လူမျိုးတုံး သတ်ဖြတ်မှုစွပ်စွဲချက် မဟုတ်မမှန်ကြောင်း အမေရိကန်ပြည်ထောင်စု ပြောကြား

ရခိုင်ပြည်နယ်က လူမျိုးရေး တင်းမာမှုတွေကို အထူးစိုးရိမ်နေဆဲ ဖြစ်ပေမဲ့ OIC အစ္စလာမ်မစ်နိုင်ငံများအဖွဲ့က စွပ်စွဲသလို လူမျိုးတုံး သတ်ဖြတ်နေတယ်ဆိုတာ မဟုတ်မမှန်တဲ့အကြောင်း အမေရိကန်ပြည်ထောင်စုက ပြောကြားလိုက်ပါတယ်။

မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက ဘင်္ဂါလီ ရိုဟင်ဂျာ ဦးရေနည်းသွားအောင် အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတယ်ဆိုတာ မဟုတ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူ Patrick Ventrell က ပြောသွားတာပါ။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomas Quintana ပြီးခဲ့တဲ့ သီတင်းပတ်က ရခိုင်ပြည်နယ်ကို သွားရောက်ချိန်မှာ အမေရိကန် တာဝန်ရှိ ပုဂ္ဂိုလ်တွေလည်း လိုက်ပါသွားခဲ့ပါတယ်။

ဘင်္ဂါလီ ရိုဟင်ဂျာတွေကို မြန်မာအစိုးရက တရားမဲ့ လူမျိုးတုံးသတ်ဖြတ် ကျူးလွန်နေတာကို နိုင်ငံတကာက ရပ်တန့်သွားအောင် အရေးယူ ဆောင်ရွက်ပေးတာ မရှိလို့ စိတ်ပျက်ရတဲ့အကြောင်း OIC အတွင်းရေးမှူးချုပ် Ihsanoglu က ပြောကြားပြီး နာရီပိုင်း အကြာမှာ အမေရိကန်ပြည်ထောင်စုက အဲဒီလို ပြောတာလည်း ဖြစ်ပါတယ်။

ဒီလို ရက်ရက်စက်စက် ကျူးလွန်နေတယ်လို့ စွပ်စွဲခံနေရတဲ့နေရာကို အချက်အလက် ရှာဖွေရေး အဖွဲ့တစ်ဖွဲ့ စေလွှတ်ဖို့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာရှိတဲ့ ကုလသမဂ္ဂ အစ္စလာမ်မစ်အဖွဲ့က လူ့အခွင့်အရေး ကောင်စီကို အရေးတကြီး မေတ္တာရပ်ခံသင့်တယ်လို့လည်း OIC အစ္စလာမ်မစ်နိုင်ငံများအဖွဲ့ အတွင်းရေးမှူးချုပ်က အကြံပေးပါတယ်။

ဒါ့အပြင် ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး အစ္စလာမ်မစ်စုံစမ်းရေး ကော်မတီတစ်ရပ် ဖွဲ့စည်းဖို့လည်း သူကအဆိုပြုပြီး နောက်တကြိမ်ကျင်းပမယ့် ဝန်ကြီးအဆင့်ညီလာခံမှာ အစီရင်ခံစာတစ်စောင် တင်သွင်းသင့်တယ်လို့ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org