မြေပုံဒေသခံ ငါးဦးကို တပ်က ဖမ်းဆီး

ဝေမာထွန်း
2019.11.11
myebon-map-622 ရခိုင်ပြည်နယ် မြေပုံမြို့နယ် မြေပုံကို တွေ့ရစဥ်
Photo: Google Map

ရခိုင်ပြည်နယ် မြေပုံမြို့နယ်၊ ရွာသာယာကျေးရွာကို AA အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ တပ်မတော်က မနေ့ကစတင်ပြီး ဝင်ရောက်စစ်ဆေးနေရာမှာ ရွာသား ရှစ်ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သုံးဦး ပြန်လွတ်လာပြီး ငါးဦးကတော့ တပ်မတော်ရဲ့ လက်ထဲမှာ ရှိနေဆဲဖြစ်တယ်လို့ ရွာခံတွေက ပြောကြ ပါတယ်။

မနေ့က ရွာသာယာ ကျေးရွာသား ငါးဦးကို တပ်မတော်က ဖမ်းဆီးခဲ့ပြီး ညနေပိုင်းမှာ သုံးဦးကို ပြန်လွှတ်ပေးလိုက်တယ်၊ ဒီနေ့ မနက်မှာတော့ နောက်ထပ် နှစ်ဦးကို ဖမ်းဆီးသွားပြီး ညနေပိုင်းမှာ တစ်ဦး ထပ်မံအဖမ်းခံရတယ်လို့ ရွာသားတွေက ပြောပါတယ်။

တပ်မတော်က မနေ့က မနက်ပိုင်းက စတင်ပြီး ရွာသာယာကျေးရွာကို အင်အား ၁၀၀ ကျော်နဲ့ ရွာတွင်းရွာအပြင် ဝိုင်းထားပြီး နေအိမ်တွေကို တစ်အိမ်တက် တစ်အိမ်ဆင်း သန်းခေါင်စာရင်းနဲ့ လူဦးရေ တိုက်ဆိုင်စစ်ဆေးမှုတွေ လုပ်ဆောင်နေခဲ့တာလို့ သိရပါတယ်။ AA အဖွဲ့နဲ့ ဆက်စပ်မယ်လို့ ယူဆရတဲ့အတွက် အခုလို စစ်ဆေးနေတာပါ။

လွတ်လာတဲ့ သုံးဦးလည်း ရိုက်နှက်စစ်ဆေးခံခဲ့ရတယ်လို့ အမည်မဖော်ရဲတဲ့ ရွာသာရွာကျေးရွာသား တစ်ဦးက RFA ကိုပြောပါတယ်။

အကုန်လုံးအဖမ်းခံရတာအခုဆိုရင် ခုနှစ်ယောက် အဖမ်းခံရတယ် ရွာထဲကိုဝင်ပြီးတော့ တစ်အိမ်ဝင်တစ် အိမ်ထွက်လိုက်ရှာနေတယ်။ ခုနှစ်ယောက်မှာ လူမှားလို့ဖမ်းတယ်ဆိုပြီးတော့ သုံးယောက်တော့ပြန်လွှတ် ပေးလိုက်တယ်။ လွတ်လာတဲ့သူတွေလည်း တော်တော်ကြီး နှိပ်စက်ခံထားရတယ်။ မျက်နှာတွေရောင်ရမ်း၊ ခေါင်းတွေကွဲ၊ ပေါင်တွေကို အပ်တွေနဲ့ထိုး အဲဒီလိုစစ်ဆေးတာတွေလုပ်တယ်။ ဖမ်းပြီးတော့ သူတို့နေတဲ့နေရာပေါ့ သူတို့က ဒီဘက်ဘုန်းကြီးကျောင်းမှာ နေတယ်။ နောက် ရယကရုံးမှာနေတယ်။ နောက်တောထဲမှာ နေတယ်။ သူတို့ကိုစစ်တဲ့အချိန်မှာတော့ တောထဲမှာခေါ်စစ်တယ်

