စစ်အာဏာသိမ်းပြီး ပထမဆုံး လူအစုအပြုံလိုက်သတ်ဖြတ်မှု ဇူလိုင် ၇ ရက်- နှစ် ၆ဝ ပြည့်ပြီ

ဇူလိုင်လ ၈ ရက်နေ့ မနက်အစောမှာတော့ အင်္ဂလိပ်ခေတ်ကတည်းကရှိခဲ့တဲ့ သမိုင်းဝင် တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အဦးကို ယမ်းဘီလူးတွေနဲ့ ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။ ဒါဟာ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံး လူအစုအပြုံလိုက် သတ်ဖြတ်မှုကြီးဖြစ်တယ်လို့ သိမှီလိုက်သူတွေကပြောပါတယ်။ ဒီဖြစ်ရပ်ဆိုး အနှစ် ၆ဝ ပြည့်ခဲ့ပါပြီ။

၁၉၆၂ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာမျက်နှာဖုံး။ Photo: Dagon University Students' Union

မြန်မာ့သမိုင်းမှာ အာဏာသိမ်းစစ်တပ်က ကျူးလွန်ခဲ့တဲ့ ပထမဆုံး လူအစုအပြုလိုက်သတ်ပွဲဟာ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အဦးရှေ့မှာ ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ ဒီသတ်ဖြတ်မှုမှာ သေဆုံးတဲ့ တက္ကသိုလ်ကျောင်းသားအရေအတွက် ၁ဝဝ ဝန်းကျင်ရှိတယ်လို့ သမိုင်းလေ့လာသူတွေက ပြောပေမယ့် အတိအကျစာရင်းမရှိပါဘူး။

နောက်တစ်နေ့ ဇူလိုင် ၈ ရက်နေ့မှာ တကသအဆောက်အဦးကို စစ်တပ်က ဒိုင်းနမိုက်တွေနဲ့ ဖောက်ခွဲဖျက်ဆီးခဲ့ရာမှာလည်း ပုန်းအောင်းခိုလှုံနေတဲ့ ကျောင်းသားတချို့ ထပ်မံသေဆုံးနိုင်တယ်လို့ ပြောကြပါတယ်။ စစ်တပ်က ရက်စက်စွာချေမှုန်းပေမယ့် မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတိုင်း ကျောင်းသားလူငယ်တွေဦးဆောင်တဲ့ တိုက်ပွဲတွေ ပေါ်ပေါက်ခဲ့တာကတော့ ယနေ့အထိဖြစ်ပါတယ်။

“ကျနော်တို့ ဒီတော်လှန်ရေးလမ်းစဉ်တွေအတိုင်း တသွေမတိမ်းတဲ့ လုပ်စရာရှိတဲ့ အလုပ်တွေ ပြတ်ပြတ်သားသားလုပ်ဖို့ လိုတယ်။ ရန်ငါပြတ်စွာနဲ့ ဆက်ပြီးတော့တော်လှန်ရေးလမ်းကို လျှောက်ဖို့ လိုတယ်”

လက်ရှိနွေဦးတော်လှန်ရေးဟာ အာဏာရှင်စနစ် အမြစ်ဖြတ်ရေးနောက်ဆုံးတိုက်ပွဲဖြစ်တယ်လို့လည်း နိုင်ငံရေးသမားအများစုက ယုံကြည်ပါတယ်။ ဇူလိုင် ၇ ရက် အရေးတော်ပုံနဲ့ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ သဘောထားကို RFA က မေးမြန်းခဲ့ပါတယ်။ ကိုမင်းကိုနိုင် အလုပ်တာဝန် များပြားလွန်းနေတဲ့အတွက် တော်လှန်ရေးနယ်မြေတစ်နေရာက သူရေးသားပေးပို့လိုက်တဲ့ သတင်းစကားကို ကျနော်ကပဲ ဖတ်ကြားပါရစေ။

