ရွေးကောက်ပွဲဝင်ပါတီအချို့နှင့် အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံ
အမေရိကန်အစိုးရ အဆင့်မြင့် အရာရှိတဦး ဖြစ်တဲ့ Joseph Yun ဟာ ဒီဇင်ဘာ ၇ ရက် ဒီကနေ့ ထိုင်းလေကြောင်းနဲ့ မြန်မာနိုင်ငံကို ရောက်ရှိလာပြီး ခရီးစဉ်အတွင်း၊ နေအိမ်အကျယ်ချုပ်က မကြာခင်က လွတ်မြောက်လာတဲ့ နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရဝန်ကြီးတဦးနဲ့ ရွေးချယ်ခံ လွှတ်တော်အမတ်သစ်တွေနဲ့ တွေ့ဆုံမယ်လို့ မြန်မာ စစ်အစိုးရအရာရှိတဦးက ဒီဇင်ဘာ ၇ ရက် ဒီကနေ့ အတည်ပြုပြောပါတယ်။
-
2010-12-07 -
-
-
မစ္စတာ ယွန်ဟာ ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ ဦးခင်မောင်ဆွေ ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အင်အား စုပါတီ (NDF)၊ ဦးသုဝေ ဦးဆောင်တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) စတဲ့ နိုင်ငံရေးပါတီတချို့နဲ့ ဒီကနေ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
ဒီလိုတွေ့ဆုံရာမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကြိုတင်မဲတွေနဲ့ ကြံ့ခိုင်ရေးပါတီက အနိုင်ယူခဲ့တဲ့ ကိစ္စတွေနဲ့ မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေက စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ ပြန်စဉ်းစားဖို့ NDF က တိုက်တွန်း ခဲ့တယ်လို့ NDF ပါတီက ဒေါက်တာ သန်းငြိမ်းက ပြောပါတယ်။
“သူက လာတာက ဒီက အချက်အလက် ရှာဖွေရေးအတွက် လာတယ်လို့ပဲ ယူဆတယ်လေ။ ဘာကြောင့်လဲဆိုတော့ အမေရိကန် အစိုးရရဲ့ သဘောထား ပေါ်လစီတွေ ဘာမှ ကျွန်တော်တို့ကို ထူးထူးခြားခြား ပြောသွားတာ မရှိပါဘူး။ ဒီ ရွေးကောက်ပွဲ ဆိုတာကလည်းပဲ အားလုံး သိပြီးသားကိစ္စ ဖြစ်နေပြီလေ။ ပြောတော့ ပြောကြတယ်ပေါ့ဗျာ။ ဒါက သိပ်ပြီးတော့ အထူး သူတို့အနေနဲ့လည်း ထူးထူးခြားခြားလို့ သဘောထားပုံ မရပါဘူး။”
“သူတို့ပါတီအနေနဲ့ကတော့ ဒီ sanction ဆိုတာဟာ ဒီ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဆွေးနွေးပါတယ်၊ ဆွေးနွေးတယ်ဆိုတာက ကျွန်တော်တို့ ပါတီသဘောထားကိုတော့ သူတို့ကို ကျွန်တော် ပြောလိုက်တယ်လေ။”
အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ယွန် ဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်ပြီးချိန်၊ အငြင်းပွားစရာ ရွေးကောက်ပွဲ အပြီး တလအကြာမှာ မြန်မာ့ နိုင်ငံရေးအခြေအနေ လေ့လာဖို့ လာရောက်တာ ဖြစ်ပါတယ်။
သူ့အနေနဲ့ မြန်မာ့နိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်ကောင်းမွန်လာရေး၊ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ချွင်းချက်မရှိ လွှတ်ပေးရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ စတင်နိုင်ရေးတို့အတွက် စစ်အစိုးရကို တိုက်တွန်းပြောဆိုမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။
ဒါ့ပြင် သူဟာ အမေရိကန်အစိုးရက မြန်မာပြည်သူတွေအတွက် ပေးအပ်နေတဲ့ လူသားချင်း စာနာမှု အကူအညီပေး လုပ်ငန်းတွေကိုလည်း လေ့လာသုံးသပ်မှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။
Joseph Yun ဟာ ဒီဇင်ဘာ ၁၀ ရက် သောကြာနေ့မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ ထိပ်ပိုင်း ခေါင်းဆောင်တွေ၊ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက RFA ကို ပြောပါတယ်။