အမေရိကန်သံအမတ်နဲ့အဖွဲ့ သက်ကယ်ပြင်ဒုက္ခသည်စခန်း တာဝန်ရှိသူတချို့နဲ့ တွေ့ဆုံ


2018.04.03
charlotte-oldham-moore-622.jpg မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel နဲ့အဖွဲ့ကို ၂၀၁၈ ခုနှစ် မတ်လ ၃၀ ရက်နေ့ကတွေ့ရစဉ်
Photo: Pyithu Hluttaw Facebook

ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel ဦးဆောင်တဲ့အဖွဲ့ဟာ ဒီနေ့မနက်မှာ မွတ်စလင် အသိုင်းအဝိုင်းက ပုဂ္ဂိုလ်တချို့နဲ့ စစ်တွေဟိုတယ်မှာ တွေ့ဆုံ ခဲ့ပါတယ်။

သံအမတ်ဟာ ဒီနေ့မနက်မှာ စစ်တွေမြို့နယ်၊ သက်ကယ်ပြင်ကျေးရွာကို သွားရောက်ဖို့ စီစဉ်ထားပေမယ့် အစိုးရဘက်က ခွင့်မပြုတာကြောင့် မွတ်စလင်အသိုင်းအဝိုင်းက ပုဂ္ဂိုလ်တချို့ကို ဟိုတယ်မှာ ခေါ်ယူတွေ့ဆုံခဲ့ တာ ဖြစ်တယ်လို့ တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ ဦးကျော်လှအောင် က ပြောပါတယ်။

“အစိုးရက လာခွင့်မပေးဘူးတဲ့။ စစ်တွေဟိုတည်မှာဖိတ်တယ်။ ကျနော်တို့ပြောတယ်။ ခင်ဗျားတို့ အဲဒီကို သွားကြည့်မယ်ဆိုရင် ကျနော်တို့ ဒုက္ခသည်စခန်းတွေမှာ ဘယ်လိုနေကြလဲဆိုတာ ခင်ဗျားတို့ မျက်ဝါး ထင်ထင် မြင်ကြမှာပေါ့။ ခုကျနော်တို့ ဒီမှာလာပြောတာလည်း ကျနော်တို့လည်း စိတ်မကောင်းဘူး။ ခင်ဗျားတို့လည်း စိတ်မကောင်းဘူး။ နောက်ဆိုရင် အဲမှာလာဖို့အတွက် ကြိုးစားပါလို့ ကျနော်တို့ မှာခဲ့တယ်။”

တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ သက်ကယ်ပြင်ကျေးရွာ ဒုက္ခသည်စခန်းက မွတ်စလင်တွေဟာ ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးအတွက် ဆေးရုံ ဆေးခန်းအခက်အခဲရှိနေတာတွေ၊ အခြေခံပညာကျောင်းတွေ လိုအပ်နေတာတွေကို တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ပြီးတဲ့ ဘူးသီးတောင်၊ မောင်တောနဲ့ စစ်တွေမြို့ပေါ်က မွတ်စလင် ကျောင်းသား ၅၀၀ ခန့် တက္ကသိုလ်ပညာဆက်လက်သင်ကြားဖို့ ကန့်သတ်ခံနေရပြီး စစ်တွေ တက္ကသိုလ်မှာ ခွင့်မပြုရင် တခြားတိုင်းနဲ့ပြည်နယ်တွေမှာ ခွင့်ပြုပေးနိုင်ရေးအတွက် အစိုးရကို တိုက်တွန်းပေးဖို့ တင်ပြခဲ့ကြတယ်လို့ ဦးကျော်လှအောင် က ပြောပါတယ်။

အမေရိကန်သံအမတ်တို့အဖွဲ့ဟာ မနေ့က စစ်တွေမြို့က ရခိုင်အမျိုးသားပါတီဌာနချုပ်မှာ ပါတီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ဘင်္ဂလားဒေ့ရှ်ကိုရောက်နေတဲ့ မွတ်စလင်တွေကို ပြန်လည် လက်ခံမယ့်အရေးအပေါ် ANP ပါတီရဲ့ သဘောထားကို မေးမြန်းခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။