မြေယာ ဥပဒေသစ်မှာ နစ်နာသူတွေအတွက် စဉ်းစားပေးဖို့ အစိုးရကို အမေရိကန် တိုက်တွန်းမည်
2018.12.05

အစိုးရရဲ့ မြေယာဥပဒေသစ်ကို အကောင်အထည်ဖော်ရာမှာ အထောက်အထား စာရွက်စာတမ်းမရှိသူတွေ၊ မိရိုးဖလာ၊ ထုံးတမ်းစဉ်လာပိုင်ဆိုင်ထားသူနဲ့ အရပ်စကားနားလည်မှုနဲ့ ပိုင်ဆိုင်ထားသူတွေအတွက် အကာ အကွယ်ပေးနိုင်မယ့် အချက်တွေကို ပြန်လည်ထည့်သွင်းစဉ်းစားပေးဖို့ အစိုးရနဲ့ လွှတ်တော်ကို တိုက်တွန်း သွားမယ်လို့ အမေရိကန် သံအမတ်ကြီး Scot Marciel က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
အမေရိကန် သံအမတ်ကြီးဟာ ကချင်ပြည်နယ်ကို လာရောက်လေ့လာရာမှာ အစိုးရ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ စစ်ဘေးဒုက္ခသည်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး မကြာသေးခင်က ပြဌာန်းလိုက်တဲ့ မြေလွတ်မြေလပ် မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေကြောင့် စစ်ဘေးဒုက္ခသည်တွေက သူတို့ရဲ့ မြေယာတွေ ဆုံးရှုံးမှာကို စိုးရိမ်နေကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။
အောက်တိုဘာလ ၃၀ ရက်က ထုတ်ပြန်လိုက်တဲ့ မြေလွတ်မြေလပ်မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေမှာ တစ်နိုင်ငံလုံးမှာရှိတဲ့ မြေလွတ်မြေလပ်မြေရိုင်းတွေ၊ မိရိုးဖလာ လုပ်ကိုင်စားသောက်နေတဲ့ မြေတွေအားလုံး အသုံးပြုခွင့် ၆ လအတွင်း လျှောက်ထားကြဖို့နဲ့ အချိန် ၆ လ ကျော်လို့ အသုံးပြုခွင့် မလျှောက်ထားဘဲ အသုံးပြုရင် အစိုးရက မြေသိမ်းယူမယ့် အပြင် မြေအသုံးပြုသူကို ကျူးကျော်အဖြစ် သတ်မှတ်ပြီး ထောင်ဒဏ် ၂ နှစ်၊ ငွေဒဏ် ကျပ် ၅ သိန်း၊ ဒဏ်နှစ်ရပ်စလုံး ချမှတ်မှာဖြစ်တယ်လို့ ကြေညာထားပါတယ်။
ဒါ့အပြင် KIA ထိန်းချုပ်နယ်မြေမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီသွားဖို့ကိုလည်း အစိုးရ၊ တပ်မတော်နဲ့ ဆက်လက်ညှိနှိုင်းသွားမှာဖြစ်တယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။
အမေရိကန်နိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို ဆက်ပြီးကူညီသွားမှာဖြစ်သလို IDP တွေကို အကူအညီပေးရေးအတွက် ဒေသဆိုင်ရာ သွားလာခွင့်တွေ၊ အကူအညီပေးရေးတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ဥပဒေနဲ့အညီ လိုအပ်သလို ခွင့်ပြုနိုင်ရေးအတွက် အစိုးရနဲ့ တပ်မတော်ကို ဆက်လက်ပြောဆိုသွားမှာဖြစ်တယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။
ဒီဇင်ဘာ ၃ရက်နေ့ကနေ ဒီနေ့ အထိ ၃ ရက်ကြာခရီးစဉ်အတွင်း အမေရိကန်သံအမတ်နဲ့ ဗြိတိန်အမတ်တို့ဟာ ကချင်ပြည်နယ်က မှုးယစ်ဆေးဝါးပြသနာ၊ IDP အရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက် လာရောက်လေ့လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တဆက်တည်းမှာပဲ ဗြိတိန် UK အစိုးရအနေနဲ့လည်း ကချင်ပြည်နယ်မှာရှိတဲ့ IDP တွေကို ရေတိုအနေနဲ့ အစားအသောက်၊အဝတ်အထည်နဲ့ နေရာထိုင်ခင်းတွေကို ထောက်ပံ့ပေးသွားမှာဖြစ်ပြီး ရေရှည်အနေနဲ့ အလုပ်အကိုင် ရှာဖွေရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက် ဆက်လက်ကူညီပေးသွားမှာဖြစ်တယ်လို့ ဗြိတိန်သံအမတ် Dan Chugg က ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့လိုက်တာပါ။