ဆင်တွေ မျိုးတုန်းပျောက်ကွယ်နိုင်ခြေရှိ

လာမယ့် ၂၀၃၀ ခုနှစ်မှာ ဆင်တွေမျိုးတုန်း ပျောက်ကွယ်သွားနိုင်ခြေရှိတယ်လို့ တောရိုင်းတိရစ္ဆာန် တရားမဝင်ရောင်းဝယ်ဖောက်ကားမှု တားဆီးရေးဆိုင်ရာအဖွဲ့ ညှိနှိုင်းရေးမှူး ဦးအောင်ကျော်က ဒီနေ့ ပြောပါတယ်။

ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့ အထိမ်းအမှတ် အခမ်းအနားကို ၂ဝ၁၈ ခုနှစ် မတ်လ ၃ ရက်နေ့က မန္တလေးမြို့ မဟာမုနိဘုရားကြီး မိုးကောင်းဓမ္မာရုံမှာ ကျင်းပစဉ် Photo: Khaymani Win/RFA

လာမယ့် ၂၀၃၀ ခုနှစ်မှာ ဆင်တွေမျိုးတုန်း ပျောက်ကွယ်သွားနိုင်ခြေရှိတယ်လို့ တောရိုင်းတိရစ္ဆာန် တရား မဝင်ရောင်းဝယ်ဖောက်ကားမှု တားဆီးရေးဆိုင်ရာအဖွဲ့ ညှိနှိုင်းရေးမှူး ဦးအောင်ကျော်က ဒီနေ့ ပြောပါတယ်။

ဆင်တွေနဲ့ပတ်သက်တဲ့ ဈေးကွက်ဝယ်လိုအားများနေတဲ့အတွက် ဈေးကွက်ပပျောက်ဖို့ တရားဥပဒေစိုးမိုးရေး အဖွဲ့တွေအပြင် ဒေသခံတွေရဲ့ ပူးပေါင်းပါဝင်မှုတွေ လိုအပ်တယ်လို့ ဦးအောင်ကျော်က ပြောပါတယ်။

"ဆင်သားစွပ်ပြုတ် ဟင်းပွဲတစ်ပွဲက မြန်မာငွေနဲ့ဆို တစ်သိန်းခွဲ၊ နှစ်သိန်းလောက် တန်ဖိုးရှိတယ်။ ဒါကြောင့်မိုလို့လည်း တရုတ်က ဒီလိုမျိုး ဝယ်လိုအားများနေတာဖြစ်တဲ့အတွက် ကျနော်တို့နိုင်ငံက သတ်ဖြတ်မှုတွေ ပိုပြီးတော့များလာတာ တွေ့ရတယ်။ ဒါကြောင့်မိုလို့ ကျနော်တို့က မြန်မာနိုင်ငံမှာ ရှိတဲ့ဆင်တွေ မျိုးတုံးပျောက်ကွယ်မှု မရှိရေးအတွက် ဆင်စွယ်ထွက်ပစ္စည်းတွေ ရောင်းဝယ်ဖောက်ကား တာတွေ၊ ဆင်အရေခွံဈေးကွက် ပေါ်လာတာတွေ၊ ဆင်သားဈေးကွက် ပေါ်လာတာတွေကို တရားဥပဒေ စိုးမိုးရေးအဖွဲ့တွေအပြင် ဒေသခံပြည်သူတွေပါ ပါဝင်ပူးပေါင်းဖို့ လိုအပ်ပါတယ်လို့ ကျနော်တို့ တင်ပြ လိုပါတယ်"

၂၀၀၁-၂၀၀၂ ခုနှစ်ခန့်က မြန်မာနိုင်ငံမှာ ဆင်ကောင်ရေ ၆ ထောင် ဝန်းကျင်ရှိပေမယ့် ၂၀၁၇ ခုနှစ်မှာတော့ ၁၄၀၀ ကနေ ၂ ထောင် ကြားမှာသာရှိနိုင်တော့တယ်လို့ ဆိုပါတယ်။

တစ်လကို ဆင်ကောင်ရေ ၂ ကောင်ကနေ ၃ ကောင်ကြား သတ်ဖြတ်ခံနေရပြီး ၂၀၁၀ ကနေ ၂၀၁၇ ခုနှစ်အထိ ဆိုရင် ဆင်သတ်ဖြတ်မှုပေါင်း ၅၅ မှုဖြစ်ပွားခဲ့ကာ တရားခံ ၁၁၄ ဦးကို တရားစွဲဆိုနိုင်ခဲ့တယ်လို့ သိရပါတယ်။

တောရိုင်းတိရစ္ဆာန်များ ကာကွယ်ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ ဥပဒေအသစ်ကို မကြာခင်မှာ ပြဌာန်းနိုင်တော့ မှာဖြစ်ပြီး အဲဒီဥပဒေဟာ ၁၉၉၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဥပဒေမှာ ပြဌာန်းထားတဲ့ ပြစ်ဒဏ်တွေထက် ကြီးလေးတယ် လို့ တောရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ်ဖောက်ကားမှု တားဆီးရေးဆိုင်ရာ ညှိနှိုင်းရေးမှူး ဦးအောင်ကျော် က ပြောပါတယ်။

မန္တလေးမြို့ မဟာမုနိဘုရားကြီးက မိုးကောင်းဓမ္မာရုံမှာ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပခဲ့ပြီး တောရိုင်းတိရစ္ဆာန်တွေနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို တရားမဝင် ရောင်းချမှုတွေ မလုပ်ဖို့ အသိပညာပေး ဟောပြောခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org