ကမ္ဘာ့မျက်နှာစာမှာ စစ်ကောင်စီ ကျဆုံးနေပြီလို့ လေ့လာသူတွေ ဝေဖန်
ဇွန်လ ၁၅ ရက်နေ့က ကျင်းပတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ရဲ့ ကိုယ်စားလှယ်ခန့်အပ်လွှာစစ်ဆေးရေး ကော်မတီက မြန်မာစစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို အသိအမှတ်ပြုဖို့ ငြင်းပယ်ခဲ့ပါတယ်။ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ILO နိုင်ငံတကာအလုပ်သမား အဖွဲ့ချုပ်တွေကလည်း အာဏာသိမ်း စစ်ကောင်စီ ကိုယ်စားလှယ်တွေကို အလားတူ ပယ်ချခဲ့ပြီးဖြစ်ပါတယ်။
-
ခင်မောင်စိုး(ဝါရှင်တန်ဒီစီ)
2021-06-18 -
-
-
ဇွန်လ ၁၅ ရက်နေ့က ကျင်းပတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ရဲ့ ကိုယ်စားလှယ်ခန့်အပ်လွှာစစ်ဆေးရေး ကော်မတီက မြန်မာစစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို အသိအမှတ်ပြုဖို့ ငြင်းပယ်ခဲ့ပါတယ်။ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ILO နိုင်ငံတကာအလုပ်သမား အဖွဲ့ချုပ်တွေကလည်း အာဏသိမ်း စစ်ကောင်စီ ကိုယ်စားလှယ်တွေကို အလားတူ ပယ်ချခဲ့ပြီးဖြစ်ပါတယ်။
အီတလီနိုင်ငံ ရောမမြို့မှာ ကျင်းပတဲ့ FAO ကုလသမဂ္ဂစားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ရဲ့ ၄၂ ကြိမ်မြောက် ညီလာခံမှာ မြန်မာကိုယ်စားလှယ်အဖွဲ့ တင်ပြပြောဆိုခွင့် မရခဲ့ပါဘူး။ ဇွန်လ ၁၅ ရက်နေ့ကျင်းပတဲ့ FAO ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ရဲ့ Credentials Committee ကိုယ်စားလှယ်ခန့်အပ်လွှာ စစ်ဆေးရေး ကော်မတီက အာဏာသိမ်းစစ်ကောင်စီက စေလွှတ်လိုက်တဲ့ ကိုယ်စားလှယ်အဖွဲ့ခန့်အပ်လွှာကို ပယ်ချလိုက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
"အခုနိုင်ငံတကာမှာ မျက်နှာပန်းမလှဖြစ်လာတာဟာ့ပြည်သူတွေရဲ့ ကျခဲ့တဲ့ သွေးတွေ၊ ဆုံးရှုံးခဲ့ရတဲ့ ဘဝတွေ တခုမှ အလဟဿ မဖြစ်ဘူးဆိုတာကို ပြတာပဲ"
အဲဒီ ဇွန်လ ၁၅ ရက်နေ့ ညီလာခံ ကျင်းပတဲ့အခါမှာတော့ နော်ဝေ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာဝန်ကြီး တင်ပြချက်အပြီးမှာ ညီလာခံသဘာပတိက စစ်ကောင်စီ စေလွှတ်လိုက်တဲ့ ကိုယ်စားလှယ်ကို ပြောခွင့်မပေးဘဲ နောက်ထပ်နိုင်ငံတခုဖြစ်တဲ့ ဂျပန်စိုက်ပျိုးရေး၊ သစ်တောနဲ့ ရေလုပ်ငန်းဝန်ကြီးကို တင်ပြဖို့ ကြေညာလိုက်တဲ့အတွက် အသင့်ပြင်စောင့်ဆိုင်းနေတဲ့ မြန်မာစစ်ကောင်စီကိုယ်စားလှယ်က သူ မိန့်ခွန်းပြောဖို့ ယူလာတဲ့ စာရွက်တချို့ကို ကိုင်ရင်း မျက်နှာ မသက်မသာဖြစ်သွားခဲ့ပုံကို FAO က ထုတ်ပြန်တဲ့ မှတ်တမ်းဗီဒီယိုမှာ အခုလို မြင်ရပါတယ်။
