ရခိုင် အင်တာနက်ပိတ်ဆို့မှု အရပ်သားတွေ ကိုသာ ထိခိုက်ကြောင်း HRW ပြော
2020.07.27
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ အင်တာနက်အသုံးပြုမှု ပိတ်ဆို့ခံထားရတာကြောင့် နိုင်ငံတကာ အကူအညီ ပေးရေးလုပ်ငန်းတွေအတွက် ညှိနှိုင်းဆောင်ရွက်ရေး၊ တိကျတဲ့သတင်းအချက်အလက် ကောက်ယူရရှိရေး၊ အနိုင်ကျင့် နှိပ်စက်ခံရတာတွေကို လေ့လာစောင့်ကြည့်ရေးလုပ်ငန်းစဉ်တွေမှာ ထိခိုက်စေတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ တစ်ခုဖြစ်တဲ့ Human Rights Watch (HRW) အဖွဲ့က ဒီကနေ့ ပြောလိုက်ပါတယ်။
အရပ်သားတွေအပေါ် ထိခိုက်စေတဲ့ အင်တာနက် ဖြတ်တောက်ထားမှုကို အမြန်ဆုံး ပြန်လည်ရုပ်သိမ်းဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က ဒီကနေ့ ဇူလိုင် ၂၇ ရက်စွဲနဲ့ သတင်းထုတ်ပြန်ရာမှာ မြန်မာအစိုးရကို တိုက်တွန်းလိုက်တာပါ။
AA က မိုင်းခွဲ တိုက်ခိုက်ရာမှာ အင်တာနက်လိုင်း အသုံးပြုပြီး တိုက်ခိုက်နေတာကြောင့် တိုက်ပွဲဖြစ်နေတဲ့ အဲဒီ ဒေသတွေမှာ အင်တာနက်ဆက်လက် ဖြတ်တောက်ထားဖို့ လိုအပ်လာတယ်ဆိုတဲ့ အစိုးရရဲ့ အကြောင်းပြချက် ကိုလည်း HRW က ပယ်ချလိုက်ပါတယ်။ အဝေးထိန်းစနစ်နဲ့ မိုင်းဖောက်ခွဲတိုက်ခိုက်ရာမှာ အင်တာနက်သုံးစရာ မလိုဘဲ လွယ်ကူရိုးရှင်းတဲ့နည်းလမ်းတွေ ရှိတယ်လို့ HRW က ဆိုပါတယ်။
HRW ရဲ့ အာရှရေးရာ လက်ထောက်ညွှန်ကြားရေးမှုး Phil Robertson က
"အထင်းသားမြင်ရတာကတော့ အစိုးရဟာ ရခိုင်ပြည်နယ်က သတင်းတွေရရှိရေးကို စိတ်မဝင်စားတာရယ်၊ ဒါမှမဟုတ် ရခိုင်ပြည်နယ်က လူ့အခွင့်ရေး ချိုးဖောက်မှုတွေ အပြင်ကိုထွက်လာမှာကို မလိုလားတာပါပဲ။ ရခိုင်မြောက်ပိုင်းကို အင်တာနက်ပိတ်တယ်ဆိုတဲ့ အဓိကအကြောင်းအရင်းကလည်း ဒီအချက်ပါပဲ။ ဒါက ဒေသခံလူထုတွေကို အကြီးအကျယ် ထိခိုက်စေပါတယ်။ ပြီးတော့ ဝမ်းနည်းဖို့ကောင်းတာက အရပ်သား အစိုးရက တပ်မတော် လက်စွဲထားတဲ့မူဝါဒကို ဆုပ်ကိုင်ပြီး ရှေ့ဆက်သွားနေတဲ့ ကိစ္စပါ။" လို့ ပြောပါတယ်။
အင်တာနက် ဖြတ်တောက်ထားပေမယ့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်တဲ့အတွက် ဒီဖြတ်တောက်မှုဟာ အကျိုးမရှိဘူးလို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဝေဖန်လိုက်ပါတယ်။
