အမေရိကန်နဲ့ ဗြိတိန်ကုမ္ပဏီ သုံးခုကို အရေးယူဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တိုင်ကြား

အမေရိကန်အခြေစိုက် S&P Dow Jones Indices၊ MSCI နဲ့ ဗြိတိန်အခြေစိုက် FTSE Russell ကုမ္ပဏီတွေကို အရေးယူဖို့ တိုင်ကြားလိုက်တာပါ။

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တစ်နေရာတွင် တွေ့ရသည့် Chevron ကုမ္ပဏီတံဆိပ်နှင့် ဆိုင်ကိုတွေရစဉ်။ AFP

စစ်ကောင်စီနဲ့ ပတ်သက်နေတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံတကာစီးပွားရေးလုပ်ငန်းတွေကို တားဆီးဖို့ ပျက်ကွက်တယ်ဆိုပြီး အမေရိကန်နဲ့ ဗြိတိန်က ရင်းနှီးမြှုပ်နှံရေးဆိုင်ရာ ကုမ္ပဏီ သုံးခုကို အရေးယူဖို့ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ အဖွဲ့ သုံးခုက အမေရိကန်၊ ဗြိတိန်နဲ့ နယ်သာလန်နိုင်ငံတွေကို ဖေဖော်ဝါရီ ၁၈ ရက်နေ့က တိုင်ကြားလိုက်ပါတယ်။

အမေရိကန်အခြေစိုက် S&P Dow Jones Indices၊ MSCI နဲ့ ဗြိတိန်အခြေစိုက် FTSE Russell ကုမ္ပဏီတွေကို အရေးယူဖို့ အမေရိကန်၊ ဗြိတိန်နဲ့ နယ်သာလန်နိုင်ငံတွေက စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း (OECD) ကို တိုင်ကြားလိုက်တာပါ။

အဲဒီကုမ္ပဏီတွေက သဘာဝပတ်ဝန်းကျင်၊ လူမှုဘဝနဲ့ စီမံအုပ်ချုပ်မှု (ESG) ဆိုင်ရာညွှန်းကိန်းတွေကို တွက်ချက်ပေးနေတာဖြစ်ပါတယ်။

အဲဒီမှာ မြန်မာစစ်တပ်နဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ESG အမည်ခံပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေတာဟာ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း (OECD) က ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်တာလို့ လူ့အခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့တွေက ထောက်ပြထားပါတယ်။

စစ်အုပ်စု အကျိုးအမြတ်ရနေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို တားဆီးနိုင်ဖို့ တိုင်ကြားတာလို့ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ တာဝန်ရှိသူ Mike က RFA ကို ပြောပါတယ်။

"သဘာဝပတ်ဝန်းကျင်၊ လူ့အခွင့်အရေးနဲ့ စီမံအုပ်ချုပ်မှုဆိုင်ရာ ကိစ္စတွေကို အလေးထားပါတယ်လို့ ပြောထားတဲ့ ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေသည် မြန်မာနိုင်ငံထဲမှာရှိနေတယ်၊ အဲဒီပိုက်ဆံတွေနဲ့ စစ်အုပ်စုက လူတွေသတ်ဖို့ရနေတယ်၊ အဲဒီရင်းနှီးမြှုပ်နှံမှုတွေရှိနေသရွေ့ စစ်အုပ်စုက လူတွေသတ်ဖို့အတွက် သက်စိုးရှည်နေမှာဖြစ်ပါတယ်၊ ဒါကြောင့် အဲဒီကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပြောင်းလဲနိုင်ဖို့ တောင်းဆိုတာဖြစ်ပါတယ်"

သဘာဝပတ်ဝန်းကျင်၊ လူမှုဘဝနဲ့ စီမံအုပ်ချုပ်မှု (ESG) ရင်းနှီးမြှုပ်နှံမှုခေါင်းစဉ်အောက်ကနေ စစ်ကောင်စီနဲ့ ပတ်သက်နေတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ နိုင်ငံတကာရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံခန့်ရှိတယ်လို့ တိုင်ကြားရာမှာ ထောက်ပြထားပါတယ်။

တိုင်ကြားခံရတဲ့ ကုမ္ပဏီတွေကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ ရုံးပိတ်ရက်ဖြစ်နေတာကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့၊ Inclusice Development International အဖွဲ့နဲ့ Alternative ASEAN Network on Burma (ALTSEAN-Burma) အဖွဲ့တို့က တိုင်ကြားလိုက်တာဖြစ်ပါတယ်။

Inclusice Development International က ထုတ်ပြန်ထားတဲ့ စာရင်းအရ စစ်အုပ်စုနဲ့ ဆက်နွယ်တဲ့ လုပ်ငန်းတွေမှာ Apple ကုမ္ပဏီက ၅.၁ ဘီလီယံ၊ Google လို့လူသိများတဲ့ Alphabet ကုမ္ပဏီက ၄ ဘီလီယံ၊ Facebook က ၁.၇ ဘီလီယံ၊ Total Energies SE က သန်းခြောက်ရာနီးပါးနဲ့ Chevron ကုမ္ပဏီက သန်း ၄၆၀ ကျော်စသဖြင့် ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံတကာ ကုမ္ပဏီ ၁၅ ခုရဲ့ စာရင်းကို ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org