲ့ အခုလို အခြေအနေမျိုးမှာ ရဲစခန်းကို တိုင်ကြားရင် အမှုဖွင့်၊ မဖွင့် မသေချာပေမယ့် လုယက်သူက ထပ်မံရန်ရှာမှာကို စိုးရိမ်တဲ့အတွက် ကာယကံရှင် မိသားစုက ငွေဘယ်လောက် ပါသွားတယ်ဆိုတာ ဘယ်သူ့ကိုမှ အသိမပေးသလို ရဲစခန်းကို သွားရောက် တိုင်ကြားတာမျိုးလည်း မလုပ်ဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။
၂၀၂၀ ဒီဇင်ဘာလထဲမှာပဲ မန္တလေးမြို့ ဆေးတက္ကသိုလ်နားက ဆရာဝန်တစ်ယောက်ရဲ့ နေအိမ်လည်း နေ့ခင်းကြောင်တောင် အနုကြမ်းစီးခံရပြီး အိမ်ရှင်မိသားစုကို ဓားထိုးလုယက်တဲ့အထိ ဖြစ်ခဲ့ပါတယ်။
CDM လှုပ်ရှားမှုကြောင့် မီးရထားစက်ခေါင်းမောင်းတဲ့ မူလအလုပ်ကိုစွန့်ပြီး မုန့်ဖတ်ရောင်းနေတဲ့ မန္တလေးမြို့ က ဦးဝင်းကိုဦး ကတော့ စက်တင်ဘာ ၉ ရက်နေ့က အလုပ်လုပ်နေရင်း အမည်မသိ လူတစ်စုရဲ့ ဝိုင်းဝန်း ရိုက်နှက်ပြီး ဆိုင်ကယ်နဲ့ ဖုန်းလုယူတာကို ခံရတဲ့အတွက် သေဆုံးသွားခဲ့ပါတယ်။ မန္တလေးမြို့မှာပဲ ပြီးခဲ့တဲ့ မေလတုန်း ကလည်း အောင်ချမ်းသာ ရွှေဆိုင်ပိုင်ရှင်မိသားစု နေအိမ်မှာ ဓားပြတိုက်ပစ္စည်းလုခံခဲ့ရပါတယ်။
"စားဝတ်နေရေးအတွက် ရုန်းကန်ကြရတယ်။ ရုန်းကန်ရတဲ့အနေထားမှာကိုက လုံခြုံမှု မရှိဘူး။ အာမခံချက် မရှိဘူး။ ဘယ်သူ ဖြေရှင်းပေးမလဲ"
အခုဆို မန္တလေးမှာ အပြင်ထွက်သွားလာရင် မလုံခြုံတော့ဘဲ ဘယ်ကပေါ်လာမယ်ဆိုတာ မသိရတဲ့ အန္တရာယ်မျိုးကို စိုးရိမ်နေရတယ်လို့ မန္တလေးမြို့ခံတစ်ယောက်က ပြောပါတယ်။
"စားဝတ်နေရေးအတွက် ရုန်းကန်ကြရတယ်။ ရုန်းကန်ရတဲ့အနေထားမှာကိုက လုံခြုံမှု မရှိဘူး။ အာမခံချက် မရှိဘူး။ ဘယ်သူ ဖြေရှင်းပေးမလဲ။ ဘယ်သူ့မှ တိုင်လို့ တောလို့ မရဘူး။ နေ့လယ်၊ နေ့ခင်းကြောင်တောင် တောင်မှ ဆိုင်ကယ်နောက်ကြည့်မှန်ကို ကြည့်နေရတယ်။ ရှေ့လည်း တစ်ပြ နှစ်ပြလောက် ကြိုကြည့်ရတယ်။ လူရှင်းပြီဆိုရင် ဘယ်ကများ အန္တရာယ် ရုတ်တရက် ရောက်လာမလဲ ဆိုတဲ့ ကျနော်တို့ နောက်ကျောမလုံဘူး။ ကျနော်တို့ စိတ်ကို ဖိအားပေးနေတယ်။ ဘာမှမဆိုင်ဘဲနဲ့ ဒီဝန်ထုပ်ဝန်ပိုးကို ထမ်းနေရတယ်။ ခံစားနေရတယ်"
အခုတင်ပြခဲ့တဲ့ ရာဇဝတ်မှုတွေဟာ အင်တာနက် လူမှုကွန်ရက်ပေါ်က ရင်ဖွင့်ပြောကြားချက်တွေနဲ့ RFA က လက်လှမ်းမီသလောက် ဆက်သွယ်မေးမြန်းခဲ့တဲ့ ကိုယ်တွေ့ကြုံသူတွေရဲ့ ပြောပြချက်တွေဖြစ်ပြီး တစ်နိင်ငံလုံး အတိုင်းအတာနဲ့ ဘယ်လောက်များနေသလဲဆိုတာကိုတော့ အတိအကျ စာရင်းကောက်ယူနိုင်ခြင်း မရှိသေး ပါဘူး။