ဂီရိ မုန်တိုင်းဒုက္ခသည်များကို အမေရိကန်အစိုးရက ဒေါ်လာတသိန်းထောက်ပံ့

ရခိုင်ပြည်နယ်က ဂီရိဆိုင်ကလုန်း မုန်တိုင်းသင့်ဒုက္ခသည် ပြည်သူတွေအတွက် ဝမ်းနည်းသဝဏ်လွှာကို သမတ အိုဘားမားနဲ့ အမေရိကန်ပြည်သူတွေ ကိုယ်စား နိုင်ငံခြားရေးဝန်ကြီး မစ္စ် ဟီလာရီ ကလင်တန်က ထုတ်ပြန်လိုက်ပါတယ်။

ရခိုင်ကမ်းရိုးတန်းသို့ အောက်တိုဘာ ၂၂ ရက်နေ့က ဆိုင်ကလုန်း ဂီရိ မုန်တိုင်း တိုက်ခတ်ပြီးနောက် ကျောက်ဖြူမြို့တွင် မုန်တိုင်းသင့် အပျက်အစီးများကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: U Kyaw Zaw Win/www.demowaiyan.co.cc) (Photo: U Kyaw Zaw Win/www.demowaiyan.co.cc)

အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေသတွင်း ဝမ်းနည်းကြေကွဲဖွယ်ရာ အဖြစ်အပျက်တွေကို အမေရိကန်ပြည်ထောင်စုက ကောင်းကောင်း သတိပြုမိပါတယ်လို့ ပြောခွင့်ရပုဂ္ဂိုလ် PJ Crowley က ပြောပါတယ်။

ရခိုင်ပြည်နယ်က ဂီရိ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီး ဆုံးရှုံးမှုတွေ ရင်ဆိုင်ရတဲ့ ပြည်သူတွေအတွက် စိတ်မကောင်း ဖြစ်ရကြောင်း အမေရိကန်ပြည်ထောင်စု ကိုယ်စား နိုင်ငံခြားရေးဝန်ကြီးရဲ့ ဝမ်းနည်းသဝဏ်လွှာကို ဒီကနေ့မနက်မှာ ပေးပို့ခဲ့ပါတယ်လို့ ဆိုပါတယ်။

မုန်တိုင်းသင့် ဒုက္ခသည်တွေအတွက် အရေးပေါ် အကူအညီအဖြစ် မြန်မာနိုင်ငံမှာ ရှိတဲ့ အမေရိကန်သံရုံးကတဆင့် ဒေါ်လာ တသိန်းတန်ဖိုး ရှိတဲ့ ပစ္စည်းတွေထောက်ပံ လှူဒါန်းနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူအမျိုးသမီးတဦးက RFA ကို ပြောပါတယ်။

အခုလို လူသားချင်းစာနာမှု အကူအညီပေးမှုဟာ ၂၀၀၈ မေလမှာ ဖြစ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကတည်းက အမေရိကန် ပြည်ထောင်စုအနေနဲ့ ကူညီထောက်ပံ့လာတဲ့ ငွေပမာဏ စုစုပေါင်း ဒေါ်လာ ၈၃ သန်းကျော်ရဲ့ နောက်ဆက်တွဲပါ။ အမေရိကန် တသီးပုဂ္ဂလ အလှူရှင်တွေကလည်း မြန်မာနိုင်ငံက အရေးပေါ် အကူအညီတွေအတွက် ဒေါ်လာသန်းပေါင်းများစွာကို နိုင်ငံတကာ NGO တွေကတဆင့် ထည့်ဝင် လှုဒါန်းခဲ့ပါတယ်။

အမေရိကန်နိုင်ငံဟာ မြန်မာပြည်သူတွေ လိုအပ်ချိန်မှာ အချိန်ကိုက်ကူညီနေတဲ့ နိုင်ငံအဖြစ် တည်ရှိနေပါတယ်လို့ ပြောသွားပါတယ်။ အမေရိကန်သံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ မုန်တိုင်းသင့်ခဲ့တဲ့ ဒေသတွေက အခြေအနေတွေကို ဆက်လက် စောင့်ကြည့်နေတယ်လို့ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org