သိမ်းဆည်းထားတဲ့ လယ်ဧက ၃ သိန်းကျော်ကို ပြန်ပေးအပ်သွားမဲ့အကြောင်း တင်ပြချက်
2014.12.19
ပြည်ထောင်စုအစိုးရက ဖွဲ့စည်းထားတဲ့ မြေအသုံးချမှုစီမံခန့်ခွဲရေး ဗဟိုကော်မတီက ကာကွယ်ရေးဝန်ကြီးဌာန၊ အစိုးရဝန်ကြီးဌာနတွေ၊ ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်းတွေက သိမ်းဆည်းထားတဲ့ လယ်ဧက ၃သိန်းကျော်ကို မူလပိုင်ရှင်တွေထံ ပြန်လည် ပေးအပ်သွားမှာဖြစ်တယ်လို့ ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
အဲ့ဒီထုတ်ပြန်ချက်အပေါ် ပြည်ထောင်စုလွှတ်တော်ရဲ့ လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်တွေရဲ့ သဘောထားအမြင်တွေကို RFA သတင်းထောက် မဝေမာထွန်းက စုစည်းတင်ပြထားပါတယ်။
ဒီနေ့ထုတ် နိုင်ငံပိုင် သတင်းစာထဲမှာ ကာကွယ်ရေး ဝန်ကြီးဌာန အပါအဝင် အစိုးရဝန်ကြီးဌာနတွေ၊ ကုမ္ပဏီ အဖွဲ့အစည်းတွေက သိမ်းဆည်းထားတဲ့ လယ်မြေဧက သုံးသိန်းကျော်ကို မူလပိုင်ရှင်တွေထံ ပြန်လည်ပေးအပ်မှာ ဖြစ်ကြောင်း ကြေညာ လိုက်ပါတယ်။
မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီရဲ့ကြေညာချက်မှာ မူလပိုင်ရှင်တွေဆီ ပြန်ပေးဖို့ ဆုံးဖြတ်ထားတဲ့ လယ်ဧက သုံးသိန်းကျော်မှာ တစ်သိန်းလေးသောင်းကျော် ကို လွှဲပြောင်းပေးပြီး ဖြစ်သလို လွှဲပြောင်းပေးဖို့ အတွက် တစ်သိန်းခြောက်သောင်းကျော် ဆက်လက်လွှဲပြောင်းပေးသွားမယ် လို့ ဆိုပါတယ်။
အဲ့ဒါကြောင့် အစိုးရက ပြန်လည်ပေးအပ်တဲ့ လယ်မြေတွေမှာ မိမိတို့လယ်မြေတွေ ပါရှိမရှိကို သက်ဆိုင်ရာကျေးရွာ၊ မြို့နယ်နဲ့ ရပ်ကွက်တွေက မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီတွေထံမှာ စုံစမ်းရမှာ ဖြစ်ပါတယ်။ ပြန်လည်ပေးအပ်တဲ့ အထဲမှာပါရှိတယ်ဆိုရင် မြေပိုင်ဆိုင်ခွင့် အထောက်အထားတွေနဲ့ လွှဲပြောင်း လက်ခံယူရမှာဖြစ်ပါတယ်။
လယ်မြေဧက သုံးသိန်းကျော် ကိုမူလပိုင်ရှင်တွေဆီ ပြန်ပေးတယ်ဆိုတာ နည်းနေသေးတဲ့ ပမာဏ ဖြစ်ပြီး တပ်မတော်သိမ်းဆည်းထားတာတင် ဒီထက်များ တယ်လို့ ပြည်ထောင်စုလွှတ်တော် လယ်ယာမြေ စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင် ဦးဖေသန်း ကပြောပါတယ်။