“ 7July ဆိုတာ စစ်အာဏာရှင်စနစ်ကို တော်လှန်ရာမှာ တာထွက်ခဲ့တာပဲ။ ဒီခရီးကို ဘယ်သူမှမရှည်ချင်ခဲ့ပေမယ့် စစ်အုပ်စုရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် ၇၄/၇၅/၇၆၊ နောက်၈၈၊ ရွှေဝါရောင် စသဖြင့် မိုင်တိုင်တွေကို ကျော်ဖြတ်လာကြတာ မျိုးဆက်အသီးသီးရဲ့တော်လှန်ရေး နောက်ဆုံးပန်းဝင်ဖို့ ဖြစ်လာတယ်။ ဒါကြောင့် 7 July ဟာ နေမဝင်ခဲ့ဘူး၊ မျိုးဆက်သစ်တွေနဲ့အတူ ပန်းဝင်မှာဖြစ်ပါတယ်။”

ဒါကတော့ ကိုမင်းကိုနိုင်ရဲ့အမြင် ဖြစ်ပါတယ်။ ၁၉၆၂ နောက်ပိုင်း ကျောင်းသားလှုပ်ရှားမှုတွေထဲမှာ ထင်ရှားတဲ့ ၁၉၇၅ အရေးအခင်း နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ကိုသန်းနိုင်ကလည်း စစ်တပ်က ဘယ်လောက်ချေမှုန်းပေမယ့် ခွပ်ဒေါင်းစိတ်ဓာတ်ဟာ ခိုင်မာအဓွန့်ရှည်ခဲ့တယ်လို့ ပြောပါတယ်။

“သမဂ္ဂအဆောက်အအုံမရှိပေမယ့်လည်း သမဂ္ဂစိတ်ဓာတ်ကို လက်ဆင့်ကမ်းပြီးတော့ 7 July နေ့ကို ရောက်တိုင်း ရောက်တိုင်း ဘယ်လိုအခြေအနေအောက်မှာပဲဖြစ်ဖြစ် ကျဆုံးခဲ့တဲ့ ရဲဘော်တွေ နောင်တော် ရဲဘော်တွေကို ဂုဏ်ပြုခဲ့ကြတယ်။ ကျနော်တို့ခေတ်မှာလည်း တလျှောက်လုံးမှာလည်း တော်တော် တင်းတင်းကြပ်ကြပ် ပိတ်ထားတဲ့ ကြားထဲကကိုပဲ အဲဒီနေ့မှာဆိုရင် အနည်းဆုံးတော့ ကျောင်းတွေမှာ ကဗျာ စာအုပ်လေးတွေထွက်တယ်။ လက်ကမ်းစာစောင်လေးတွေထွက်တယ်။ နံရံကပ်စာစောင်လေးတွေ ထွက်တယ်။ စစ်အာဏာရှင်ကို ကျနော်တို့ ဘယ်တော့မှ အရှုံးမပေးဘူး ဒူးမထောက်ဘူးဆိုတဲ့ မက်ဆေ့ချ်ပေါ့ ဗျာ။”

၁၉၆၂ ခုနှစ်က စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်နေကြသော ကျောင်းသားများ။

၈၈ မျိုးဆက်နိုင်ငံရေးသမား ကိုဇော်ရမ်းကလည်း မျိုးဆက်သစ်တွေရဲ့ တာဝန်ကျေမှုကြောင့် အာဏာရှင်စနစ်ဟာ အခုတော့ နေဝင်ချိန်ရောက်နေပါပြီလို့ သုံးသပ်ပါတယ်။

“ကျနော်တို့ ၈၈ မှာ လှုပ်ရှားခဲ့တာက ကျနော်တို့ နောင်တော် 7 July ကျောင်းသားတွေရဲ့ သွေးကပေးတဲ့ ဝိညာဉ်တွေ။ အကုန်လုံးပူးကပ်ပြီး တိုင်းပြည်အတွက်လုပ်ရမယ်ဆိုတဲ့ဟာက 7 July ချပေးတဲ့ သန္ဓေတွေဗျ။ ကျောင်းသားတွေရဲ့ အမှန်တရား မြတ်နှိုးမှု သမိုင်းပေးတာဝန်တွေကို ဘယ်လိုအာဏာရှင်မှ ချေမှုန်းလို့မရဘူး။ အခုနောက်ဆုံး GZ တွေအထိ ကျောင်းသားအဆင့်ဆင့်က သယ်ဆောင်လာတဲ့တော်လှန်ရေးကြီးဗျ။ ဒီတော်လှန်ရေးကြီးကို ဘယ်သူမှ ဖျက်လို့မရဘူး အခုဆိုရင် ဒီတော်လှန်ရေးကြီးက နိုင်ဖို့ပဲရှိတယ်လေ”

