စစ်မှုထမ်းဥပဒေ စတင်ပြီးနောက် အုပ်ချုပ်ရေးအဖွဲ့ဝင် ခြောက်ဆယ်နီးပါး အသတ်ခံရ
2024.04.26

စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး၊ ရန်ကုန်၊ မွန် နဲ့ ရခိုင် စတဲ့ တိုင်းနဲ့ပြည်နယ် ခုနစ်ခုက ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ၊ ရုံးစာရေးတွေနဲ့ ရာအိမ်မှူးတွေ စုစုပေါင်း ၅၈ ယောက် သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဒီစာရင်းတွေဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကနေ ဧပြီလ ၂၃ ရက်နေ့အထိ RFA က လက်လှမ်းမီသလောက် ကောက်ယူထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။
စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေအနေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်တာမှာ မပါဝင်ဖို့နဲ့ ပူးပေါင်းပါဝင်ရင် အရေးယူမယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တွေက ဖေဖော်ဝါရီလအတွင်း စတင်သတိပေးပြီးနောက် အခုလိုသတ်ဖြတ်မှုတွေ ဆက်တိုက်ဖြစ်လာတာပါ။
“ပြည်သူတွေကို ဖိအားပေးတဲ့ စစ်ကောင်စီတပ် ထောက်တိုင်တွေကို ရှင်းလင်းသွားမှာပဲ”
ရန်ကုန်မြေအောက် လှုပ်ရှားမှုအဖွဲ့ (Yangon UG Association) (YUA) ရဲ့ တာဝန်ခံ ဆရာကျောင်းက စစ်မှုထမ်းဖို့ ဖိအားပေး စာရင်းကောက်နေသူတွေကို ထိုက်သင့်တဲ့ပြစ်ဒဏ်တွေ ပေးသွားမယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့က စာထုတ်ပြီးရင် ကြိမ်းသေ Action ယူမှာပါ။ အဲဒီအပေါ် ထပ်လောင်းပြောချင်တာကတော့ ဓမ္မနဲ့ အဓမ္မကို အခုထိ ခွဲခွဲခြားခြားမသိသေးသူတွေကတော့ ကိုယ်စိုက်ပျိုးတာကို အတိအကျ သူတို့ ရိတ်သိမ်းရမယ်ပေါ့နော်။ အခုချိန်အထိ ပြည်သူလူထုဘက်မှာ မပါဘူး။ လူ့အခွင့်အရေးကို ချိုးဖောက်နေတယ်။ သိသိကြီးနဲ့ ဒီအပေါ်မှာ အားပေးအားမြှောက် လုပ်နေတဲ့သူတွေရော သွယ်ဝိုက်ပြီး လုပ်ပေးနေသူတွေကိုရော ထိထိရောက်ရောက် အရေးယူသွားမှာပါ”
ရပ်ကွက်၊ ကျေးရွာ အာဏာပိုင်တွေအနေနဲ့ ပြည်သူလူထုနဲ့ အမြန်ဆုံးပူးပေါင်းကြဖို့လည်း သူက တိုက်တွန်းပါတယ်။
နိုင်ငံတစ်ဝန်း လက်နက်ကိုင် တိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စတင် အသက်သွင်းခဲ့ပြီးနောက် ဗဟို၊ တိုင်းနဲ့ပြည်နယ်၊ မြို့နယ် စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့တွေကို ဆက်တိုက်ဖွဲ့စည်းခဲ့ပါတယ်။