တပ်မတော်က လက်ရှိဖမ်းဆီးထားသူတွေဟာ ဦးတင်မြင့်၊ ဦးမောင်သန်းမြင့်၊ ဦးတင်မောင်ညွန့်၊ ဦးခင်မောင်လေးတို့ ဖြစ်ပြီး အသက် ၃၇ နှစ်အရွယ် နှစ်ဦး၊ အသက် ၄၇ ဝန်းကျင် နှစ်ဦးဖြစ်ကြောင်း  ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒီနေ့ညနေပိုင်းမှာ အဖမ်းခံရသူက အသက် ၄၆ နှစ်အရွယ် ဦးတင်မြင့် ဆိုသူဖြစ်ပါတယ်။

ပြန်လွတ်လာသူတွေက ဦးအောင်သိန်း၊ ဦးသိန်းဝင်းနဲ့ ဦးမောင်သန်းမြင့် တို့ ဖြစ်ပါတယ်။ အဲဒီထဲက ဦးမောင်သန်းမြင့်က ရိုက်နှက်ခံရတာကြောင့် ခေါင်းမှာ ဒဏ်ရာရလာတယ်လို့ သိရပါတယ်။

ဒီရွာဟာ ရက္ခိုင့်တပ်တော် AA ကို ထောက်ပံ့ပေးနေသလို AA နဲ့ ဆက်စပ်မှုတွေရှိနေတယ်ဆိုတဲ့ သတင်းတွေ ရထားတဲ့အတွက် တပ်မတော်ကရွာကို စစ်ဆေးတာရှိတယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

ဒီအနီးနားတဝိုက်မှာ မကြာခဏ တပ်မတော်က မိုင်းဆွဲ တိုက်ခိုက်ခံရတာတွေ ရှိတယ်လို့ ပြောပါတယ်။

တပ်မတော်က ရွာအတွင်း စစ်ဆေးမှုတွေရှိပေမယ့် ဖမ်းဆီးထားတာ မရှိကြောင်း ရိုက်နှက်တာတွေလည်း မရှိကြောင်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဆိုပါတယ်။

ဖမ်းဆီးစစ်ဆေးတာတော့မဟုတ်ပါဘူး။ ကျွန်တော်တို့ကရွာထဲကို ဝင်ပြီးတော့ မသင်္ကာတဲ့သူတွေကို မေးမြန်းကြည့်တာ။ ရိုက်တာပုတ်တာတော့ ကျွန်တော်မေးကြည့်တာ မဟုတ်ဘူးလို့ ပြောတယ်။ ကျွန်တော်တို့က ခဏတစ်ဖြုတ်ပဲခေါ်မေးတာ ပြီးလို့ရှိရင် ပြန်လွှတ်မှာ။ ဒါပေမဲ့ AA နဲ့စပ်ဆက်နေတဲ့သူတွေ ရှိတယ်။ သူ့ဆီက ခိုင်လုံတဲ့အထောက်အထားတွေရတယ်ဆိုရင် ဥပဒေကြောင်းအရတော့ ဆက်လုပ်မှာပဲလေ။ ဒီတိုင်းတော့ AA နဲ့စပ်ဆက်နေတာကိုသိရဲ့သားနဲ့ ကျွန်တော်တို့က ဒီတိုင်းမထားဘူး။ AA လိုတော့သတ်မပစ်ဘူး သေချာတယ်”

တပ်မတော်က မနေ့ကစပြီး ရွာသာယာကျေးရွာကို အပြင်လူ ပေးမဝင်သလို ရွာအတွင်းကနေလည်း ထွက်ခွင့်မပေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကျေးရွာတွေအတွင်း တပ်မတော်က စစ်ဆေးဆောင်ရွက်နေမှုတွေအပေါ် လွှတ်တော်အတွင်း တင်ပြဆွေးနွေးနိုင်ဖို့ကလည်း အခက်အခဲတွေ ရှိနေတယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