၂ဝ၂၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြသော ကျောင်းသားများ။ (Photo: Dagon University Students' Union)

၂ဝ၂၁ မျိုးဆက်ဖြစ်တဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းဟန်ထက်ကလည်း ခေတ်အဆက်ဆက် တော်လှန်ရေးရည်မှန်းချက်တွေအတွက် တိုက်ပွဲဝင်ကြဖို့ မျိူးဆက်သစ်အားလုံးကို တိုက်တွန်းလိုက် ပါတယ်

“စစ်အာဏာရှင်က သူ့ရဲ့အာဏာကို ထိပါးလာနိုင်တဲ့သူမှန်သမျှ သူ့ရဲ့လုပ်ရပ်တွေအားလုံးကို တားဆီးလာနိုင်တဲ့ သူမှန်သမျှကို သူကရက်ရက်စက်စက် သတ်ဖြတ်ပြတယ်။ သူဟာ ရန်ငါစည်းပြတ်စွာနဲ့ လွန်ခဲ့တဲ့ နှစ် ၆ဝ ကတည်းက ဒါတွေကို လုပ်ခဲ့တာဖြစ်တယ်။ ဒါ့ကြောင့် ကျနော်တို့ကျောင်းသားထုတစ်ရပ်လုံး ပြည်သူတစ်ရပ်လုံးကနေပြီးတော့လည်း ကျနော်တို့ ဒီတော်လှန်ရေးလမ်းစဉ်တွေအတိုင်း တသွေမတိမ်းတဲ့ လုပ်စရာရှိတဲ့ အလုပ်တွေ ပြတ်ပြတ်သားသားလုပ်ဖို့ လိုတယ်။ ရန်ငါပြတ်စွာနဲ့ ဆက်ပြီးတော့တော်လှန်ရေးလမ်းကို လျှောက်ဖို့ လိုတယ်။ နောက်တစ်ချက်ကကျတော့ လက်ရှိအချိန်အခါတော့ စစ်အုပ်စုမလိုချင်တဲ့ စစ်အာဏာရှင်တွေ မလိုချင်တဲ့ အခြေအနေမျိုးတော့ ရောက်နေခဲ့ပြီပေါ့ဗျာ။ ဆိုလိုချင်တာက ပြည်သူလူထုတစ်ရပ်လုံးက စည်းလုံးညီညွတ်လာကြတယ် လူမျိုးပေါင်းစုံ စည်းလုံးညီညွတ်လာကြတယ်။ ဒါတွေကိုစစ်အာဏာရှင်က ဘယ်တုန်းကမှ လိုချင်ခဲ့တဲ့ကိစ္စတွေ မဟုတ်ဘူး။ ဒီလိုအချိန်မှာ ကျနော်တို့ဟာ ရန်သူ့ရဲ့ရင်ဘတ်ကို မျှားတစ်ချောင်းလိုမျိုး စိုက်ဝင်ပြီးတော့ ထိုးခွဲနိုင်မယ့် လူထုလူတန်းစားတစ်ရပ်လုံးရဲ့ညီညွတ်မှုမျိုးကို ကျနော်တို့ဟာ တည်ဆောက်ဖို့ လိုတယ်။ လူငယ်မျိုးဆက်သစ်တွေရဲ့ ရုန်းကန်မှုနဲ့အတူတူ ကျနော်တို့ဟာ နိုင်ငံတော်သစ်တစ်ရပ်မွေးဖွားခြင်းဆိုတဲ့ သမိုင်းစာမျက်နှာသစ်တစ်ခုကို ဖွင့်လှစ်နိုင်တော့မှာဖြစ်တယ်။”

၁၉၆၂ စစ်တပ်ရဲ့ လူအစုအပြုံလိုက်သတ်ပွဲ အနှစ် ၆ဝ ပြည့်ကာလ တော်လှန်ရေးသမားတချို့ရဲ့ သဘောထားအမြင်တွေ ဖြစ်ပါတယ်။ ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org