"၁၁၁၁" စစ်ဆင်ရေးကြေညာပြီး စစ်တပ်စခန်း ခုနစ်ခုကို ကရင်နီပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်သိမ်းယူ
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ကရင်နီတပ်မတော် (KA)နဲ့ မြို့ပြပျောက်ကျားတပ်၊ လွိုင်ကော်၊ မိုးဗြဲ၊ ဒီးမောဆို၊ ဖယ်ခုံ၊ ရှမ်းတောင် PDF အဖွဲ့ဝင်တွေ ပူးပေါင်းပြီး (၁၁၁၁) စစ်ဆင်ရေးကို နိုဝင်ဘာ ၁၁ ရက်နေ့မှာ စတင်လိုက်တာ ဖြစ်ပါတယ်။
-
ဇင်မာဝင်း (ဝါရှင်တန်ဒီစီ)
2023-11-11 -
-
-
ကယားပြည်နယ်မှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ကရင်နီတပ်မတော် (KA)နဲ့ မြို့ပြပျောက်ကျားတပ်၊ လွိုင်ကော်၊ မိုးဗြဲ၊ ဒီးမောဆို၊ ဖယ်ခုံ၊ ရှမ်းတောင် PDF အဖွဲ့ဝင်တွေ ပူးပေါင်းပြီး (၁၁၁၁) စစ်ဆင်ရေးကို နိုဝင်ဘာ ၁၁ ရက်နေ့မနက် ၅ နာရီမှာ စတင်လိုက်တာ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ်သုံးဖွဲ့က ၁ဝ၂၇ စစ်ဆင်ရေးဖော်ဆောင်နေတာ ၁၆ ရက်မြောက်တဲ့နေ့မှာပဲ ကယားပြည်နယ်မှာ ဒီစစ်ဆင်ရေးပေါ်ပေါက်လာတာပါ။
ဒီးမောဆိုမြို့နယ်က နန်းမယ်ခုံမြို့မှာရှိတဲ့ တပ်စခန်းတွေအပါအဝင် မိုးဗြဲမြို့ နဲ့ လွိုင်ကော်မြို့နယ် အတွင်းက စစ်ကောင်စီတပ်စခန်းတွေကို စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး စခန်းပေါင်း ခုနစ်ခုကို သိမ်းပိုက်နိုင်ခဲ့သလို လက်နက်ကြီး၊ လက်နက်ငယ် တစ်ရာလောက်နဲ့ ခဲယမ်းကျည်ဆံတွေကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်ထားပါတယ်။
အခုသိမ်းယူနိုင်ခဲ့တဲ့စခန်းတွေက ဒေသခံပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်လေ့ရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေဖြစ်တယ်လို့ KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောပါတယ်။
“ဒီစစ်ကောင်စီတပ်စွဲလေ့ရှိတယ်၊ ပြီးတော့ လူထုတွေကို စစ်ဆေးပြီး လူ့အခွင့်အရေး ချိုးဖောက်လေ့ရှိတဲ့ လွိုင်ကော်ပတ်ချာလည်မှာရှိတဲ့ စခန်းတွေကို ဦးတည်ပြီး တိုက်ပွဲဆင်ဖို့ စီစဉ်ခဲ့တယ်။ ၁၁ရက်နေ့ ၁၁ လပိုင်းမှာ တစ်နိုင်ငံလုံး တိုက်ပွဲအရှိန်မြင့်နေတဲ့တစ်ပြိုင်နက်တည်းမှာ လုပ်နိုင်ဖို့ ဒီလိုစီစဉ်ခဲ့တာဖြစ်ပါတယ်။ ဒီနေ့(နိုဝင်ဘာ ၁၁)မှာ လူပေါင်းထောင်ကျော် စုပြီး ရန်သူ(စစ်ကောင်စီ) စခန်းတွေကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့တဲ့အတွက် အောင်မြင်မှုတွေ ရခဲ့ပါတယ်။ အဲဒီထဲက စခန်း ၇ခုကို လုံးဝချေမှုန်းနိုင်ခဲ့ပြီး လက်နက်မျိုးစုံ တစ်ရာကျော်လောက်ကို ကျွန်တော်တို့ ရရှိထားပါတယ်။”
စစ်ဆင်ရေးပထမနေ့မှာ KNDF ပူးပေါင်းအဖွဲ့တွေဘက်က ၁ဝ ယောက်ကျော် ထိခိုက်သေဆုံးခဲ့သလို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်လည်း ဒေသခံ ငါးဦး သေဆုံးခဲ့တယ်လို့ KNDF ဥက္ကဋ္ဌက ဆိုပါတယ်။
