ရှစ်လေးလုံးအရေးတော်ပုံ ၃၅ နှစ်ပြည့်ပြီ

စစ်အာဏာရှင်ဆန့်ကျင်ရေး ရှစ်လေးလုံးအရေးတော်ပုံ ၃၅ နှစ် ပြည့်ခဲ့ပြီဆိုပေမဲ့ မြန်မာပြည်သူတွေကတော့ စစ်အာဏာရှင်လက်အောက်က မရုန်းထွက်နိုင်သေးဘဲ တိုက်ပွဲဝင်နေကြရဆဲ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့က အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း ရန်ကုန်မြို့တွင် စုဝေးဆန္ဒပြခဲ့ကြသူများ။ AFP

၁၉၈၈ ဩဂုတ်လ ၈ ရက်နေ့မှာ စတင်ခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရှစ်လေးလုံးအရေးတော်ပုံ လူထုလှုပ်ရှားမှုကြီးဟာ ၂ဝ၂၃ ခုနှစ် ဩဂုတ်လ ၈ ရက် ဒီကနေ့ဆိုရင် ၃၅ နှစ် တင်းတင်းပြည့်ခဲ့ပါပြီ။

၃၅ နှစ်ရှိခဲ့ပြီဆိုပေမဲ့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်လက်အောက်ကနေ မရုန်းထွက်နိုင်သေးဘဲ ဒီကနေ့ထိ ဒီမိုကရေစီရေး တိုက်ပွဲဝင်နေကြရဆဲ ဖြစ်ပါတယ်။

"၈၈ မှာလည်း ပြည်သူတွေကို သတ်ဖြတ်ခဲ့တာပဲ။ အခု ၂၁ မှာလည်း ပြည်သူတွေကို သတ်ဖြတ်တာပဲ"

အရပ်သားအစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးပြီး ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က အာဏာပြန်သိမ်းလိုက်တာကြောင့် ၂ဝ၂၁ နွေဦးတော်လှန်ရေးလို့ ထပ်မံပေါ်ပေါက်လာပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံမှာ မပြီးဆုံးခဲ့တဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးတိုက်ပွဲဟာ ၂ဝ၂၁ ခုနှစ် နွေဦးတော်လှန်ရေးမှာ အဆုံးသတ်နိုင်လိမ့်မယ်လို့ ၈၈ အရေးတော်ပုံကာလ ပါဝင်ခဲ့တဲ့ နိုင်ငံရေးသမားတွေက ယုံကြည်နေကြပါတယ်။

၈၈ ကာလမှာ ကျောင်းသူတစ်ယောက်အဖြစ် ပါဝင်ခဲ့တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးက ၈၈ အရေးတော်ပုံနဲ့ နွေဦးတော်လှန်ရေး ကွာခြားပုံကို အခုလိုပြောပြပါတယ်။

"၈၈ လူထုဒီမိုကရေစီ အရေးတော်ပုံကြီးက လူထုအုံကြွမှုကြီးပေါ်ပေါက်လာလို့ စစ်တပ်ကနေ သူရဲ့မျက်နှာဖုံးကို ခွာချပြီးတော့ လက်နက်အားကိုးနဲ့အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။ ဒီ၂၁ နွေဦးတော်လှန်ရေးက စစ်တပ်ရဲ့မတရားအာဏာသိမ်းမှုကြောင့် လူထုအရေးတော်ပုံကြီး ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။ ဒီအခါမှာတော့ ကျွန်မတို့က ၈၈ တုန်းက တောင်းဆိုခဲ့တဲ့အဆင့်ထက်ကို ပိုပြီးမြင့်တဲ့ တော်လှန်ရေး ကြွေးကြော်သံတွေ ပေါ်ပေါက်လာတယ်။ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ဖျက်သိမ်းရေး အပြင်၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အမြစ်ပြတ် ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအထိကိုပါ တောင်းဆိုနိုင်ခဲ့တဲ့အတွက်ကြောင့် တော်လှန်ရေးအဆင့်က မြင့်လာတယ်။ လူထုကြားမှာလည်း ပိုပြီးတော့ စည်းလုံးညီညွတ်မှုရှိတဲ့ ပိုပြီးတော့ အားကောင်းတဲ့ တော်လှန်ရေးကြီး ဖြစ်လာတယ်လို့ မြင်ပါတယ်"

အခုလို ပြည်သူလူထုဘက်က တောင်းဆိုချက်တွေ ကွာခြားသွားသလို စစ်တပ်က ကိုယ့်ပြည်သူလူထုကို ဖိနှိပ်သတ်ဖြတ်မှုတွေကလည်း အရင်ကထက် ပိုဆိုးလာတယ်လို့ သူကထောက်ပြပါတယ်။