အဲဒီနောက် ဖေဖော်ဝါရီလ ၂၀ ရက်ကစလို့ စစ်သား စုဆောင်းတဲ့ကိစ္စတွေကို နိုင်ငံတစ်ဝန်းမှာ လက်တွေ့လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ် ရှင်းသပြေပင်ကျေးရွာက အုပ်ချုပ်ရေးမှူး ဦးနန်းဝင်း အသတ်ခံခဲ့ရပါတယ်။ သူဟာ ဒေသခံတွေကို စစ်မှုထမ်းဖို့ အဓမ္မဖိအားပေးနေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နဲ့ ၂၄ ရက်နေ့တွေမှာလည်း စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်က အထွေထွေ အုပ်ချုပ်ရေးဌာန အငယ်တန်းစာရေး ဒေါ်မြမြငြိမ်းနဲ့ ရွှေဘိုမြို့ အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနန်းနွယ်ဦးတို့ ပစ်သတ်ခံခဲ့ရပါတယ်။ သူတို့နှစ်ဦးဟာ စစ်မှုထမ်းဖို့ လက်ကမ်းစာစောင် ဖြန့်ဝေတာနဲ့ စစ်မှုထမ်းစုဆောင်းတဲ့ လုပ်ငန်းစဥ်မှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့ကြသူတွေလို့ ဒေသခံတွေက ပြောပါတယ်။
ပြည်သူတွေကို ဖိအားပေးတဲ့ စစ်ကောင်စီတပ် ထောက်တိုင်တွေကို ရှင်းလင်းသွားမှာပဲလို့ ရွှေဘိုပြည်သူ့ကာကွယ်ရေးတပ်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ရတဲ့နေရာကနေ ရောက်သလို သူတို့ကိုတွေ့အောင် ရှာကြမှာပဲ။ ကျွန်တော်တို့က ရောက်အောင်လည်း မြို့ပေါ်တက်တယ်။ ရောက်အောင်လည်း သွားတယ်။ ဖမ်းမိရင်တော့ သုံ့ပန်းအဖြစ်နဲ့ ထားမှာမဟုတ်ဘူး။ ပြည်သူကို ဒုက္ခရောက်အောင် လုပ်နေတယ်။ အများပြည်သူ မလုပ်ချင်ဘူး၊ မနှစ်မြို့ဘူးဆိုတဲ့ဟာတွေကိုလည်း ရှေ့ဆက်ပြီးတော့ လုပ်ကြတယ်။ အဲဒါကြောင့် ဘယ်လိုပဲနေနေ သုတ်သင်ရှင်းလင်းသွားမှာပါ”
ရန်ကုန်တိုင်းအတွင်းမှာတော့ အင်းစိန်မြို့နယ် ပေါက်တောဝရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဌေးမြင့် ဧပြီလ ၉ ရက်နေ့က သေနတ်နဲ့ပစ်ခတ်ခံရပြီး နေရာမှာတင် သေဆုံးခဲ့ပါတယ်။
ဦးဌေးမြင့်ဟာ ဧည့်စာရင်း အကြောင်းပြပြီး လူငယ်တချို့ကို ဖမ်းဆီးရာမှာ ပါဝင်ခဲ့သလို စစ်မှုထမ်းစာရင်းအတွက် အိမ်တိုင်ရာရောက် လူဦးရေစာရင်း ကောက်ယူရာမှာလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
အခု နောက်ဆုံးရထားတဲ့ အချက်အလက်အရ ကွမ်းခြံကုန်းမြို့နယ် ကသစ်ကုန်းကျေးရွာ ရာအိမ်မှူး ဦးသိန်းဝင်းနဲ့ မြေးဖြစ်သူ အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦး ဧပြီလ ၂၄ ရက်နေ့က ပစ်သတ်ခံခဲ့ရပါတယ်။
ဒီပစ်ခတ်မှုမှာ အဖိုးဖြစ်သူ ရာအိမ်မှူးနဲ့အတူ အသက်မပြည့်သေးတဲ့ မြေးဖြစ်သူပါ အသတ်ခံခဲ့ရတယ်လို့ အဲဒီကျေးရွာအနီး နေထိုင်သူလည်းဖြစ်၊ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌလည်းဖြစ်တဲ့ မစုစုနွေးက ပြောပါတယ်။
“၂၄ ရက်နေ့ညက ရာအိမ်မှူး ဦးသိန်းဝင်းရယ်၊ သူ့မြေးလေးရယ်၊ သူ့သားရယ်ပေါ့၊ အပစ်ခံရတယ်။ သူ့မိန်းမပြောတာက ဦးသိန်းဝင်းက ရာအိမ်မှူး၊ သူ့ညီက ဥက္ကဋ္ဌ၊ အဲဒီတော့ မြို့နယ်က စစ်မှုထမ်းဖို့ကိစ္စတွေကို မြို့နယ်ညွှန်ကြားချက်နဲ့ သူတို့ကို လူဦးရေစာရင်း ကောက်ခိုင်းတယ်။ ဥက္ကဋ္ဌက ရာအိမ်မှူးကို ကောက်ခိုင်းတယ်။ လူဦးရေစာရင်းကို မြို့နယ်ကို ပေးရတယ်။ ပေးပြီးနောက်နေ့မှာပဲ အပစ်ခံရတယ်။ စာရင်းပေးလို့ ပစ်တယ်ဆို သူ့တစ်ယောက်ကိုပဲ ပစ်ပေါ့။ ဘာမှမဆိုင်တဲ့ အသက် ၁၄ နှစ်ကလေးကို ပစ်ရတာလည်းပေါ့။ ကလေးကို ပစ်စရာမလိုဘူးဆိုပြီး ကျွန်မကို ငိုပြီးပြောတယ်”
