AA ခေါ်သွားတဲ့ထဲက မီးသတ် ခုနှစ်ဦး ပြန်ရောက်မလာသေး
2019.11.09

အောက်တိုဘာ ၁၁ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ထမရာဇ်ရွာအနီးမှာ မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦးနဲ့ အရပ်သား ၁၂ ဦးကို AA က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။
အဲဒီထဲက အရပ်သား ၁၂ ဦးကို အောက်တိုဘာ ၂၇ ရက်နေ့က ပြန်လွှတ်ပေးခဲ့ပါတယ်။
နိုဝင်ဘာ ၆ ရက်နေ့မှာတော့ ဖမ်းဆီးထားတဲ့ မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦးထဲက ဒုတိယ မီးသတ်ဦးစီးမှူး ဦးမြင့်ဇော်ဟာ ဖမ်းဆီးစစ်ဆေးနေစဉ် နှလုံးရပ်သေဆုံးသွားကြောင်း၊ ကျန်တဲ့သူတွေကို ပြန်လွှတ်ပေးလိုက်ကြောင်း AA က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
၁၈ ဦးကို ပြန်လွှတ်ပေးလိုက်ပြီလို့ AA က ပြောပေမယ့် ၁၁ ဦးကိုသာ ပြန်လည် လက်ခံရရှိထားကြောင်း ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးစံရွှေထွန်းက ပြောပါတယ်။
“ကျွန်တော်လက်ခံထားတဲ့ ၁၁ ဦးရှိတယ်ဆိုတာပဲ ပြောချင်ပါတယ်။ ခုနှစ်ယောက်ကျန်တယ် ကျွန်တော်တို့ လိုက်လံစုံစမ်းပြီး ဘယ်နေရာမှာရှိနေလဲ သွားကြိုဖို့ စီစဉ်ထားပါတယ်”
ပြန်ရောက်လာတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေမှာ စိတ်ဒဏ်ရာရှိနိုင်တဲ့အတွက် ကုစားမှုတွေ လုပ်နေရပြီး တွေ့ဆုံမှုတွေ၊ မေးမြန်းမှုတွေကို ကန့်သတ်ထားတယ်လို့ ပြောပါတယ်။
သူတို့ကိုမေးမြန်းကြည့်တဲ့အခါမှာ AA က ထိန်းသိမ်းထားချိန်မှာ စားသောက်ရေးနဲ့ ကျန်းမာရေးအတွက် စီစဉ်ဆောင်ရွက်ပေးတယ်လို့လည်း ဆိုပါတယ်။
AA ပြောခွင့်ရ ခိုင်သုခကတော့ သူတို့က မီးသတ်သမား ၁၈ ဦးလုံးကို လွှတ်ပြီးပြီလို့ RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ဘက်က လွှတ်ပေးလိုက်တုန်းက ၁၈ ယောက်အပြည့်ပဲဗျ။ သူတို့သွားကြပြီး လမ်းခရီးမှာ ဘယ်လိုဖြစ်သွားလဲဆိုတာတော့ မပြောတတ်ဘူး။ ရောက်လာတဲ့ ၁၁ ယောက်ကိုပဲ သူတို့အနေနဲ့ စုံစမ်းသင့်တာပေါ့ ဟို ခုနှစ်ယောက် ဘာကြောင့် မီးသတ်ဌာနကို ပြန်မလာတာလဲဆိုတာ ကျွန်တော်တို့လည်း မပြောတတ်ဘူး”
နိုဝင်ဘာ ၆ ရက်နေ့ ညနေပိုင်းက မြောက်ဦးမြို့နယ် ကျေးရွာ အုပ်ချုပ်ရေးမှူး သုံးယောက်ထံမှာ မီးသတ် တပ်ဖွဲ့ဝင်တွေကို လွှဲပြောင်းပေးခဲ့တာဖြစ်တယ်လို့ AA က ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကတော့ AA အဖွဲ့က လာအပ်စဉ်မှာ မီးသတ်တပ်ဖွဲ့ဝင် ၁၁ ဦးကိုသာ လက်ခံရရှိခဲ့တာ ဖြစ်တယ်လို့ RFA ကိုပြောပါတယ်။
ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးခဲ့တဲ့ ဆုထူးစံ ကုမ္ပဏီနဲ့ နန်းမှန်သစ္စာ ကုမ္ပဏီ ဝန်ထမ်း ကိုးဦး၊ ရွှေပြည်သစ် ယာဉ်လိုင်းပေါ်က မီးသတ်တပ်ဖွဲ့အတူ ဖမ်းဆီးခံထားရတဲ့ အရပ်သား ၁၂ ဦး၊ ရွှေနဒီရေယာဉ်ပေါ်က ဖမ်းဆီးခံရသူ ၂၅ ဦးနဲ့ အခုတစ်ကြိမ် မီးသတ်တပ်ဖွဲ့ဝင် ၁၈ ဦးကို ပြန်လွှတ်ပေးခဲ့တာကြောင့် အရပ်သားတွေကို ဖမ်းဆီးထားတာမရှိတော့ကြောင်း AA က ကြေညာထားပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက AA ကထုတ်ပြန်တဲ့ စာရင်းဇယားပါ အချက်တွေဟာ မြေပြင်အခြေအနေနဲ့ ကွဲလွဲမှုတွေရှိနေတယ်လို့ ပြောပါတယ်။
“စစ်ရေးနဲ့ မပတ်သက်တဲ့ အရပ်သားတွေ အကုန်လွှတ်လိုက်ပြီလို့တော့ ပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီက ရရှိတဲ့ စာရင်းနဲ့တွက်ကြည့်ရင် သူတို့ဆီမှာ အများကြီးကျန်သေးတယ်။ ပြန်လွှတ်မလာသေးတဲ့ အဖွဲ့တွေ AA ကထုတ်ပြန်တဲ့စာရင်းတွေနဲ့ ပြန်လွှတ်တဲ့စာရင်းတွေက အများကြီးကွာဟမှု ရှိတယ်။ ဒါကတော့ ကျွန်တော် ပြောလို့ရတယ်”
တပ်မတော်က ရရှိထားတဲ့စာရင်းတွေအရဆိုရင် ရွှေနဒီအမြန်ရေယာဉ်ပေါ်က ဖမ်းဆီးခံထားရသူ အယောက် ၃၀ နီးပါးနဲ့ NLD လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း အပါအဝင် ပလက်ဝဘက်က ဖမ်းဆီးထားတဲ့သူ အယောက် ၂၀ စုစုပေါင်း အယောက် ၅၀ ကျော် AA အဖွဲ့လက်ထဲမှာ ကျန်ရှိနေသေးတယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေဖြစ်ပွားနေတာ တစ်နှစ်နီးပါး ရှိနေပြီဖြစ်ပြီး နှစ်ဘက်တပ်က ဖမ်းဆီးစစ်ဆေးခဲ့သူ ဒေသခံတွေ ရာနဲ့ချီ ရှိနေပါတယ်။ စာရင်းအတိအကျကိုတော့ တပ်မတော်နဲ့ AA က အတိအကျ ထုတ်ပြန်ပြောဆိုတာ မရှိပါဘူး။
တိုက်ပွဲကြောင့် ဒေသခံ ခုနှစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး သေဆုံးတဲ့အရပ်သား ၉၀ နီးပါးနဲ့ ဒဏ်ရာရရှိတဲ့အရပ်သား ၁၃၀ ကျော်ရှိတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေက ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။