ရွာသားတွေကို ဖမ်းဆီးမယ်၊ စစ်ဆေးမယ်။ ကြာလာရင်တော့ ဒေသခံတွေအနေနဲ့ စားဝတ်နေရေးကအစ ကြောက်ရွံ့တာတွေ ဖြစ်ပေါ်နေတာပေါ့။ ဒီလိုအခြေအနေမျိုး ဘယ်လောက်ထိ ဆက်ရှိမလဲစစ်ရေးကိစ္စမို့ ဒီဖက်မှာလုပ်ရတာက နဲနဲ မထိရောက်ဘူးပေါ့။ ကျွန်တော်တို့က စောင့်ကြည့်ရတဲ့သဘောပဲ။ အမှန်ကလွှတ်တော်ထဲမှာ ဒီကိစ္စက ငြိမ်းချမ်းရေးရဖို့အတွက် အဆိုတင်ပြီးတော့ ဆွေးနွေးရမယ့် သဘောတော့ရှိတယ်။ ဒါပေမဲ့ လောလောဆယ် လွှတ်တော်က ဒါမျိုးတွေခွင့်ပြုမှာ မဟုတ်သေးဘူး”

မနေ့က မနက်ပိုင်းကလည်း ရွာသာယာကျေးရွာကို ငါးလာရောင်းတဲ့ ဝက်ရူးကျေးရွာက လင်မယားနှစ်ဦး ယောချောင်းအတွင်း စက်လှေမောင်းနှင်သွားစဉ်မှာ သေနတ်နဲ့ ပစ်ခတ်ခံရတဲ့အတွက် အမျိုးသမီးရဲ့ ဘယ်ဘက် ရင်အုံ ကျည်သင့်ပြီး သေဆုံးသွားခဲ့ပါတယ်။

ဒေသခံတွေက တပ်မတော်ဘက်က ပစ်တာလို့ ပြောနေကြပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက တပ်မတော်က ပစ်ခတ်တာ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

အဲဒီဖြစ်စဉ်ဟာ မနေ့က မနက် ၇ နာရီခန့်မှာ ပေါ်ပေါက်ခဲ့တာဖြစ်ပြီး တပ်မတော်က ရွာသာယာရွာကို နေ့လယ်မှ ရောက်ရှိလာတာလို့ သူက ပြောပါတယ်။

ရက္ခိုင့်တပ်တော် AA က ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ အဲဒီအမျိုးသမီးသေဆုံးမှုဟာ တပ်မတော်ရဲ့ လုပ်ဆောင်ချက်လို့ ပြောပါတယ်။

ဗမာစစ်တပ်ကနေပြီးတော့ သေနတ်နဲ့ပစ်လို့ အမျိုးသမီးသေသွားတာရှိတယ် ကိုယ်ဝန်လည်း လေးလ ရှိတာပေါ့။ အဲဒီဥစ္စာ ဗမာစစ်တပ်က သူတို့ကိုပစ်သတ်တာ။ မိသားစုက ယူဆတာမဟုတ်ဘူး။ သူတို့စက်လှေကို ပြန်သွားခိုင်းပြီးတော့ နောက်ကကို လိုက်ပစ်သတ်တာ။ ရွာသားတွေက မျက်မြင်သက်သေတွေ မြင်ကြတာဖြစ်တယ်”

သေနတ်ကျည်မှန်လို့ သေဆုံးသွားတဲ့ ဒေါ်ဦးခင်သန်းရဲ့ ရုပ်အလောင်းကို မနေ့က မြေပုံမြို့  ပြည်သူ့ဆေးရုံကို သယ်ဆောင်ပြီး ဆေးစစ်ချက် ရယူခဲ့ပြီးနောက် ဒီနေ့ နေ့လယ်မှာ ဝက်ရူးကျေးရွာမှာ သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

ဆေးစစ်ချက်ရယူထားတဲ့ အခြေအနေနဲ့ အမှုဖွင့်ဆောင်ရွက်ထားမှု အခြေအနေတွေကို သိနိုင်ဖို့ ဒေါ်ဦးခင်သန်း ရဲ့ ခင်ပွန်းဖြစ်သူကို RFA က မေးမြန်းဖို့ ကြိုးပမ်းနေပေမယ့် အဆက်အသွယ်မရရှိသေးပါဘူး။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ AA တို့ကြားဖြစ်ပွားနေတဲ့ တိုက်ပွားတွေကြောင့် သေဆုံးသူ ၉၀ ကျော်ရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၄၀ နီးပါးရှိကြောင်း ဒေသအခြေစိုက် အရပ်ဘက်အဖွဲ့တွေက ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။