ကရင်နီပူးပေါင်းအဖွဲ့တွေရဲ့ စခန်းသိမ်းတိုက်ပွဲတွေကြောင့် စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူတွေ သုံးပြီး တိုက်ခိုက်ခဲ့သလို တိုက်လေယာဉ် နှစ်စီးအပြင် တိုက်ခိုက်ရေးရဟတ်ယာဉ်တို့နဲ့လည်း အကြိမ် ၂ဝထက်မနည်း ပြန်လည် တိုက်ခိုက်ခဲ့တယ်လို့ KNDF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နိုဝင်ဘာ ၁၁ ရက်နေ့ ညနေပိုင်းမှာတော့ စစ်ကောင်စီရဲ့ တိုက်လေယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့တာကြောင့် ပျက်ကျသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးကတော့ ထွက်ပြေးသွားတဲ့အတွက် ရှာဖွေနေဆဲပဲလို့ ဆိုပါတယ်။
အခုလို တော်လှန်ရေးအင်အားစုတွေဘက်က စစ်ကောင်စီရဲ့ တိုက်လေယာဉ်ကို ပစ်ချတိုက်ခိုက်နိုင်ခဲ့တာဟာ လေကြောင်းကို အဓိကအားထားနေရတဲ့ စစ်ကောင်စီအတွက် ခြိမ်းခြောက်မှုတစ်ရပ်ပဲလို့ လေတပ်ကနေ ပြည်သူ့ဘက်ကူးပြောင်းထားတဲ့ CDM တပ်မတော်သား ကိုဇေယျက သုံးသပ်ပါတယ်။
“လေတပ်ကို အဓိကအားထားပြီး ခုခံနေရတဲ့ စစ်ကောင်စီအတွက်က အခုလိုမျိုး လေယာဉ် ပစ်ချခံလိုက်ရတာ ဒါဒုတိယအကြိမ်မြောက်ပေါ့နော်။ ပထမအကြိမ်က ကရင်နီမှာပဲ ၆လပိုင်းတုန်းက ပစ်ချခဲ့တာ။ ဒါဒုတိယမြောက်ပေါ့။ ဖိုက်တာကိုတောင် တန်ပြန်ပစ်ချနိုင်ပါလားဆိုတဲ့ အတွေးမျိုး သူတို့မှာ ဝင်သွားမယ်၊ လေကြောင်းပစ်ကူကိုပဲ အားကိုးပြီး စခန်းတစ်ခုအတိုက်ခံနေရရင်တောင် လေကြောင်းပစ်ကူလာမယ် ခဏတောင့်ခံထားဆိုတဲ့ အားပေးပြီး စစ်တိုက်နေရတဲ့ စစ်ကောင်စီတပ်အနေနဲ့ကတော့ ဒါက လုံးဝခြိမ်းခြောက်မှုတစ်ရပ်ပေါ့နော်။ အခုက အဆင့်မြင့်ဒရုန်းတွေနဲ့ သူတို့(စစ်ကောင်စီ)စခန်းတွေ တိုက်ခိုက်ခံရမှာ ကြောက်လန့်နေရပြီး ကျီးလန့်စာစားဖြစ်နေချိန်မှာ စစ်ဆင်ရေးသွားတဲ့ ဖိုက်တာကို ပြန်ပြီးပစ်ချခံလိုက်ရတယ်ဆိုတဲ့ သတင်းက ဒါ သူတို့(စစ်ကောင်စီ)အတွက် အိပ်မက်ဆိုးပါပဲ။ နောက်တစ်ခုက ဗုံးကြဲနေတဲ့ ပိုင်းလော့တွေကိုလည်း မက်ဆေ့ပေးလိုက်တာပေါ့နော်။ ပြောမယ်ဆို စစ်သွေးကြွပြီးတော့ အောက်ကို တအားနိမ့်ဆင်းပြီး ဗုံးကြဲမယ်ဆိုတဲ့ ပိုင်းလော့ သေဖို့သာပြင်ထားလို့ ပြောရမှာဖြစ်တယ်။”
ဒီစစ်ဆင်ရေးမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာ များခဲ့သလို စခန်းတွေကနေ ထွက်ပြေးသွားကြသူတွေရှိခဲ့တဲ့အပြင် KNDF နဲ့ ပူးပေါင်းအဖွဲ့တွေဘက်က စစ်ကောင်စီတပ်သား တချို့ကိုလည်း ဖမ်းဆီးရမိထားတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း က စစ်တပ်ပိုင် သတင်းဌာနတွေရဲ့ တယ်လီဂရမ် ချန်နယ်ကနေ သတင်းထုတ်ပြန်ရာမှာ… ကယားပြည်နယ်မှာ ပျက်ကျခဲ့တဲ့ လေယာဉ်ဟာ လေ့ကျင့်ရေးယာဉ်သာဖြစ်ပြီး စက်ချို့ယွင်းလို့ ပျက်ကျတာလို့ ပြောခဲ့ပါတယ်။ စစ်တပ်စခန်းတွေ သိမ်းခံရတာနဲ့ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးတဲ့အခြေအနေတွေကိုတော့ ထည့်သွင်းပြောဆိုတာ မရှိပါဘူး။