"စစ်အုပ်စုရဲ့ သဘာဝကတော့ သူတို့ အာဏာကို ထိပါးလာရင် အစွမ်းကုန် ရက်စက်၊ ယုတ်မာ၊ မိုက်ကန်းကြတာကတော့ အစဉ်အလာလို ဖြစ်နေပါတယ်။ ၈၈ မှာလည်း ပြည်သူတွေကို သတ်ဖြတ်ခဲ့တာပဲ။ အခု ၂၁ မှာလည်း ပြည်သူတွေကို သတ်ဖြတ်တာပဲ။ အခုကတော့သူတို့က သတ်နည်းတွေ ပိုပြီးတော့ လူထုကို နှိပ်စက်နည်းတွေ ပိုပြီးသိလာပိုပြီး ရက်စက်ကြမ်းကြုတ်လာတယ်လို့ ကျွန်မကတော့ မြင်ပါတယ်။ အရှင်လတ်လတ်ကို မီးရှို့သတ်ဖြတ်တာ၊ နိုင်ငံရေးအကျဉ်းသားတွေကို ဖော်ထုတ် သတ်ဖြတ်တာကအစ နည်းပေါင်းစုံနဲ့ ဖက်ဆစ်ထက်တောင် ဆိုးရွားတဲ့လုပ်ရပ်တွေကို ကျူးလွန်နေတဲ့အခါကျတော့ ဒီစစ်အုပ်စုကို အခြေအနေပေါ့"

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလက ရန်ကုန်မြို့တွင် ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတစ်ခုအား ဖြိုခွင်းနေကြသော စစ်ကောင်စီတပ်သားများ။ (Photo: AFP)

ရှစ်လေးလုံးအရေးတော်ပုံကာလမှာ စစ်အာဏာရှင်ကို ပြန်လည်ခုခံဖို့ ဆရာဝန်ဘဝကနေ လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ခဲ့သူတွေထဲ ဒေါက်တာမြင့်ချိုလည်း ပါပါတယ်။

"သေချာတာကတော့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံလိုမဟုတ်ဘဲနဲ့ နွေဦးတော်လှန်ရေးကတော့ အောင်ကိုအောင်ရမယ် အနှေးနဲ့ အမြန်ပဲ အောင်ပွဲကိုရောက်မယ်လို့ ကျွန်တော်ယုံကြည်တယ်"

၈၈ အရေးတော်ပုံမအောင်မြင်ခဲ့ပေမဲ့ ၂ဝ၂၁ နွေဦးတော်လှန်ရေးက အောင်မြင်လိမ့်မယ်လို့ ဒေါက်တာမြင့်ချို ယုံကြည်နေပါတယ်။

