ရခိုင်မြောက်ပိုင်းမှာ စာသင်ကျောင်း ၁၂ဝဝ ခန့် ရပ်နားထားရ
2023.11.23

[Update: 8: 37 PM, Nov 23, 2023]
ရခိုင်ပြည်နယ် ပညာရေးဌာနရဲ့ စာရင်းအရ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ မြောက်ဦးနဲ့ စစ်တွေ စတဲ့ မြို့နယ် ဆယ်မြို့နယ်မှာ တိုက်ပွဲတွေကြောင့် စာသင်ကျောင်း ပေါင်း ၁၂ဝဝ ခန့် ရပ်နားထားရတဲ့အခြေအနေ ဖြစ်နေတာပါ။
အဲဒီမြို့နယ်တွေမှာ အခြေခံပညာ စာသင်ကျောင်းပေါင်း ၁၈၀၀ ကျော်ရှိပြီး အဲဒီအထဲက ၆၅၀ လောက်သာ လည်ပတ်နိုင်တယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူး ဦးဘထွီးစိန်က RFA ကို ပြောပါတယ်။
"ရခိုင်မြောက်ပိုင်း ဆယ်မြို့နယ်မှာ ကျောင်းပေါင်း ၁၈၀၀ လောက်ရှိတယ်။ မနေ့ကအထိ လည်ပတ်နေတာကတော့ ၆၅၀ လောက်တော့ ရှိတယ်။ ပိတ်ထားတာ ကတော့ မဟုတ်ဘူး။ လူမရှိတဲ့ရွာတွေဆိုရင် မိဘတွေက မပို့တာပေါ့။ ကလေးတွေကိုစိုးရိမ်ပြီး မိဘတွေက မလွှတ်လို့ မလာကြတာပါ။ ကျောင်းပိတ်ပါလို့ ကျွန်တော်တို့က ညွှန်ကြားထားတာ မရှိပါဘူး"
စာသင်ကျောင်းတွေ ပုံမှန်ပြန်လည်ပတ်နိုင်အောင် ကျောင်းပြန်တက်ကြဖို့ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးတွေကနေတစ်ဆင့် ညွှန်ကြားထားတယ်လို့လည်း သူကပြောပါတယ်။
ရသေ့တောင်မြို့နယ် ချိန်ခါလီကျေးရွာအပါအဝင် ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့နေရာတွေမှာ ဒေသခံတွေ ရွာလုံးကျွတ် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတာပါ။
မတည်ငြိမ်တဲ့ စစ်ရေးအခြေအနေတွေကြောင့် နိုဝင်ဘာ ၁၃ ရက်နေ့ကတည်းက ကလေးတွေကို ကျောင်းမပို့တော့ဘဲ တိုက်ပွဲလွတ်ကင်းရာကို ရွှေ့ပြောင်းနေထိုင် နေရတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ရသေ့တောင်မြို့နယ် ချိန်ခါလီကျေးရွာက ကျောင်းသားမိဘတစ်ဦးက RFA ကို ပြောပါတယ်။
"တိုက်ပွဲဖြစ်နေတော့ ကျောင်းသူရော၊ ဆရာ၊ ဆရာမတွေရော အကုန်လုံး လွတ်ရာကိုရှောင်ကြတာပေါ့။ လူတွေကလည်း အခုချိန်ထိ ရွာမှာမရှိကြသေးဘူး၊ ကျောင်းမပို့တာ တိုက်ပွဲစဖြစ်တဲ့ ၁၃ ရက်နေ့ကတည်းက အခုဆိုရင် ဆယ်ရက်လောက် ရှိနေပြီ။ ကလေးတွေအနေနဲ့ ကျောင်းမဖွင့်၊ ကျောင်းမတက်ရတော့ ပညာရေးတွေ နှောင့်နှေးတာပေါ့။ ကျောင်းသားမိဘတွေအနေနဲ့ စိတ်မကောင်း ဖြစ်ကြရတယ်"

ဒါ့အပြင် စစ်ကောင်စီက AA အဖွဲ့ကို နှိမ်နင်းဖို့ ကုန်းလမ်းရော၊ ရေလမ်းတွေကိုပါ ပိတ်ဆို့ဖြတ်တောက်ထားတဲ့အတွက် ပညာရေးဝန်ထမ်းတွေအနေနဲ့ တာဝန်ကျရာ စာသင်ကျောင်းကို မသွားနိုင်ကြဘူးလို့လည်း သူကပြောပါတယ်။
ဘူးသီးတောင်မြို့နယ်က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောင်းသားမိဘတစ်ဦး ကလည်း ကလေးတွေနဲ့ ဆရာ၊ ဆရာမတွေ မလုံခြုံတာကြောင့် သူတို့ရွာမှာ ကျောင်းကို ပိတ်ထားရတယ်လို့ပြောပါတယ်။
"ကျွန်တော့်မှာ စနစ်သစ်ဆယ်တန်းတစ်ယောက် သေကံခွဆုံကျေးရွာမှာ ကျောင်းတက်နေပါတယ်။ သူကလည်း တက်မဖြစ်။ ဒီရွာမှာ လေးတန်းတက်နေတဲ့ ကျောင်းသားတစ်ယောက်ကလည်း ကျောင်းတက်မဖြစ်။ ပိတ်ထားတာကတော့ တစ်မြို့နယ်လုံး ပိတ်ထားတဲ့ပုံစံမျိုးပါ။ ဆရာ၊ ဆရာမတွေကလည်း နယ်တွေမှာ ကျောင်းပြရတာ အဆင်မပြေလို့လည်း မဟုတ်ဘူး။ မနေရဲဘူး ဟိုကဒိုင်း ဒီကဒိုင်း ပစ်သံခတ်သံထောင်းသံတွေ ကြားတော့ မိမိနေရာတွေကို ပြန်သွားမယ်ပြောပြီး ပြန်သွားတာပါ။ သားသမီးတွေကို ပညာတတ်စေချင်တဲ့ ဆန္ဒတော့ရှိပါတယ်။ ဒါပေမဲ့ တစ်ယောက်တည်းတော့ ဝမ်းနည်းကြေကွဲလို့တော့ မရတော့ဘူးလေ"
