အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်ရောက်

အမေရိကန်နိုင်ငံ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက် ယွန်းဟာ ဒီကနေ့ မေလ ၁၈ ရက် ဗုဒ္ဓဟူးနေ့မှာ မြန်မာနိုင်ငံကို ဒုတိယအကြိမ် ရောက်ရှိလာပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် (ဝဲ) နှင့် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဇက်ယွန်း (ယာ) တို့ ၂၀၁၀ ဒီဇင်ဘာ ၁၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် တွေ့ဆုံဆွေးနွေးပြီးနောက် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP) Photo: AFP

မစ္စတာ ဂျိုးဇက်ယွန်းဟာ ၄ ရက်တာ ခရီးစဉ်အတွင်း မြန်မာအစိုးရ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံမှာဖြစ်သလို၊ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံမယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။

မစ္စတာ ဂျိုးဇက် ယွန်းဟာ ကြာသပတေးနေ့ ညနေပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်တွေနဲ့ တွေ့ဆုံမယ်လို့ အဖွဲ့ချုပ်ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျွန်တော်တို့နဲ့ မနက်ဖြန်ညနေ ၄ နာရီ appointment လုပ်ထားပါတယ်။ ဂျိုးဇက် ယွန်းအနေနဲ့ သက်ဆိုင်ရာနဲ့ တွေ့ပြီးတော့ ကျွန်တော်တို့နဲ့ တွေ့မှာဆိုတော့ အဲဒီ တွေ့တဲ့ အခြေအနေ ပြောပြတဲ့အပေါ်မှာပဲ မူတည်ပြီးတော့ ကျွန်တော်တို့ ဆွေးနွေးဖို့ ရှိပါတယ်။”

အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက် ဝိုင် ယွန်း ဟာ ၂၀၁၀ခုနှစ် ဒီဇင်ဘာလက မြန်မာပြည် ကို ပထမအကြိမ် လာရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့ကတော့ အမေရိကန်အစိုးရက မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်ပြောင်းလဲ မလာသေးတာကြောင့် စီးပွားရေး ပိတ်ဆို့အရေးယူမှုကို နောက်ထပ် တနှစ် သက်တမ်း တိုးလိုက်ကြောင်း ကြေညာခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org