မြစ်ဆုံအလှ မပျက်စီးသေးတာကို နှစ်သက်သဘောကျတယ်လို့ အမေရိကန်သံအမတ်ပြော
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel ဟာ ကချင်ပြည်နယ်ခရီးစဉ်အတွင်း မြစ်ဆုံကို သွားရောက်ကြည့်ရှုပြီး မြစ်ဆုံအလှ မပျက်စီးသေးတာကို နှစ်သက်သဘောကျမိကြောင်း ရန်ကုန်အမေရိကန်သံရုံး facebook စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။
-
2018-12-09 -
-
-
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel ဟာ ကချင်ပြည်နယ်ခရီးစဉ်အတွင်း မြစ်ဆုံကို သွားရောက်ကြည့်ရှုပြီး မြစ်ဆုံအလှ မပျက်စီးသေးတာကို နှစ်သက်သဘောကျမိကြောင်း ရန်ကုန်အမေရိကန်သံရုံး facebook စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။
တရုတ်အစိုးရပိုင် CITIC ကုမ္ပဏီက ဆောက်လုပ်မယ့် မြစ်ဆုံစီမံကိန်းတည်ရှိရာဒေသကို အမေရိကန် သံအမတ်ကြီးတစ်ဦးဟာ အခုလိုလာရောက်ကြည့်ရှုခဲ့ပြီး မြစ်ဆုံအလှမပျက်စီးတာကို သဘောကျကြောင်း ပြောကြားတာဟာ အခုအကြိမ်ဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
အမေရိကန် သံအမတ်ကြီးဟာ ကချင်ပြည်နယ်ခရီးစဉ်အတွင်း ပြည်နယ်အစိုးရ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ စစ်ဘေးဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပြီး မကြာသေးခင်က ပြဌာန်းလိုက်တဲ့ မြေလွတ်မြေလပ် မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေကြောင့် စစ်ဘေးဒုက္ခသည်တွေရဲ့ စိုးရိမ်ပူပန်မှုတွေကို ဆွေးနွေးခဲ့ကြပါတယ်။
ဒါ့အပြင် KIA ထိန်းချုပ်နယ်မြေမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီသွားဖို့ အစိုးရ၊ တပ်မတော်နဲ့ ဆက်လက် ညှိနှိုင်းသွားမှာဖြစ်တယ်လို့လည်း သံအမတ်ကြီးက ဒီဇင်ဘာ ၅ရက်နေ့က မြစ်ကြီးနားကို ရောက်ရှိစဉ် ပြောခဲ့ပါတယ်။
အမေရိကန်နိုင်ငံရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို ဆက်ပြီးကူညီသွားမှာဖြစ်သလို IDP တွေကို အကူအညီပေးရေးအတွက် ဒေသဆိုင်ရာ သွားလာခွင့်တွေ၊ အကူအညီပေးရေးတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ဥပဒေနဲ့အညီ လိုအပ်သလို ခွင့်ပြုနိုင်ရေးအတွက် အစိုးရနဲ့ တပ်မတော်ကို ဆက်လက်ပြောဆိုသွားမှာဖြစ်တယ်လို့ သံအမတ်ကြီးက ပြောခဲ့ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မဇင်မာဝင်း ပေးပို့တာပါ။