ဒါကြောင့် တိုက်ပွဲတွေရပ်စဲပြီး ကျောင်းတွေပုံမှန် ပြန်ဖွင့်မှာကို သူ့အနေနဲ့ မျှော်လင့်မိတယ်လို့လည်း ပြောပါတယ်။
"ကျွန်မတို့က ကိုယ့်ရဲ့ အသက်အိုးအိမ်စည်းစိမ်တွေအကုန် စွန့်ခွာပြီးတော့ပေါ့နော်၊ နေရပ်စွန့်ခွာပြီး ပြေးနေရတဲ့အချိန် ဒုက္ခသည်တွေ ဖြစ်နေတဲ့အချိန်မှာ ဘာကျောင်းကို သွားတက်မှာလဲ"
လက်ရှိတိုက်ပွဲတွေ ပြင်းထန်နေတဲ့ ပေါက်တောမြို့ပေါ်က အလယ်တန်းပြ ဆရာမတစ်ဦး ကတော့ ကျောင်းတွေပြန်ဖွင့်မဲ့ကိစ္စဟာ တိုက်ပွဲအခြေအနေတွေနဲ့ တိုက်ရိုက်သက်ဆိုင် နေတယ်လို့ ပြောပါတယ်။
"ဒီလိုအခြေအနေမျိုးမှာကျောင်းတက်ရမယ်ဆိုတော့လေ ဘယ်သူ့ကိုဘယ်သူက သွားပြမှာလဲပေါ့နော်။ ဆရာ၊ ဆရာမတွေအကုန်လုံးလည်း စစ်ဘေးဒုက္ခသည်တွေ ဖြစ်နေတယ်။ ကျောင်းသားတွေ၊ ကလေးတွေကလည်း ကိုယ့်အရပ်၊ ကိုယ့်နေအိမ်မှာ မရှိကြတော့ဘူးပေါ့၊ ကျွန်မတို့က ကိုယ့်ရဲ့ အသက်အိုးအိမ်စည်းစိမ်တွေအကုန် စွန့်ခွာပြီးတော့ပေါ့နော်၊ နေရပ်စွန့်ခွာပြီး ပြေးနေရတဲ့အချိန် ဒုက္ခသည်တွေ ဖြစ်နေတဲ့အချိန်မှာ ဘာကျောင်းကို သွားတက်မှာလဲ။ ဒီအချိန်မှာပြောရရင် ဖြစ်နေတဲ့အခြေအနေအပေါ် မူတည်ပြီးတော့ ကြည့်လိုက်တယ်ဆိုတာနဲ့ ဦးနှောက်ရှိတဲ့လူတိုင်းသိပါတယ်"
ပေါက်တောမြို့ပေါ်မှာဆိုရင် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ နေ့စဉ်ပစ်ခတ် နေတာကြောင့် စာသင်ကျောင်းတွေ ပုံမှန် ပြန်လည်ပတ်ဖို့ မဖြစ်နိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ် ၁၀ ခုမှာ စာသင်ကျောင်း ၁၂၀၀ ခန့် ပိတ်ထားရ တယ်ဆိုတာ မဟုတ်မမှန်သတင်းသာဖြစ်ပြီး ကျောင်းတွေကို ပိတ်ထားတာမရှိဘဲ ပုံမှန်အတိုင်း ဖွင့်လှစ်ထား တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် ရုပ်သံမီဒီယာတွေကနေတစ်ဆင့် ဒီနေ့ညနေက ကြေညာပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရက္ခိုင့်တပ်တော် (AA)နဲ့ စစ်ကောင်စီတပ်တို့အကြား ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ကစပြီး တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတာပါ။
ဒီတိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ရခိုင်ပြည်နယ် အတွင်းက အိမ်ထောင်စု ၄၇၀၀ ကျော်၊ လူဦးရေ ၂၆,၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က နိုဝင်ဘာ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
မောင်တော၊ မြောက်ဦး၊ ကျောက်တော်၊ အမ်းစတဲ့ မြို့နယ်တွေမှာလည်း လက်နက်ကြီး ကြောင့် ဒေသခံ အနည်းဆုံး ၁၁ ဦး သေဆုံးပြီး၊ သုံးဆယ်ကျော် ဒဏ်ရာရခဲ့တယ်လို့လည်း (UNOCHA) က ပြောထားပါတယ်။
(မှတ်ချက်။ မူလသတင်းဆောင်းပါးခေါင်းစဉ် ဖြစ်သည့် "ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲကြောင့် စာသင်ကျောင်း ၁၂၀၀ ခန့်ပိတ်ထားရ" အစား "ရခိုင်မြောက်ပိုင်းမှာ စာသင်ကျောင်း ၁၂၀၀ ခန့် ရပ်နားထားရ" ဟူ၍ ပြင်ဆင်ရေးသားထားပါသည်။ ဤသတင်းဆောင်းပါးနှင့်ပတ်သက်၍ စစ်ကောင်စီ၏ တုံ့ပြန်ထုတ်ပြန်ချက်ကိုလည်း ဖြည့်စွက်ရေးသားထားပါသည်။)