"တစ်နှစ်ကျော်ကြာတဲ့ အင်တာနက် ဖြတ်တောက်ထားမှုကြောင့် စစ်ရေးအရ ပိုပြီးတော့ အနိုင်ရလာတယ်။ တစ်ဖက်က စစ်ရေးအရ အားလျော့သွားတယ်ဆိုတာ ကျွန်တော်တို့ မတွေ့ပါဘူး။ ရခိုင်ပြည်နယ် အနှံ့အပြားမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်လာတယ်။ နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေ များလာတယ်။ ဒါကတော့ အင်တာနက် ပိတ်ထားခြင်းဟာ ဘယ်သူ့အတွက်မှ အကျိုးမရှိနိုင်ဘူး။ အစိုးရအတွက်လည်း အကျိုးမရှိဘူး။ ပြည်သူအတွက်လည်း အကျိုးမရှိဘူး။ ဒါကြောင့် စစ်ရေး စစ်ရာနဲ့ ပတ်သက်ပြီးတော့ အခြားနည်းနဲ့ပဲ ဖြေရှင်းသင့်တယ်"
ရခိုင်မြောက်ပိုင်း ဒေသတွေမှာ အင်တာနက် ဖြတ်တောက်ထားပြီးနောက်ပိုင်း စစ်ရေးပဋိပက္ခ အခြေအနေနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေး ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က အင်တာနက်ပိတ်ထားတဲ့အတွက် အကျိုးကျေးဇူး နှစ်ခု ရရှိကြောင်း နံပတ် ၁ က အင်တာနက်ပေါ်မှာ AA နဲ့ AA အမာခံတွေ တင်နေတဲ့ ရခိုင်-ဗမာမုန်းတီးရေး ဦးတည်ပြီး တင်နေတဲ့ဟာတွေ လျော့ကျသွားကြောင်း၊ နောက်တစ်ခုကတော့ တပ်ရဲ့ သတင်းတွေနဲ့ပတ်သက်ပြီး အင်တာနက်ပေါ်ကနေ အပေးအယူလုပ်နေတာတွေ၊ လူမှုကွန်ရက်တွေမှာ ပို့စ်တင်နေတာတွေ လျော့ကျသွားတာ တွေ့ရကြောင်း ပြောပါတယ်။
မိုင်းခွဲတိုက်ခိုက်ရေးကို ဟန့်တားနိုင်ဖို့ အင်တာနက်ပိတ်တာဆိုတဲ့ အစိုးရရဲ့ အကြောင်းပြချက်အပေါ် HRW က ထောက်ပြထားတာနဲ့ ပတ်သက်လို့တော့ တပ်မတော်ဘက်က မိုင်းခွဲတိုက်ခိုက်ရေး ကိစ္စထက် လူမျိုးရေး အသွင်ဆောင်တာတွေ၊ အမုန်းစကားတွေ ဖန်တီးနေတာတွေ၊ တပ်လှုပ်ရှားမှုသတင်းတွေ ပေးပို့တာတွေ လျော့ကျစေဖို့သာ ရည်ရွယ်တယ်လို့ ပြောပါတယ်။
ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲအခြေအနေပေါ် မူတည်ပြီး၊ တိုက်ပွဲတွေ လျော့နည်း သက်သာလာမှသာ အင်တာနက်ပြန်ဖွင့်ဖို့ စဉ်းစားမယ်လို့ ဇွန်လ ၁၀ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
အင်တာနက် ဖြတ်တောက်ပြီးနောက်ပိုင်း စစ်ရေးအရှိန်မလျော့ကျသွားတဲ့အပြင် ရခိုင်ပြည်နယ်မှာ ဖမ်းဆီးခံရတဲ့ အရပ်သားအရေအတွက်တွေ ပိုများလာတယ်လို့ စစ်တွေမြို့အခြေစိုက် သဇင်ဥပဒေ အထောက်အကူပြုအဖွဲ့က ဦးမျိုးမြတ်ဟိန်းက ထောက်ပြပါတယ်။
