ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ပထမဆုံး ချင်းပြည်နယ် ရုံးခန်းဖွင့်

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် Zomi Congress for Democracy (ZCD) ပါတီရဲ့ ပထမဦးဆုံး ချင်းပြည်နယ် ရုံးခန်းဖွင့်ပွဲအခမ်းအနားကို တီးတိန်မြို့၊ မြို့မရပ်ကွက်မှာ ဒီကနေ့ နေ့လည်က ကျင်းပပြုလုပ်ရာ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီဝင်များ၊ ချင်းအမျိုးသားပါတီဝင်များ၊ စုစုပေါင်း လူဦးရေ (၅၀၀)ခန့် တက်ရောက်ကြတယ်လို့ သိရပါတယ်။

၂၀ ကြိမ်မြောက် ဇိုမီးအမျိုးသားကွန်ကရက်ပါတီ ညီလာခံ၌ ပါတီ ဥက္ကဋ္ဌ ပူးကျင့်ရှင်းထန် မိန့်ခွန်းပြောကြားနေစဉ်။ Photo courtesy of ZNC

ပြည်နယ်ပါတီ ဆိုင်းဘုတ်တင် အခမ်းအနားမှာ ပါတီဥက္ကဌ ပူးကျင့်ရှင်းထန်က အခုပါတီသစ် ZCD ဟာ နဂိုမူလ ဇိုမီးအမျိုးသား ကွန်ဂရက်ပါတီမူအတိုင်း ဆက်လက်ရပ်တည်မှာဖြစ်ကြောင်း၊ အမျိုးသားသွေးစည်းညီညွှတ်ရေးအတွက် ပင်လုံကဲ့သို့ညီလာခံဟာ အရေးကြီးကြောင်း၊ တိုင်းရင်းသားအားလုံးပါဝင်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မှသာလျှင် ထာဝရငြိမ်းချမ်းရေးကို ရရှိနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ပါတီအထွေထွေအတွင်းရေးမှူး ပူဂင့်ကမ်းလျှမ် က ပြောပါတယ်။

ZCD ပါတီရုံးခန်းဖွင့်ရတာဟာ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုပြင်မလဲဆိုတဲ့ အဓိကနိုင်ငံရေး ရည်မှန်းချက်တွေ အကောင်အထည်ဖော်ဖို့ ဖြစ်တယ်လို့လည်း ပူဂင့်ကမ်းလျှမ် က ပြောပါတယ်။

ဒီအခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်ဒီမိုကရေစီပါတီနဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့တို့က ဂုဏ်ပြုသဝဏ်လွှာတွေ ပေးပို့ခဲ့ကြတယ်လို့လည်း သိရပါတယ်။

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဇန်နဝါရီ ၁၁ရက်မှာ တွန်းဇံမြို့မှာ မြို့နယ်ရုံး ၁၄ရက်မှာ စစ်ကိုင်းတိုင်း ကလေးမြို့မှာ တိုင်းရုံး ဖွင့်လှစ်မှာဖြစ်ပြီး ချင်းပြည်နယ် ကျီခါးနဲ့ စစ်ကိုင်းတိုင်း တမူးမြို့တို့မှာလည်း မြို့နယ်ရုံးခွဲတွေ ထပ်မံဖွင့်လှစ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

ဇိုမီးအမျိုးသား ကွန်ကရက်ပါတီ ZNCဟာ ယခင်စစ်အစိုးရလက်ထက် ၁၉၉၂ခုနှစ်က ဖျက်သိမ်းခံခဲ့ရပြီး ယခုအစိုးရလက်ထက် ပြန်လည်မှတ်ပုံတင်ရာမှာ ZNC အမည်နဲ့ လက်မခံတဲ့အတွက် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ZCD အနေနဲ့  ၂၀၁၂ခုနှစ် သြဂုတ်လမှာ ပြန်လည်မှတ်ပုံတင်ခဲ့တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org