စစ်စခန်းတွေ ဆုံးရှုံးသွားတဲ့ စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်တာတွေ များလာနိုင်တဲ့အတွက် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နိုင်တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်ကြဖို့ KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက တိုက်တွန်းပါတယ်။
“တိုက်ပွဲတွေကတော့ ဆက်လက်ပြီး ပြင်းထန်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆို စစ်ကောင်စီက သူတို့ထိန်းချုပ်နေတဲ့ နယ်မြေတွေကနေ စွန့်ခွာလိုက်ရတဲ့အတွက် သူတို့တပ်သားတွေစုပြီး လာတိုက်နိုင်တဲ့အတွက် တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နိုင်တယ်။ ဖယ်ခုံ၊ မိုးဗြဲဘက်ကနေလည်း စစ်ကူတွေ လာနိုင်တဲ့အတွက် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နိုင်တယ်။ ဒါကြောင့်မို့ လူထုတွေအနေနဲ့ အလုံခြုံဆုံးနေရာတွေမှာ ရွှေ့ပြောင်းနေထိုင်နေတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။”
ဒီစစ်ဆင်ရေးကနေ ကရင်နီပြည်နယ်မှာ အာဏာရှင်ဖြုတ်ချရေးနဲ့ ကိုယ့်ကံကြမ္မာကိုယ်တိုင် ဖန်တီးနိုင်ရေးအတွက် မဟာမိတ်အဖွဲ့တွေ ပူးပေါင်းပြီး မြို့သိမ်းတိုက်ပွဲတွေနဲ့ စခန်းသိမ်းတိုက်ပွဲတွေ ဆက်လက်ဖော်ဆောင်သွားမယ်လို့ KNDF က ဆိုပါတယ်။
အာဏာရှင်ဆန့်ကျင်ရေး သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုတေဇာစန်းက…
“ကရင်နီဒေသက ကရင်နီတော်လှန်ရေးအင်အားစုတွေက တစ်လေးလုံးစစ်ဆင်ရေးနဲ့အတူ မြို့ရွာဒေသတွေကို သိမ်းပိုက်ဖို့ စိုးမိုးနိုင်ဖို့ စစ်ရေးကဏ္ဍထပ်ပြီး မြှင့်လိုက်တဲ့အခါမှာ မြန်မာပြည်ရဲ့ နေရာဒေသပေါင်းစုံပေါ့ဗျာ။ စစ်ရေးအရပြောရင် အကြမ်းဖက်စစ်အုပ်စုအတွက် ဘယ်လိုမှအရေးမလှ၊ အထွေထွေအကျပ်အတည်းဆိုက်နေပြီလို့ ပြောနိုင်တယ်။”
ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ရက္ခိုင့်တပ်တော် (AA) တို့က အောက်တိုဘာ ၂၇ရက်နေ့မှာ (၁၀၂၇) စစ်ဆင်ရေးကို စတင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်က မြို့တွေနဲ့ ရာနဲ့ချီတဲ့ စစ်တပ်စခန်းတွေကို တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာလည်း စစ်ကောင်စီတပ်စခန်းတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်တာတွေ ရှိနေချိန်မှာ အရင်ကတည်းက စစ်ကောင်စီကို ခုခံတော်လှန်အားကောင်းတဲ့ ကယားပြည်နယ်မှာ (၁၁၁၁) စစ်ဆင်ရေးကို စတင်ကြောင်း ကြေညာလိုက်တာဖြစ်ပါတယ်။