စစ်ကောင်စီ ခန့်ထားတဲ့ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ရပ်/ကျေးရုံးဝန်ထမ်းတွေ သတ်ဖြတ်ခံနေရတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ဒါကြောင့် စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂ မဟာဗျူဟာ လေ့လာရေးအဖွဲ့က အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ ဒီလိုသတ်ဖြတ်မှုတွေဟာ နိုင်ငံတော် ကာကွယ်ရေးလမ်းစဥ်တွေကို ဖျက်ဆီးနေတာလို့ ဝေဖန်ပါတယ်။
“နိုင်ငံတော် ကာကွယ်ရေးအတွက် ထုတ်ထားတဲ့မူတစ်ခု အဲဒါနဲ့ပတ်သက်ပြီးတော့ လုပ်ဆောင်ရမယ်လို့ ပြောထားတယ်။ အဲဒါကိုပြောရရင်တော့ နိုင်ငံတော်ရဲ့ ကာကွယ်ရေးအတွက် အနှောင့်အယှက်ပေးတာ ဖြစ်နေတယ်။ ဒီလမ်းကြောင်းပဲသွားမှာ အဲဒီတော့ သေချာတာကတော့ နောက်ဆုံး ဘာဖြစ်သွားမလဲဆိုရင် တချို့ကိုတချို့ သူတို့လုပ်နေတဲ့ဟာ တော်လှန်ရေးလမ်းကြောင်းလို့ ထင်ထားတယ်။ ဒါပေမဲ့ အဲဒီကောင်က အကြမ်းဖက်လမ်းစဥ်ကို ပိုပြီးတော့ သက်ရောက်သွားတာပဲ။ ရလဒ်ကတော့ ဘာအကျိုးအမြတ်မှ ထွက်မှာမဟုတ်ဘူး။ ပျက်စီးမယ့် လမ်းစကိုပဲ ရောက်သွားတာပဲ”
နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ အင်အားနည်းနေတဲ့ စစ်ကောင်စီက သူ့စစ်တပ်အတွက် အဓမ္မ လူသစ် စုဆောင်းနေတာကြောင့် မြန်မာနိုင်ငံမှာ အပြန်အလှန် သတ်ဖြတ်မှုတွေ ပိုများလာနိုင်တယ်လို့ သုံးသပ်ပါတယ်။
“စစ်ကောင်စီက ဆုံးရှုံးနေတဲ့ သူ့စစ်အင်အားတွေ ပြန်ဖြည့်တင်းပြီးတော့ သူ့အာဏာတည်မြဲရေးအတွက် ဆက်ကြိုးစားနေမှာ ဖြစ်တဲ့အတွက် ပြည်တွင်းစစ်ရဲ့ အတိုင်းအတာဟာ အရင်ကထက် ဆိုးရွားပြင်းထန်လာလိမ့် မယ်လို့ မျှော်လင့်ရတယ်။ ဒီအခြေအနေအောက်မှာ သတ်ဖြတ်မှုတွေကလည်း ထပ်တိုးပွားလာစရာရှိတယ်လို့ မျှော်လင့်လို့ရပါတယ်”
လက်ရှိနိုင်ငံရဲ့ အခြေအနေအရ ပြည်သူအားလုံးပါတဲ့ အမျိုးသား စစ်မှုထမ်းစနစ် မဖြစ်မနေကျင့်သုံးဖို့ ဆောင်ရွက်ရတာလို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက သူတို့ထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာ ထုတ်ပြောထားပါတယ်။
ဒီလိုသတ်ဖြတ်မှုတွေ ဖြစ်လာပြီးနောက်ပိုင်း ရန်ကုန်တိုင်းက သန်လျင်နဲ့ စမ်းချောင်း၊ ပဲခူးတိုင်းက နတ်သံကွင်း၊ သာယာဝတီ၊ အုတ်ဖိုနဲ့ ရခိုင်ပြည်နယ်က သံတွဲစတဲ့ မြို့နယ်တွေက ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေနဲ့ မြို့နယ်စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ဝင် နှစ်ဆယ်နီးပါး နုတ်ထွက်တာတွေ ရှိနေပါတယ်။