စစ်ကြောင်းထိုးလို့ ယင်းမာပင်နဲ့ဆားလင်းကြီးက ဒေသခံ ၅၀၀၀ ဝန်းကျင်ထွက်ပြေး

ယင်းမာပင်နဲ့ဆားလင်းကြီးမြို့နယ်စပ်မှာ စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေး လုပ်နေတာကြောင့် အရပ်သား ၅,၀၀၀ နီးပါး ထွက်ပြေးနေရပါတယ်။

ကျေးစာကျကျေးရွာမှာ ထွက်ပြေးတိမ်းရှောင်လာကြသည့် ဒေသခံတချို့ကို ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်နေ့က မြင်တွေ့ရစဉ်။ Citizen Journalist

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်စပ်မှာ စစ်ကောင်စီတပ်က အင်အား ၇၀ နီးပါးနဲ့ ဧပြီလ ၁ ရက် မနက်ပိုင်းမှာ နယ်မြေရှင်းလင်းရေး လုပ်နေတာကြောင့် ကျေးရွာ ခြောက်ရွာက အရပ်သား ၅,၀၀၀ နီးပါး ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မုံရွာ-ပုသိမ် ကားလမ်းဘေးမှာရှိတဲ့ ဘိန်းနွယ်ချောင်၊ ကျေးစာကျ(အောင်ချမ်းသာ)၊ ဝုဏ်တော၊ ရွာသာ၊ ဒုံတောနဲ့ ကံကုန်းရွာက ဒေသခံတွေ ထွက်ပြေးနေရတာပါ။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် နယ်မြေရှင်းလင်းရေး လုပ်တာဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“လက်ပံတောင်းကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ တစ်ခုခု ပစ္စည်းအသွင်းအထုတ်လုပ်ဖို့လို့ ယူဆတယ်ပေါ့လေ။ မနက်က ဝမ်ပေါင်ကုမ္ပဏီထဲက ကားတွေလည်းထွက်တယ်။ နေ့လယ်ကလည်း တွဲကားတွေ ကုမ္ပဏီထဲဝင်သွားတာ တွေ့တယ်။”

နယ်မြေရှင်းလင်းရေး အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ ဦးအေးလှိုင်ကို RFA က ဧပြီ ၁ ရက် နေ့လယ်ပိုင်းမှာ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ မတ်လ ၂၁ ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူပေါင်း တစ်သန်း ခုနစ်သိန်းကျော်ရှိနေပါပြီ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org