လိမ်လည်မှုတွေ သတိထားဖို့ မလေးရှား UNHCR ထုတ်ပြန်
ပွဲစားကတစ်ဆင့် လိမ်လည်မှုတွေနဲ့ လျှောက်ထားတာတွေရှိတဲ့အတွက် အထူးသတိထားကြဖို့ ချင်းဒုက္ခသည်များ မဟာမိတ်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
-
RFA Burmese
2025-02-05 -
-
-
အမေရိကန်အစိုးရက ဒုက္ခသည်တွေလက်ခံတဲ့အစီအစဉ် (USRAP) ကို ဆိုင်းငံ့ထားချိန်မှာ ဒုက္ခသည်တွေကို လိမ်လည်မှုတွေ ရှိလာနိုင်တာကြောင့် သတိထားကြဖို့ မလေးရှား ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဖေဖော်ဝါရီလ ၅ ရက်နေ့က သတိပေးချက် ထုတ်ပြန်ပါတယ်။
မလေးရှားနိုင်ငံမှာရှိတဲ့ ဒုက္ခသည်တွေ အမေရိကန်ကို ပို့ဆောင်ဖို့ စောင့်ဆိုင်းနေချိန်မှာ ဒုက္ခသည်အဖြစ် နိုင်ငံရပ်ခြားသွားနိုင်ရေးကူညီပေးတာနဲ့ UN လျှောက်ထားတဲ့လုပ်ငန်းစဥ်တွေကို ငွေကြေးရယူပြီး လိမ်လည်မှုတွေကို အထူးသတိထားကြဖို့ ထုတ်ပြန်လိုက်တာပါ။
မလေးရှားနိုင်ငံရောက် မြန်မာဒုက္ခသည်တွေအကြား ဒုက္ခသည်အဖြစ် ပွဲစားကတစ်ဆင့် လိမ်လည်မှုတွေနဲ့ လျှောက်ထားတာတွေရှိတဲ့အတွက် အထူးသတိထားကြဖို့ မလေးရှားရောက် ဒုက္ခသည်အရေးကူညီပေးနေတဲ့ ချင်းဒုက္ခသည်များ မဟာမိတ်အဖွဲ့ (Alliance of Chin Refugees) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“UN နဲ့ တိုက်ရိုက်ဆက်သွယ်လုပ်တဲ့ ကျွန်တော်တို့ရုံးတွေကျတော့ စာရွက်စာတမ်းတွေကအစ အခမဲ့လေနော်။ ပိုက်ဆံယူလို့မရဘူး။ ဒါကို တချို့လူတွေက အပြင်မှာလုပ်စားကြတယ်။ အထူးသဖြင့် KL တွင်းမှာ နေတဲ့သူတွေထက် နယ်စပ်ပိုင်းတွေမှာ KL ရဲ့ မြို့ပြင်ပိုင်းတွေမှာနေတဲ့သူတွေက တော်တော်လေးအလိမ်အညာပိုမိတာများတယ်။ UN ကတ်ရအောင်လုပ်ပေးမယ်ဆိုပြီး လုပ်ကြတယ်။ ကျွန်တော်တို့ မြန်မာတွေကြားထဲမှာ ပွဲစားက တော်တော်လေးရှိတယ်။ အလိမ်ခံရတာများတာက UN ကတ်အသစ်ရမယ် ရအောင်လုပ်ပေးမယ်ဆိုပြီး။ လူတွေကလည်း အနာဂတ်အတွက် လမ်းပိတ်နေချိန်မှာ ပိုက်ဆံထက် ထွက်ပေါက်ပဲ ကြည့်နေတာ။ မလေးရှားမှာလည်း အဖမ်းအဆီးတွေက အရမ်းဆိုးတော့ ကိုယ့်လူတွေကလည်း အလိမ်အညာလွယ်တယ်ပေါ့နော်”
ဒါ့အပြင် တတိယနိုင်ငံကို ထွက်ခွာရမယ်ဆိုတဲ့ သတင်းကြောင့် အလုပ်ကနေနုတ်ထွက်တာ၊ ကလေးငယ်တွေကို ကျောင်းကနေနုတ်ထွက်တာတွေနဲ့ မိမိပိုင်ပစ္စည်းတွေကို မရောင်းချဖို့ကိုလည်း UNHCR က ပြောကြားထားပါတယ်။
တတိယနိုင်ငံကို ပို့ဆောင်ပေးမယ်လို့ ပြောဆိုလိမ်လည်မှုတွေရှိလာရင် လိမ်လည်မှုတိုက်ဖျက်ရေးရဲဌာနနဲ့ UNHCR ကို တိုင်ကြားနိုင်ပြီး UNHCR ရဲ့ ဒုက္ခသည်များ အခြေချနေထိုင်ရေး ပံ့ပိုးရေးစင်တာ (RSC) နဲ့ နိုင်ငံတကာရွှေ့ပြောင်းသွားလာမှုကူညီရေးအဖွဲ့ (IOM) က တရားဝင်အကြောင်းကြားစာတွေကိုပဲ ယုံဖို့လည်း သတိပေးထားပါတယ်။
မလေးရှားနိုင်ငံမှာ တတိယနိုင်ငံထွက်ခွာဖို့ ဒုက္ခသည်အဖြစ် လျှောက်ထားသူ မြန်မာနိုင်ငံသား တစ်သိန်းခွဲကျော်ရှိတယ်လို့ ဒုက္ခသည်အရေးကူညီပေးနေသူတွေက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုက နိုင်ငံတကာကိုပေးနေတဲ့ အကူအညီတွေဟာ အမေရိကန်ပြည်သူတွေအတွက် အကျိုးရှိ၊ မရှိ ပြန်သုံးသပ်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ရက်ပေါင်း ကိုးဆယ် ဆိုင်းငံ့ဖို့ သမ္မတ ထရမ့် အစိုးရသစ်က အမိန့်ပေးထားတာကြောင့် နိုင်ငံတကာ အကူအညီတွေ အားလုံးရပ်ဆိုင်းနေတာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ထိုင်းနိုင်ငံက ဒုက္ခသည်တချို့နဲ့ မလေးရှားက ဒုက္ခသည်တချို့ဟာ အမေရိကန်ပြည်ထောင်စုကို ဒုက္ခသည်အဖြစ် ထွက်ခွာခါနီးမှာ လှည့်ပြန်လာခဲ့ရပါတယ်။