"ဧက ၃ သိန်းကျော်ဆိုတာတော့ အများကြီးနည်းနေပါသေးတယ်၊ ကျနော်တို့ လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှာ တိုင်စာတွေလဲအများကြီးပါ၊ တချို့နေရာတွေကြတော့လဲ တိုင်တဲ့ဧကနဲ့ တကယ်တမ်းဧကနဲ့ ကွာခြားကောင်းကွာခြားပါလိမ့်မယ်၊ ဒါပေမယ့် ၃ သိန်းဆိုတာကတော့ ကျနော်တို့တပ်မတော်တစ်ခုလုံးသိမ်းထားတာတောင်မှ ၃ သိန်းကျော်တယ်ခင်ဗျ၊ အဲ့တော့ကျနော်တို့ ဘာပဲပြောပြောစာရင်းအကုန်လုံး၊ တိုင်သမျှပေါ့နော်၊ တစ်ခုချင်းကြေငြာသင့်တာပေါ့၊ တပ်ကကျနော်တို့ တိုင်စာအပေါ်မှာ ဧရိယာဘယ်လောက်ကို မပေးသေးဘူး၊ ဘယ်လောက်ကိုတော့စွန့်လွှတ်ပြီးပြီ၊ ဌာနဆိုင်ရာကတော့ ဘယ်လောက်မပေးနိုင်သေးဘူး၊ ဘယ်လောက်စွန့်လွှတ်ပြီးပြီ၊ ဝန်ကြီးဌာနက တစ်ခုချင်းအလိုက်ကို ထုတ်ပြန်သင့်ပါတယ်၊ ဒါမှ ကျနော်တို့ကလဲ ပိုပြီးတော့ နားလည်မှပေါ့ "
ပြည်ထောင်စုလွှတ်တော်က သိမ်းဆည်းခံလယ်ယာမြေတွေကို စုံစမ်းဖော်ထုတ်ဖို့အတွက် လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေအလိုက် ၁၁ ဖွဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ဒေသအလိုက် အဖွဲ့ခွဲတွေကတင်ပြတဲ့ မြေယာပြဿနာတွေကို ကော်မရှင်က တစ်ဆင့်အစိုးရ မြေအသုံးချမှု စီမံခန့်ခွဲရေးဗဟို ကိုတင်ပြတာဖြစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော်ကဖွဲ့စည်းထားတဲ့ လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ တင်ပြချက်တွေကို အခြေခံပြီး ပြည်ထောင်စု အစိုးရ၊ မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟို ကော်မတီက ဒီနေ့ကြေညာချက်ထုတ်ပြန်တာလို့ဆိုပါတယ်။
ဒါပေမဲ့ လွှတ်တော်က တင်ပြချက်နဲ့ ကွဲလွဲနေတယ်လို့ ပြည်ထောင်စု လွှတ်တော် လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင် ဦးမင်းသူ က ပြောပါတယ်။
" ဥပဒေနဲ့ အညီဖြစ်အောင်ဆိုပြီးမှ လျော်ကြေးပေးမှုတွေရှိခဲ့၊ မရှိခဲ့ကျနော်လိုချင်တာ၊ ဒီလျော်ကြေးပေးပြီးမှပဲဖြစ်ဖြစ်၊ လျော်ကြေးမပေးပဲဖြစ်ဖြစ် သိမ်းဆည်းခံတဲ့ အခါကျတော့ အသုံးမပြုတဲ့မြေပေါ်မှာ ပြန်ပြီးပေးဖို့ အဲ့အပေါ်မှာ ၂ မျိုးကွဲပါတယ်၊ ၁ မျိုးကတော့ တချို့ကတော့သိမ်းတယ်၊ သိမ်းတော့မူလစီမံကိန်းတိုင်းဆောင်ရွက်တာမဟုတ်ဘူး၊ တခြားခေါင်းစဉ်ပြောင်းပြီးမှဆောင်ရွက်တာ ဆိုရင်လဲ၊ အဲ့ဒါမျိုးလဲမဖြစ်ဘူး၊ အဲ့အပေါ်မှာလဲ ဒါဖြေရှင်းချက်တစ်ခုပေးရမယ်၊ တကယ်လို့ မူလစီမံကိန်းတိုင်းမဆောင်ရွက်လို့ လွတ်နေတဲ့ မြေတွေအပေါ်မှာ သူတို့ရဲ့ဌာနပိုင် ဒါမှမဟုတ် ပုဂ္ဂလိကပိုင်တွေဖြစ်တယ်၊ မြေသိမ်းတဲ့အခါလျော်ကြေးပေးရမယ်၊ ပိုတဲ့မြေတွေ၊ အသုံးမပြုတဲ့မြေတွေဆိုရင်လဲ ဒါပြန်ပေးရမယ်၊ စုံစမ်းကော်မရှင်က တင်ပြခဲ့တာဖြစ်တယ်၊ အခုကတော့သူတို့က သတင်းထုန်ပြန်ချက်အပေါ်မှာ ဘယ်လိုမှ၊ ဘာမှ ဖော်ပြထားတာအရှင်းမတွေ့ရတဲ့ သဘောမျိုးဖြစ်တယ်"
ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနဲ့ အခြားမြေများစုံစမ်းစစ်ဆေးရေးကော်မရှင် ရဲ့ လေ့လာတွေ့ ရှိချက်အရ တပ်မတော်အပါအဝင် အစိုးရဝန်ကြီး ဌာနတွေနဲ့ ဦးပိုင်အပါအဝင် ကုမ္ပဏီကြီးတွေ၊ အဖွဲ့အစည်းတွေက သိမ်းယူထားတဲ့ လယ်မြေတွေဟာ နစ်နာကြေးအနည်းငယ်ပေးယုံနဲ့ တရားဥပဒေမဲ့ သိမ်းဆည်းထားတာ များတယ်လို့ ကော်မရှင် အဖွဲ့ဝင်တွေက ပြောပါတယ်။
တပ်မတော်နဲ့ ဝန်ကြီးဌာနတွေက စီမံကိန်း ခေါင်းစဉ်တပ် သိမ်းဆည်းခဲ့တာတွေထဲမှာ စီမံကိန်းမလုပ် ဖြစ်ဘဲ ရှိနေတာ မျိုးတွေရှိပြီး အဲ့ဒီလို မြေယာတွေကို မူလလုပ်ကိုင်သူတွေထံ ပြန်ပေးဖို့ လိုတယ်လို့ ထောက်ပြကြပါတယ်။
အစိုးရနဲ့ ပြည်သူတွေကြား ကောင်းမွန်တဲ့ဆက်ဆံရေး ဖြစ်ဖို့အတွက် မြေယာပိုင်ဆိုင်မှု အထောက် အထား အမှန်ကိုင်ဆောင်ထားသူတွေကို သူတို့ရဲ့ မူလ လယ်မြေတွေ ပြန်ပေးဖို့လိုသလို စီမံကိန်း အသုံးပြုပြီး ဆိုရင် သင့်တော်တဲ့ လျော်ကြေးနဲ့ မြေအစားထိုးချထားပေးဖို့ လိုတယ် ဆိုတဲ့ ထောက်ပြ မှုတွေ လည်းရှိပါတယ်။
လယ်မြေပြဿနာတွေမှာ မူလလုပ်ကိုင်သူတွေအနေနဲ့ ပိုင်ဆိုင်မှု အထောက်အထားမပြနိုင်တဲ့ အခက်အခဲတွေရှိသလို သီးစားလုပ်ကိုင်သူတွေက လယ်မြေမှာ ဆက်လက်လုပ်ကိုင်လိုတဲ့ ပြဿနာတွေလည်း ရှိနေတာ ဖြစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းစစ်ဆေးရေးကော်မရှင် အနေနဲ့ ၁၉၈၈ ခုနှစ်နောက်ပိုင်း လယ်ယာမြေပြဿနာများ ကိုသာ ဖြေရှင်းဆောင်ရွက်ပေးနေပြီး တိုင်တန်းမှုတွေ အရတော့ ၁၉၆၂ ခုနှစ်ကာလက အစိုးရ ကသိမ်းယူခဲ့တဲ့ လယ်မြေပြဿနာတွေလည်း ပါဝင်တယ် လို့ ကော်မရှင် အဖွဲ့ဝင် ဦးလှဆွေက ပြောပါတယ်။
"ကျနော်တို့ ၁၉၈၈ နောက်ပိုင်းကိုပဲ ထက်ပြီးတော့ စစ်ဆေးပါတယ်၊ အကြံပြုပါတယ်၊ ဘာလုပ်သင့်တယ်၊ မလုပ်သင့်ဘူး၊ ၈၈ အရှေ့ပိုင်းကိုပဲ ဦးနေဝင်းခေတ်က သိမ်းထားတာတွေကို ကျနော်တို့ကပြန်ပြီးတော့ မစီစစ်တော့ဘူး၊ တော်တော်လေးလဲကြာာသွားပြီလေ၊ တိုင်တာကတော့ ၆၂ ခုနှစ်အာဏာသိမ်းတဲ့ အခါတွေက အစပါတယ်ဗျာ၊အဲ့ဒါတွေနဲ့ ကျနော်တို့ကတော်တော်ဝေးနေပြီ ဆိုတော့ ကျနော်တို့ကဖြတ်ချလိုက်တယ် "
အစိုးရထုတ်ပြန်တဲ့အထဲမှာ သိမ်းဆည်းခံလယ်ယာမြေတွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် ဘယ်လောက်ပြန်ပေးပြီးပြီးလဲဆိုတာကို အသေးစိတ်ရှင်းပြဖို့ လိုအပ်မယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေကပြောကြပါတယ်။