ရေကြီးရေလျှံမှုကြောင့် စစ်ကိုင်းနဲ့ မကွေးက သီးနှံစိုက်ခင်း ဧကနှစ်သောင်းကျော် ပျက်စီး
ချင်းတွင်းမြစ်နဲ့ ဧရာဝတီမြစ် ဆုံတဲ့နေရာဖြစ်တဲ့ မြောင်မြို့နယ်နဲ့ ရေစကြိုမြို့နယ်မှာ သီးနှံပျက်စီးမှု အများဆုံးဖြစ်ခဲ့ပြီး အဲဒီ မြို့နယ်နှစ်မြို့နယ်တည်းမှာတင် စိုက်ဧကနှစ်သောင်းနီးပါး ရေဝင်နစ်မြုပ်ခဲ့တာပါ။
-
RFA Burmese
2024-07-13 -
-
-
ချင်းတွင်းနဲ့ ဧရာဝတီမြစ် ရေကြီးရေလျှံမှုတွေကြောင့် စစ်ကိုင်းတိုင်း ကနီ၊ မြောင်၊ ဆားလင်းကြီးနဲ့ မကွေးတိုင်းက ရေစကြို စတဲ့မြို့နယ်လေးခုမှာ ရိတ်သိမ်းကာနီး သီးနှံစိုက်ခင်း နှစ်သောင်းကျော်နဲ့ ကွမ်းခြံငါးရာကျော် ရေဝင်နစ်မြုပ်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဇူလိုင် ၁၃ ရက်နေ့မှာ ပြောပါတယ်။
ဒီဒေသတွေမှာ တိုက်ပွဲတွေကြောင့် အရင်ကတည်းက စစ်ဘေးဒုက္ခသည်တွေ ရှိနေသလို လက်ရှိမှာ ရေဘေး ထပ်ကြုံရတာဖြစ်ပြီး စားဝတ်နေရေးအတွက် စိုက်ပျိုးထားတဲ့ သီးနှံတွေပါ ထပ်မံဆုံးရှုံးရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာပါ။
ချင်းတွင်းမြစ်နဲ့ ဧရာဝတီမြစ် ဆုံတဲ့နေရာဖြစ်တဲ့ စစ်ကိုင်းတိုင်း မြောင်မြို့နယ်နဲ့ ရေစကြိုမြို့နယ်မှာ သီးနှံပျက်စီးမှု အများဆုံးဖြစ်ခဲ့ပြီး အဲဒီ မြို့နယ်နှစ်မြို့နယ်တည်းမှာတင် စိုက်ဧကနှစ်သောင်းနီးပါး ရေဝင်နစ်မြုပ်ခဲ့တာပါ။
“ပျက်စီးဆုံးရှုံးသွားတဲ့ သီးနှံစိုက်ခင်းက ဧကတစ်ထောင်ထက်မနည်း ရှိနေပါတယ်”
ရေကြီးမှုကြောင့် ရိတ်သိမ်းကာနီး မတ်ပဲ၊ ပဲတီစိမ်းနဲ့ နှမ်းခင်းတွေ ပျက်စီးကုန်တာလို့ မြောင်မြို့နယ်မှာ နေထိုင်တဲ့ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“နှစ်စဥ် နှစ်တိုင်း ရေဝင်တဲ့နေရာတွေ ရှိပေမဲ့လည်း ရေက ရုတ်တရက်ကြီး ဝင်တာဖြစ်တဲ့အတွက် ကြိုတင်စီမံနိုင်မှု မရှိလိုက်ဘူးပေါ့။ ရင့်မှည့်ပြီးလို့ ဆွတ်ခူးချိန်တန်မှ ရေက ဝင်သွားတာဆိုတော့ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဆုံးရှုံးတာပေါ့။ နောက်ပြီး ဒီဘက်ဒေသမှ မီးဘေးသင့်ထားတာလည်း ဖြစ်တဲ့အတွက် ဒီစိုက်ပျိုးရေးတစ်ခုပဲ သူတို့မှာ မှီခိုစရာရှိတာလေ”
ဒီနှစ်မြို့နယ်မှာရှိတဲ့ ရွာပေါင်းတစ်ရာခန့်မှာ ထိခိုက်ခံစားနေရတာလို့လည်း သူက ပြောပါတယ်။ မရိတ်ရသေးတဲ့ သီးနှံတွေ ပျက်စီးခဲ့ရသလို ရိတ်သိမ်းထားတဲ့ သီးနှံတွေလည်း အချိန်မီ မရွှေ့ပြောင်းနိုင်တာကြောင့် ဆုံးရှုံးမှု ပိုများတယ်လို့လည်း ဆိုပါတယ်။
ကနီမြို့နယ်မြို့နယ်မှာတော့ ချင်းတွင်းမြစ်ဘေးက ရွာပေါင်းငါးဆယ်ကျော် မြစ်ရေ ဖုံးလွှမ်းနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲဒီမှာတော့ ပျက်စီးဆုံးရှုံးသွားတဲ့ သီးနှံစိုက်ခင်းက ဧကတစ်ထောင်ထက်မနည်း ရှိနေတယ်လို့ ရေဘေးဒုက္ခသည်အရေး ကူညီပေးနေတဲ့ ကနီဒေသခံ ကိုပြည့်အောင်နိုင်က RFA ကို ပြောပါတယ်။
“ဒီနေ့တော့ ရေက နည်းနည်းကျတယ်။ ကျတယ်ဆိုပေမဲ့လို့လည်းပဲ ချင်းတွင်းမြစ်ကမ်းဘေး ဝဲယာမှာရှိနေတဲ့ ကနီမြို့နယ်အတွင်းမှာ ရှိနေတဲ့ရွာတွေက ဒေသခံတွေရဲ့ စိုက်ခင်းတွေပေါ့။ အဓိကကတော့ မြေပဲ၊ နှမ်း၊ ပဲစင်းငုံ အဲဒါတွေကတော့ ရေကြီးနစ်မြုပ်မှုဒဏ်ကို ခံနေရတယ်ပေါ့”
