ရန်ကုန်က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူ လေးဦး ဖမ်းဆီးခံရ
သူတို့ လေးဦးဟာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရပြီးနောက် လူမဆန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ စစ်ဆေးမေးမြန်းခံနေရပြီး ကျန်းမာရေးနဲ့ အသက်အန္တရာယ် အထူးစိုးရိမ်ရတဲ့အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။
-
RFA Burmese
2024-09-21 -
-
-
ရန်ကုန်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်နေသူ လေးဦး ဖမ်းဆီးခံလိုက်ရတယ်လို့ တကသကျောင်းသားဟောင်းများ အင်အားစုက စက်တင်ဘာလ ၂၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
တကသကျောင်းသားဟောင်းများ အင်အားစု တွဲဖက်တည်ထောင်သူ အလွတ်ဓာတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ကိုဖိုးသား၊ လူငယ်သပိတ်ကော်မတီ ဦးဆောင်သူ ကိုအောင်မင်းခိုင် (ခ) မဲကြီး၊ အဖွဲ့ဝင် မမြမဉ္ဇူ၊ နိုင်ငံရေးအကျဉ်းသူဟောင်း မနှင်းအိခိုင်တို့ဟာ စက်တင်ဘာလ ၁၉ ရက်ညနေပိုင်းအထိ မိသားစုနဲ့ နောက်ဆုံးအဆက်အသွယ်ရရှိခဲ့ပြီးနောက် ဖမ်းဆီးခံလိုက်ရတာကို အတည်ပြုနိုင်ခဲ့တာလို့ ဆိုပါတယ်။
သူတို့ လေးဦးဟာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရပြီးနောက် လူမဆန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ စစ်ဆေးမေးမြန်းခံနေရပြီး ကျန်းမာရေးနဲ့ အသက်အန္တရာယ် အထူးစိုးရိမ်ရတဲ့အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။
တကသကျောင်းသားဟောင်းများ အင်အားစု တာဝန်ခံ ကိုနန်းလင်းက … “၁၉ ရက်နေ့ညက သူတို့ ဖမ်းဆီးခံရတယ်လို့ ယူဆရတဲ့အချိန်မှာပဲ အဆက်အသွယ်ရတဲ့အခါမှာ ပုံစံမမှန်တဲ့အခြေအနေတွေကို အကဲဖြတ်မိတာရယ်၊ ဒီကနေ့(စက်တင်ဘာ ၂၁)အထိ သုံးရက်ကြာသွားပြီ အဆက်အသွယ်မရတာကြောင့် သေချာပေါက် ဖမ်းဆီးခံရတယ်ဆိုတာ ကောက်ချက်ချပါတယ်၊ စစ်အာဏာရှင်ဟာ ကျွန်တော်တို့ရဲဘော်တွေအပေါ် ပိုပြီးအငြိုးထား ညှဉ်းပန်းနှိပ်စက်တဲ့ အခြေအနေ ဒါတွေကို အထူးစိုးရိမ်လို့ အခုလို သတင်းထုတ်ပြန်တာဖြစ်တယ်” လို့ ပြောပါတယ်။
အလွတ်ဓာတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ကိုဖိုးသားဟာ ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့က ပန်းပင်ကြီးလမ်းဆန္ဒပြပွဲတစ်ခုမှာ အဖမ်းခံခဲ့ရပြီးနောက် ၂ဝ၂၃ ခုနှစ် မေလ ၃ ရက်နေ့က စစ်ကောင်စီ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာသူဖြစ်ပါတယ်။
ဖမ်းဆီးခံရသူ လေးဦးဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အပါအဝင် လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာနဲ့ ဒီမိုကရေစီအရေးတို့အတွက် လူထုတိုက်ပွဲနည်းနဲ့ အံတုခဲ့ကြတဲ့ အရေးတော်ပုံတပ်သားတွေအဖြစ် မှတ်တမ်းတင်တယ်လို့ ဆိုပါတယ်။
တကသကျောင်းသားဟောင်းများ အင်အားစုအနေနဲ့ အခုလို ဖမ်းဆီးမှုတွေရှိနေပေမဲ့ နောက်ဆုတ်သွားမှာမဟုတ်ဘဲ ဖမ်းဆီးခံရသူ လေးဦး ကိုယ်စားအတွက်ပါ စစ်အာဏာရှင်စနစ် အလုံးစုံပျက်သုဉ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရက်တစ် လူ့ဘောင်ဖော်ဆောင်ရေး မဆုတ်မနစ်ဆက်လက်ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။