အဲဒီ ဆုံးဖြတ်ချက်ကို ချမှတ်ဖို့အတွက် FAO စစ်ဆေးရေးကော်မတီ အနေနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ တခြား ကုလသမဂ္ဂ အဖွဲ့အစည်းတွေဖြစ်ကြတဲ့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြီးခဲ့တဲ့မေလမှာ ကျင်းပခဲ့တဲ့ ၇၄ ကြိမ်မြောက် ညီလာခံနဲ့ ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်က လတ်တလောကျင်းပခဲ့တဲ့ ၁ဝ၉ ကြိမ်မြောက် ညီလာခံတွေ့ရဲ့ ဆုံးဖြတ်ချက်တွေကို သတိပြု လေ့လာခဲ့တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြန်မာစစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ကို အသိအမှတ်ပြုလက်ခံခြင်းမပြုဖို့ WHO နဲ့ ILO တို့က ဆုံးဖြတ်ခဲ့ပြီးနောက် FAO ကပါ အခုလို ဆုံးဖြတ်လိုက်တဲ့အတွက် ဒါဟာ ကုလသမဂ္ဂမျက်နှာစာမှာ စစ်ကောင်စီရဲ့ ထပ်မံအရေးနိမ့်မှုဖြစ်ပါတယ်။
မြန်မာ့နိုင်ငံရေးလေ့လာသူ ဒေါက်တာလှကျော်ဇော က စစ်ကောင်စီရဲ့ကျဆုံးမှုဟာ ပြည်သူတွေရဲ့ အောင်ပွဲဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။
“နွေဦးတော်လှန်ရေး နဲ့ ပတ်သက်ပြီး ကျမက ဒီလိုကြည့်ပါတယ်၊ ဒါဟာ ၁၉၆၂ ဇူလိုင် ၇ ရက်က စခဲ့တဲ့ စစ်အာဏာရှင်စနစ် တိုက်ပွဲတွေရဲ့ အဆက်တခုပဲ။
ကျောင်းသားသမဂ္ဂခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမင်းဟန်ထက်ကလည်း စစ်ကောင်စီက ကျဆုံးနေချိန်မှာ NUG က တနေ့တခြား ပိုမိုတိုးတက်လာနေတယ်လို့ ပြောပါတယ်။
“ နိုင်ငံတကာ မျက်နှာစာမှာက တော်တော်လေးကို သူ့အနေနဲ့ အသိအမှတ်ပြုမှု မခံရဘူးဆိုတာ တော်တော်လေးထင်ရှားလာတယ်။ အဲဒါနဲ့ တပြိုင်နက်ထဲ NUG အစိုးရက နိုင်ငံတကာ မျက်နှာစာမှာ တဖြည်းဖြည်း နဲ့ အသိအမှတ်ပြုမှုတွေ ရှိလာတယ်လို့ ဆိုလို့ရတယ်။ စစ်တပ်က ရေရှည်မှာ တံခါးပိတ်ဝါဒပုံစံမျိုး စပြီး တည်လာတာကို တွေ့ရတယ် သမဝါယမ ဖွဲ့စည်းလာတာတွေ ပြည်တွင်းထုတ်ကုန်တွေကိုပဲ ဦးစားပေးတော့မယ် ဆိုတာမျိုး စပြီး စကားဦးသန်းလာတာကို ကျနော်တို့ တွေ့ရတယ်။ ဒါပေမဲ့ တံခါးပိတ်ဝါဒကြီး ကျင့်သုံးပြီးတော့ မင်းတို့တွေ အသိအမှတ်မပြုလဲ ဘာမှမဖြစ်ဘူးဆိုတဲ့ အခြေအနေက လက်ရှိခေတ်ကာလမှာ တော်တော်လေး ခက်ခဲတယ်။ အဲဒီကိစ္စက ပြည်သူတွေကလဲ လောလောဆယ် အချိန်မှာ အသိအမှတ်ပြုမှု မရှိတေ့ာဘူ၊ တုံ့ပြန်မှုတွေပဲ ပိုမိုကြီးမားလာတာ တွေ့ရတယ်၊ ဒါ ကျနော်တို့ ပြည်သူတွေအတွက် အားတက်စရာဖြစ်သလို ဆက်လျှောက်ရမယ့်လမ်းကတော့ ရောင်နီသန်းတယ်လို့ ဆိုရမှာပဲ။”
အလုပ်သမားလယ်သမားအကျိုးဆောင် ဦးဇော်ရမ်းကတော့ လက်ရှိအဖြစ်အပျက်တွေကိုကြည့်ရင် စစ်ကောင်စီရဲ့ ဥပဒေမဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ကို ယဉ်ကျေးတဲ့ ဒီနေ့ ကမ္ဘာ့ကြီးက လက်မခံတော့ဘူး ဆိုတာ ထင်ရှားနေတယ်လို့ သုံးသပ်ပါတယ်။
အခုလို နိုင်ငံတကာရဲ့ အသိအမှတ်ပြုရန်ငြင်းဆန်မှုတွေ ပြစ်တင်ရှုတ်ချမှုတွေ အရေးယူမှုတွေ များပြားလာနေချိန်မှာပဲ အာဏာသိမ်းစစ်ကောင်စီရဲ့ ပြည်သူလူထုအပေါ်ဖိနှိပ်မှု၊ ဖျက်ဆီးသတ်ဖြတ်မှုတွေ ကတော့ ရပ်တန့်နည်းပါးသွားခြင်း မရှိပဲ ဆက်လက်ပေါ်ပေါက်နေပါတယ်။