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာတော့ ချင်းတွင်းမြစ်ဘေးက ရွာပေါင်း ၂၃ ရွာမှာ ဇူလိုင်ပထမအပတ်ကစလို့ ရေကြီးရေလျှံဖြစ်နေတာပါ။ အဲဒီမှာတော့ စပါးစိုက်ခင်းဧက နှစ်ထောင်ကျော်နဲ့ ကွမ်းခြံငါးရာခန့် ရေနစ်မြုပ်ပျက်စီးခဲ့ပါတယ်။
“ရင်းနှီးထားသမျှ ဆုံးရှုံးသွားလို့ ပြန်လည်ထူထောင်ဖို့ ခဲယဥ်းနေပါတယ်”
ဆားလင်းကြီးမြို့နယ်က ဒေသခံတွေဟာ စစ်ဘေးတိမ်းရှောင်ရင်း စိုက်ပျိုးရေးကို အားကိုးနေရတာပါ။ သီးနှံစိုက်ခင်းတွေမှာ ရင်းနှီးထားသမျှ ဆုံးရှုံးသွားလို့ ပြန်လည်ထူထောင်ဖို့ ခဲယဥ်းနေတယ်လို့ ကွမ်းစိုက်တောင်သူတစ်ဦးက ပြောပါတယ်။
“ညီမတို့ဆိုရင် ကွမ်းနဲ့ပဲ အသက်မွေးဝမ်းကျောင်း ပြုရတာများတယ်လေ။ တချို့တောင်သူတွေလည်း ရှိပါတယ်။ ကောက်ပဲသီးနှံတွေလေ ဆုံးရှုံးကြတယ်။ ခုလို စပါးဆိုရင်လည်း လုံးလုံးဆုံးရှုံးထားတာတွေရော ရှိတယ်ရှင့်။ အခုခေတ် တန်ကြေးနဲ့ဆိုလို့ရင်ပေါ့။ တစ်ထောင်ကို သိန်းခြောက်ဆယ်၊ ခုနစ်ဆယ်လောက် ကုန်တယ်ရှင့်။ ဒီလိုစစ်ရှောင်နေတဲ့ ပုံစံမျိုးနဲ့ဆိုရင် ဘယ်စီးပွားရေးက လုပ်နိုင်မှာတုန်း။ အဲဒါဆိုတော့ ပြန်ပြီးတော့ ထူထောင်ဖို့ဆိုတာလည်း တော်တော်ခဲယဥ်းမှာပဲ”
ဒီမြို့နယ်တွေအပြင် မင်းကင်း၊ မုံရွာ၊ ယင်းမာပင်၊ မြင်းမူနဲ့ ပခုက္ကူမြို့နယ်တွေမှာလည်း သီးနှံစိုက်ခင်းတွေ ရေဝင်နစ်မြုပ်ပျက်စီးမှုတွေရှိနေပြီး စိုက်ပျိုးဧကအရေအတွက် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းပြောခွင့်ရသူတွေထံ RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးလှထွန်းကတော့ ပျက်စီးဆုံးရှုံးသွားတဲ့ လယ်စိုက်ခင်းတွေအတွက် မျိုးစပါးတွေ၊ တိရစ္ဆာန် အစားအစာတွေနဲ့ ဆန်ထောက်ပံ့ပေးမဲ့ အစီအစဥ်တွေ စီစဥ်ထားတယ်လို့ RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ ဝန်ကြီးဌာနက စီစဥ်ဆောင်ရွက်နေတာတွေကတော့ အခုရေကြီးလို့ ပျက်စီးဆုံးရှုံးသွားတဲ့ လယ်စိုက်ခင်းတွေအတွက် ပြန်စိုက်လို့ရအောင် မျိုးစပါးတွေပေးဖို့၊ ရေဘေးသင့်ဒေသက တိရစ္ဆာန်တွေအတွက် အစားအစာတွေနဲ့ ရေဘေးသင့်ဒေသခံတွေအတွက် ဆန်ထောက်ပံ့ပေးဖို့ ရှိပါတယ်”
ဧရာဝတီ၊ ချင်းတွင်းနဲ့ ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်မှုတွေကြောင့် မြို့ပေါင်း ၂၁ မြို့မှာ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေပြီး နောက်ထပ် မြို့ ခုနစ်မြို့မှာလည်း မကြာခင် စိုးရိမ်ရေမှတ်ကို ရောက်ရှိလာနိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က ဇူလိုင် ၁၃ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
ဇွန်လကုန်ပိုင်းကစလို့ နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုတွေကြောင့် လူသောင်းချီ ရွှေ့ပြောင်းရတာ၊ နေအိမ်တွေ မျောပါပျက်စီးတာ၊ စိုက်ခင်းတွေ ပျက်စီးတာ၊ တံတားကျိုးကျပြီး ကုန်သွယ်ရေးလမ်းတွေ ပြတ်တောက်တာနဲ့ လူသေဆုံးမှုတွေအထိ ရှိခဲ့ပါတယ်။