သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးကို အကြီးအကဲတွေ ခေါ်ယူသတိပေး

သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ဘင်္ဂလားဒေ့ရှ်ရောက် မွတ်စလင် ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ ပြောကြားခဲ့တဲ့အပေါ် အစိုးရ အကြီးအကဲတွေက ခေါ်ယူတွေ့ဆုံ သတိပေးခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဒီနေ့ ပြောကြားလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ကို ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ် Photo: Win Ko Ko Latt/RFA

သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ဘင်္ဂလားဒေ့ရှ်ရောက် မွတ်စလင်ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ ပြောကြားခဲ့တဲ့အပေါ် အစိုးရ အကြီးအကဲတွေက ခေါ်ယူတွေ့ဆုံ သတိပေးခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဒီနေ့ ပြောကြားလိုက်ပါတယ်။

နိုင်ငံတော် သမ္မတရုံးမှာ ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက ပြောခဲ့တာဖြစ်ပြီး ဘယ်သူကခေါ်ပြီး သတိပေးတယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

အစိုးရဌာနဆိုင်ရာ ခေါင်းဆောင်တွေအနေနဲ့ မီဒီယာတွေနဲ့ တွေ့ဆုံစကားပြောဆိုရာမှာ အစိုးရရဲ့ မူဝါဒကို ကင်းလွတ်လို့ မရကြောင်း၊ ပုဂ္ဂလိက တစ်ဦးချင်းရဲ့ ပြောကြားချက်နဲ့ နိုင်ငံတော်ရဲ့မူဝါဒကို ခွဲခြားသိဖို့လိုကြောင်းနဲ့ သက်ဆိုင်ရာကဏ္ဍအလိုက် ပြောခွင့်ရတဲ့သူတွေရှိတယ်ဆိုတာတွေကို ပြောခဲ့တယ်လို့ သိရပါတယ်။

ဝန်ကြီး သူရဦးအောင်ကိုက အစွန်းရောက် ဘာသာကြီးတစ်ခုက ဇနီး ၃ / ၄ ဦးယူပြီး သားသမီး ၂၀ လောက် မွေးနေတယ်ဆိုပြီးပြောတာဟာ ပြည်တွင်းက မွတ်စလင်တွေကို ရည်ညွှန်းတာမဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်ကိုရောက်နေ တဲ့ မွတ်စလင်ဒုက္ခသည်တွေကို ဆိုလိုတာဖြစ်ကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

တဆက်တည်းမှာပဲ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကနေ ဒီဇင်ဘာလအတွင်း ဒုက္ခသည်တွေ ပြန်လာရေးအတွက် နှစ်နိုင်ငံ သဘောတူထားတဲ့ စာချုပ်အတိုင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ ဟိန္ဒူဘာသာဝင်တွေကို ပထမသုတ်မှာ ဦးစားပေးခေါ်ယူလိုကြောင်း၊ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြန်ကြားရေးဝန်ကြီးတို့ရဲ့ သတင်းမီဒီယာတွေအပေါ် ပြောကြားချက်နဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေဟာ  အစိုးရရဲ့ လက်ကိုင်တုတ်ဖြစ်ဖို့ မလိုသလို မိတ်ဆွေဖြစ်ဖို့လည်း မလိုအပ်ကြောင်း၊ အဲဒီလိုပဲ ရန်ဘက်လည်း မဟုတ်ကြောင်းနဲ့ သတင်းလောက ဖွံ့ဖြိုးရေးအတွက် တူညီတာတွေကို အတူတကွဆောင်ရွက်ဖို့ လိုအပ်ကြောင်း ဦးဇော်ဌေးက ပြောပါတယ်။

ပြည်ထဲရေး ဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို သမ္မတရုံးနဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေရဲ့ လက်အောက်ကို ရွှေ့ပြောင်းမယ်ဆိုတဲ့ သတင်းတွေကတော့ မဟုတ်မှန်ဘူးလို့ ဦးဇော်ဌေးက  သတင်းစာရှင်းလင်းပွဲမှာ ငြင်းဆန်ပါတယ်။

အလားတူပဲ အစိုးရဌာနဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်နေရာတွေ ခေါင်းဆောင်ပိုင်းနေရာတွေမှာ ဘယ်လို အကြောင်းကြောင့် တပ်မတော်က အငြိမ်းစားယူလာတဲ့ သူတွေကိုပဲ တာဝန်ပေးနေသလဲဆိုတဲ့ မေးခွန်းအပေါ် အရင်နှစ် ၅၀ နီးပါး အစိုးရအုပ်ချုပ်ရေးတာဝန်ကို တပ်ကလာတဲ့သူတွေကသာ စီမံခန့်ခွဲခဲ့တဲ့အတွက် အတွေ့အကြုံ ပိုင်း ပိုရှိလို့ဖြစ်ကြောင်း၊ ရေရှည်မှာတော့ ဒီမိုကရေစီစနစ် ခိုင်မာတည်ငြိမ်ပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာနိုင် တာနဲ့အမျှ အရပ်ဘက်က သူတွေလည်း အစားထိုးတာဝန်ယူလာနိုင်ကြောင်း ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့လိုက်တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org