"အင်တာနက် ဖြတ်ပြီးနောက်ပိုင်း စစ်ပွဲတွေပိုပြင်းထန်လာတဲ့ နောက်ပိုင်း တစ်နှစ်ကျော် ကာလအတွင်းမှာ တရားစွဲဆိုမှုတွေ ပိုများလာတယ်။ မတရား ဖမ်းဆီးခံရတယ်ဆိုတဲ့ အဖြစ်တွေ တော်တော်များလာတယ်။ နောက်နှိပ်စက်မှုတွေ ခံရတယ်ဆိုတဲ့ အဖြစ်တွေ တော်တော်များလာတယ်"
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ဆက်စပ်ပြီး အင်တာနက်ဖြတ်တောက်ခံထားရတာ တစ်နှစ်ကျော်ကြာမြင့်နေပါပြီ။
အင်တာနက်ဖြတ်တောက်ပြီးနောက်ပိုင်း ဆက်သွယ်ရေး အခက်အခဲကြောင့် ဒုက္ခသည်တွေဆီ အကူအညီ ပေးမှုတွေ အကြီးအကျယ် ထိခိုက်သွားတယ်လို့ ဒုက္ခသည်အရေး ကူညီနေသူတွေက ထောက်ပြကြပါတယ်။
"အင်တာနက် ဖြတ်တောက်လိုက်တာနဲ့ ကျွန်တော်တို့အဖွဲ့ရဲ့ လှုပ်ရှားမှုက ရပ်လုနီးနီးဖြစ်သွားတယ်။ မင်းပြားမြို့က အင်တာနက် ပိတ်ထားတဲ့အခါကျတော့ မင်းပြား မြောက်ဦးစတဲ့ အင်တာနက် ပိတ်ထားတဲ့ မြို့တွေမှာ ဖြစ်ပျက်သမျှကို ကျွန်တော်တို့တွေ မသိရဘူး။ မသိရတဲ့အခါ ချက်ချင်းကူညီနိုင်တဲ့ အနေအထားတွေ ရှိပါလျက်နဲ့ မကူညီရတဲ့ အပိုင်းတွေ အများကြီးရှိတယ်။ လက်နက်ကြီးကျလို့ လူ ငါး ယောက်တောင် သေခဲ့တာရှိတယ်။ အဲဒီအခါကျတော့ အင်တာနက် ဖွင့်ထားတဲ့အတွက် ချက်ချင်းသိတယ်။ ချက်ချင်း သွားပြီးတော့ ဒဏ်ရာရတဲ့သူတွေကို ကယ်ထုတ်နိုင်တယ်။ သေသွားတဲ့သူတွေရော ဒဏ်ရာ ရတဲ့သူတွေကိုရော ဆေးရုံကို ချက်ချင်းပို့နိုင်ခဲ့တယ်။ အင်တာနက်ပိတ်လိုက်တဲ့အခါ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေရော ဆေးရုံပို့ရမယ့် လုပ်ငန်းတွေရော ဘာမှလုပ်လို့ မရတော့ဘူး"
သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့က ကိုအမ်းသားကြီး ပြောသွားတာပါ။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့နောက် လုံခြုံရေးအကြောင်းပြချက်နဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်တွေနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့နှစ် ဇွန်လ ၂၁ ရက်နေ့ကတည်းက အင်တာနက် အသုံးပြုမှု ပိတ်ပင်ခံခဲ့ရတာဖြစ်ပါတယ်။
ကမ္ဘာ့အရှည်ကြာဆုံးအင်တာနက် ဖြတ်တောက်ခံထားရတာကို ပြန်ဖွင့်ပေးဖို့ ဒေသခံတွေ၊ နိုင်ငံရေးသမားတွေ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ကျယ်ကျယ်လောင်လောင် တောင်းဆိုနေကြပါတယ်။