ရေပူဂိတ်နဲ့ ၁ဝ၅ မိုင်မှာ မိုင်းပေါက်ကွဲ
မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်အနီး နဲ့ ရေပူ အမြဲတမ်း စစ်ဆေးရေးစခန်းအနီး တို့ မှာ မနေ့က မိုင်းပေါက်ကွဲမှုတွေ ဖြစ်ပွား ခဲ့ပါတယ်။
-
2017-05-10 -
-
-
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးနဲ့ ရေပူ အမြဲတမ်းစစ်ဆေးရေးစခန်းအနီး တို့မှာ မနေ့က မြေမြုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပါတယ်။
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီးက ရန်တိုင်းအောင်ဆုတောင်းပြည့်ဘုရား စောင်းတန်းမှာ ညနေ ၄ နာရီ ဝန်းကျင်က မိုင်းတစ်လုံးပေါက်ကွဲခဲ့တာဖြစ်ပြီး မပေါက်ကွဲသေးတဲ့ မိုင်းတစ်လုံးကိုလည်း ရှာဖွေတွေ့ရှိခဲ့တယ်လို့ မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်း က ပြောပါတယ်။
"ညနေ ၄ နာရီ ၅မိနစ်လောက်မှာ အသံမိုင်းကွဲတယ်၊ ၁၀၅ ကုန်သွယ်ရေးဇုန်မှာ ဘုရားကုန်းရှိတယ်၊ အဲဒီ ဘုရားကုန်းတက်တဲ့လမ်း မိုင်းနှစ်လုံး တစ်လုံးကမကွဲဘူး၊ တစ်လုံးက ကွဲသွားတယ်၊ လူတို့ တိရိစ္ဆာန်တို့ ထိခိုက်ပျက်စီးမှုမရှိပါဘူး။"
အသံကျယ်လောင်စွာပေါက်ကွဲတတ်ပေမယ့် ထိခိုက်ပျက်စီးမှုနည်းတဲ့အတွက် အသံမိုင်းလို့ ဒေသခံတွေက ခေါ်ဝေါ်တာဖြစ်ပါတယ်။ အလားတူ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းဝန်း အတွင်းဘက် မှာလည်း မနေ့ည ၁၁ နာရီခွဲဝန်း ကျင်က အသံမိုင်း တစ်လုံးပေါက်ကွဲခဲ့ပေမယ့် ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိခဲ့ဘူးလို့သိရပါတယ်။
မိုင်းပေါက်ကွဲမှုတွေကို ဘယ်သူပြုလုပ်တယ်ဆိုတာကိုတော့ စုံစမ်းနေဆဲဖြစ်ပြီး လုံခြုံရေးကိုလည်း အရင်ကထက် ပိုပြီး တင်းကြပ်ဆောင်ရွက်ထားတယ်လို့ ရေပူအမြဲတမ်းစစ်ဆေးရေးဂိတ် တာဝန်ခံ၊ အကောက်ခွန်ဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က ပြောပါတယ်။
အခုလို မိုင်းပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပေမယ့်လည်း ကုန်သွယ်ရေးကို ထိခိုက်မှုမရှိဘဲ ပုံမှန်အတိုင်း လည်ပတ်နေ တယ်လို့ သိရပါတယ်။