"ရှစ်လေးလုံးအရေးတော်ပုံကတော့ ကျွန်တော်တို့ စနစ်ချထားတာလည်းမရှိဘူး။ ရုပ်တရက်ပေါက်ကွဲပြီးတော့ ဖြစ်ပေါ်လာတဲ့ အနေအထား၊ ဦးဆောင်မှုလည်း မဲ့တဲ့အခါကျတော့ အဲ့အထဲက ကျွန်တော်တို့က အောင်မြင်ဖို့ အလားအလာမရှိဘူးလို့ ကျွန်တော့်တစ်ယောက်တည်းက မြင်ခဲ့တယ်။ ဒါပေမဲ့ ဒီကနေ့ နွေဦးတော်လှန်ရေးကျတော့ ရှစ်လေးလုံးအရေးတော်ပုံကာလနဲ့ အများကြီး တိုးတတ်မှုတွေ အားသာချက်တွေကို တွေ့ခဲ့ရတယ်။ ကမ္ဘာကလည်း မြန်မာနိုင်ငံရဲ့ အရေးကို ကောင်းကောင်း အာရုံစိုက်ပြီးတော့ အာဏာရှင်တွေကို အရေးယူမှုတွေ ဖိအားပေးမှုတွေ လုပ်နိုင်သလောက် ပြင်းပြင်းထန်ထန် လုပ်နေကြတယ်။ ပြည်သူလူထုကလည်းပဲ ကိုယ့်အခွင့်အရေးကို ဘယ်ခေါင်းဆောင်တွေမှ စောင့်မနေပဲ ကိုယ်တိုင်ပါဝင်ပြီး တိုက်ရမယ်ဆိုတဲ့ စိတ်ထားမျိုးပေါ်လာတဲ့အခါကျတော့ လူထုတိုက်ပွဲတွေက တောက်လျှောက် ဖြစ်လာတယ်။ အသိသာဆုံးက လူငယ်တွေပဲ။ လူငယ်တွေက ၁၀ နှစ်နီးပါးလောက် လွတ်လပ်ခွင့်တွေ၊ ဒီမိုကရေစီရဲ့ အကျိုးတွေကို ခံစားခဲ့ရတဲ့အခါကျတော့၊ ၈၈ တုန်းက တစ်ခါမှလည်း မခံစားရတော့ တန်ဖိုးကိုလည်း သိပ်မသိဘူး၊ ဆုံးရှုံးသွားတာကိုလည်း သိပ်ပြီးတော့ မခံစားရဘူး။ ဒီနှစ် GenZ လေးတွေကျတော့ တကယ်လည်းခံစားခဲ့ရတယ်။ တကယ်လည်း တန်ဖိုးထားတဲ့အခါကျတော့ ဒီဆုံးရှုံးသွားတဲ့ သူတို့ရဲ့အခွင့်အရေးကို ပြန်တိုက်မယ်ဆိုတဲ့ စိတ်မျိုးနဲ့ PDF တွေ ဖွဲ့ပြီးတော့ လုပ်နေကြတော့ ပြည်ပက ထောက်ပံ့မှုအားတွေနဲ့ PDF တွေရဲ့ အသက်စွန့်ပြီး ကိုယ်ကျိုးစွန့်ပြီးတိုက်နေတဲ့ အနေအထားတွေနဲ့ နောက်တိုင်းရင်းသားလူမျိုးစုတွေက လုံးဝကို ပူးပေါင်းဆောင်ရွက်တာတွေ ကူညီတာတွေလုပ်တဲ့အခါကျတော့ ဒီတိုက်ပွဲက ကျွန်တော်ထင်တယ် အနှေးနဲ့အမြန်တော့ ပန်းတိုင်ကိုရောက်မယ်။ သေချာတာကတော့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံလိုမဟုတ်ဘဲနဲ့ နွေဦးတော်လှန်ရေးကတော့ အောင်ကိုအောင်ရမယ် အနှေးနဲ့ အမြန်ပဲ အောင်ပွဲကိုရောက်မယ်လို့ ကျွန်တော်ယုံကြည်တယ်ဗျ။"

၁၉၈၈ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်သော စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုစည်းဝေးပွဲတွင် ဟောပြောနေသည့် ဒေါ်အောင်ဆန်းစုကြည်။ (Photo: AFP)

၂ဝ၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးကတော့ သူဖြတ်သန်းခဲ့တဲ့ ၈၈ အရေးတော်ပုံကာလဟာ နည်းပညာအားနည်းတာကြောင့် မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေလဲဆိုတာ နိုင်ငံတကာက အသိနောက်ကျပေမဲ့ အခုကတော့ ဂျန်နရေးရှင်းဇီမျိုးဆက်တွေကြောင့် ဘယ်နေရာမှာ ဘာဖြစ်လဲဆိုတာ အချိန်နဲ့ တစ်ပြေးညီသိနေပြီလို့ ဆိုပါတယ်။

"ပွင့်ပွင့်လင်းလင်းပြောရရင် ၈၈ တုန်းက အခုလိုမျိုး နည်းပညာက ဒီလောက်အားမကောင်းခဲ့ဘူး။ မီဒီယာတွေအနေနဲ့လည်း ကျွန်တော်တို့တိုင်းပြည်နဲ့ပတ်သက်ပြီး ဒီလောက် အာရုံစိုက်နိုင်မှု မရှိသေးဘူးပေါ့နော်။ ဒီဘက်ခေတ်မှာကျတော့ နည်းပညာရဲ့ အကျိုးကျေးဇူးကြောင့်လည်း ပါတာပေါ့။ နိုင်ငံတကာမီဒီယာတွေနဲ့ ချိတ်ဆက်နိုင်တဲ့ ကိစ္စတွေလည်း ရှိတဲ့အခါကျတော့ နိုင်ငံတကာက ပိုပြီး အာရုံစိုက်လာတယ်။ ပိုပြီး သတိထားမိလာတယ်။ ၈၈ ထက်စာရင် နိုင်ငံတကာရဲ့အရေးယူ ဆောင်ရွက်မှုတွေက ပိုပြီးတော့ ထိထိရောက်ရောက်ဖြစ်လာတယ်လို့ ပြောလို့ရနိုင်ပါတယ်"

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့က အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း ရန်ကုန်မြို့တွင် စုဝေးဆန္ဒပြခဲ့ကြသူများ။ (Photo: AFP)

လက်ရှိနွေဦးတော်လှန်ရေး ဘယ်တော့ အဆုံးသတ်နိုင်မလဲလို့ RFA က မေးမြန်းရာမှာတော့ ...

