စစ်ကောင်စီနဲ့ပေါင်းနေတဲ့ ခရိုနီတွေကို အရေးယူပေးဖို့ JFM တောင်းဆို

ဒီခရိုနီသူဌေးတွေ စစ်လက်နက်တွေ၊ စစ်ကောင်စီ လေကြောင်းသုံး တိုက်ခိုက်ရာမှာ အသုံးပြုတဲ့ ရဟတ်ယာဥ်အစိတ်အပိုင်းတွေကို စင်ကာပူကနေတစ်ဆင့် ထောက်ပို့နေတာလို့လည်း ဆိုပါတယ်။

၂၀၁၄ ခုနှစ်က ပြင်ဦးလွင်မြို့နယ်၊ စစ်နည်းပညာတက္ကသိုလ်တွင် ထူးကုမ္ပဏီနဲ့ GDZR ကုမ္ပဏီတို့က လှူဒါန်းခဲ့သော စစ်တပ်အားကစားကွင်းဖွင့်ပွဲတွင် တွေ့ရသည့် ထူးထရေးဒင်းကုမ္ပဏီဥက္ကဋ္ဌ ဦးတေဇနှင့် စစ်တပ်အရာရှိများ။ U Tay Za

မြန်မာစီးပွားရေးလုပ်ငန်းရှင် ဦးတေဇအပါအဝင် စစ်ကောင်စီကိုကျောထောက်နောက်ခံပေးနေတဲ့ ခရိုနီသူဌေးတွေကို အရေးယူဖို့ Justice For Myanmar (JFM) အဖွဲ့က စင်္ကာပူအစိုးရကို တောင်းဆိုလိုက်ပါတယ်။

ထူးအုပ်စုကုမ္ပဏီ ဥက္ကဋ္ဌဦးတေဇ၊ Myanmar Chemical & Machinery ( MCM ) ကုမ္ပဏီဥက္ကဋ္ဌ ဦးအောင်လှိုင်ဦး၊ International Gateways ကုမ္ပဏီဥက္ကဋ္ဌ ဦးနိုင်ထွဋ်အောင်တို့ဟာ စင်ကာပူစီးပွားရေးလုပ်ငန်းကွန်ရက်ကို အသုံးပြုပြီး မြန်မာစစ်တပ်ကို ထောက်ပံ့ပေးနေတယ်လို့ JFM အဖွဲ့ရဲ့တောင်းဆိုချက်မှာ ဖော်ပြထားပါတယ်။

စစ်လက်နက်တွေ၊ စစ်ကောင်စီ လေကြောင်းသုံး တိုက်ခိုက်ရာမှာ အသုံးပြုတဲ့ ရဟတ်ယာဥ်အစိတ်အပိုင်းတွေကို စင်ကာပူကနေတစ်ဆင့် ထောက်ပို့နေတာလို့လည်း ဆိုပါတယ်။

ဦးတေဇနဲ့ ဦးနိုင်ထွဋ်အောင်ဟာ စင်ကာပူနိုင်ငံမှာ နေထိုင်နေကြတယ်လို့လည်း JFM က ဖော်ထုတ်ထားပါတယ်။

စင်ကာပူအစိုးရကတော့ သူတို့ဆီကနေ မြန်မာနိုင်ငံကို လက်နက်တင်ပို့တာမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

JFM အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ စီးပွားရေးကုမ္ပဏီ ၁၃၈ ခုက စစ်ကောင်စီကို လက်နက်ထောက်ပံ့နေတယ်လို့ ဖော်ပြထားပါတယ်။ စင်ကာပူဘက်က ဒီပြောဆိုချက်နဲ့ ပတ်သက်လို့ တုံ့ပြန်တာ မရှိသေးပါဘူး။

မြန်မာစစ်တပ်အတွက် စစ်လက်နက်ထောက်ပံ့ပေးတာဟာ မြန်မာစစ်တပ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေမှာ ပူးပေါင်းပါဝင်တာပဲလို့ JFM က သတိပေးထားပါတယ်။

Justic For Myanmar ( JFM ) အဖွဲ့ဟာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org