"ဒီတော်လှန်ရေးက ဘယ်တော့ပြီးမလဲဆိုတာ အတိအကျတော့ ကျွန်တော်လည်း မပြောနိုင်ဘူး။ သို့သော်လည်း ဒီခေတ် ဒီနွေဦးတော်လှန်ရေးမှာတော့ မျိုးဆက်တွေအားလုံးနဲ့ ပေါင်းဆုံမိကြတယ်။ ပြည်တွင်းပြည်ပ အင်အားစုအားလုံးနဲ့ပေါင်းဆုံမိကြတယ်။ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေနဲ့ ပြည်ပ အင်အားစုတွေကြားမှာလည်း နားလည်မှုတွေပိုပြီးတော့ ရရှိလာတယ်။ ဒီနွေဦးတော်လှန်ရေးက အရင့်အရင်လှုပ်ရှားမှုတွေနဲ့ မတူတော့ဘူး။ တော်တော်ကြီးကို ထူးထူးခြားခြားဖြစ်တယ်။ အင်အားစုအားလုံးလည်း စုပေါင်းမှုတွေ ရှိလာတဲ့အတွက်ကြောင့် ဒီမျိုးဆက်မှာ ဒီတော်လှန်ရေးမှာ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်မယ်လို့ ယုံကြည်ပါတယ်"

အခုလက်ရှိရန်ကုန်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်တွေကို ဦးဆောင်နေတဲ့ အသက် ၂၇ နှစ်အရွယ် ကိုနန်းလင်းဟာ ၈၈ အရေးတော်ပုံကို မမှီခဲ့ပေမဲ့ စစ်အာဏာရှင်စနစ်ဟာ သူ့မျိုးဆက်လက်ထက်မှာ အမြစ်ဖြတ်ရမယ်လို့ ဆိုရပါတယ်။

"ကျွန်တော်တို့ တိုင်းပြည်က ဒီစစ်တပ်ရှိနေသရွေ့ စစ်အာဏာရှင်စနစ်ရှိနေသရွေ့ တိုင်းပြည်က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအပါအဝင် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ရေခံမြေခံကောင်းတွေ စနစ်ကောင်းတွေ ဘယ်တော့မှပေါ်ပေါက်လာမှာမဟုတ်ဘူးဆိုတာ ကျွန်တော်တို့ ၂ဝ၂၁ မျိုးဆက်တွေက ရှင်းရှင်းလင်းလင်းမြင်ထားပြီးပြီ။ အဲဒါကြောင့် ကျွန်တော်တို့ရဲ့ ကြွေးကြော်သံက စစ်အာဏာရှင်စနစ် အမြစ်ဖြတ်မယ်။ စစ်တပ်ကို သူကျူးလွန်ခဲ့သမျှသော ပြစ်မှုတိုင်းအတွက် စစ်တပ်ဟာ နိုင်ငံရေးကနေ လုံးဝထွက်ခွာသွားရမယ်ဆိုတဲ့ ပိုင်းဖြတ်ပြီးသား ပြတ်သားပြီးသား စိတ်ဓာတ်ကို ၂ဝ၂၁ မှာ ခိုင်ခိုင်မာမာ ချမှတ်နိုင်ခဲ့တယ်။ တော်လှန်ရေးအဆက်ဆက် အရေးတော်ပုံအဆက်ဆက်ကနေ လက်ဆင့်ကမ်းလာတာတွေ ကိုလည်း ကျွန်တော်တို့က ဆက်‌ပြီး ဆက်ခံနေသလို သင်ခန်းစာ ယူစရာရှိတာတွေကိုလည်း ယူတယ်။ တိုက်ပွဲဝင်စိတ်ဓာတ်ကိုလည်း အမွေဆက်ခံပြီး သွားနေတယ်လို့ ပြောလို့ရပါတယ်"

ရှစ်လေးလုံးအရေးတော်ပုံ ၃၅ နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ၂ဝ၂၃ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့က လမ်းလျှောက်ချီတက်ဆန္ဒပြခဲ့ကြသည့် လန်ဒန်ရောက်မြန်မာများ။ (Photo: NUG representatives (UK)

ရှစ်လေးလုံး အရေးတော်ပုံ ၃၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ပြည်ပရောက်မြန်မာတွေကလည်း ရောက်တဲ့နိုင်ငံတွေမှာ လုပ်နေကြသလို ပြည်တွင်းမှာလည်း ရတဲ့နည်းနဲ့ လုပ်သွားဖို့ရှိတယ်လို့ တော်လှန်ရေး အင်အားစုတွေက ပြောထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီဟာ လူပေါင်း ၃၉၀၀ နီးပါးကို သတ်ဖြတ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပါအဝင် လူနှစ်သောင်းခွဲနီးပါးကို ဖမ်းဆီးထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org