ရွေးကောက်ပွဲမတိုင်ခင် စစ်အစိုးရကို ကုလအတွင်းရေးမှူးချုပ် ပြစ်တင်ဝေဖန်

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလ ရွေးကောက်ပွဲမတိုင်ခင် လွှတ်ပေးဖို့ စစ်အစိုးရက ငြင်းဆိုနေတာကို သူ့အနေနဲ့ အထူး စိုးရိမ်မကင်း ဖြစ်မိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ပြောဆိုပါတယ်။

၂၀၁၀ ခုနှစ် သြဂုတ်လ ၉ ရက်နေ့က နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ် သတင်းစာရှင်းလင်းပွဲတခုတွင် တွေ့ရသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း။ (UN Photo/Paulo Filgueiras) UN Photo/Paulo Filgueiras

စစ်အစိုးရရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ချက်တွေဟာ နှေးကွေးနေတဲ့အပြင် ပြည့်စုံမှု မရှိဘူးလို့လည်း ဝေဖန်လိုက်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ အထူးကိုယ်စားလှယ် Mr. Vijay Nambiar ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကို စစ်အစိုးရက ငြင်းပယ်ထားပြီး နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်နေတာကိုလည်း အလွန်ပဲ စိတ်ပျက်ရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ၆၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တင်သွင်းတဲ့ အတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာမှာ ထောင်နဲ့ချီ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အခြေအနေကို အထူး စိုးရိမ်နေကြောင်း ဖော်ပြထားတယ်လို့ သောကြာနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။

စစ်အစိုးရဘက်က ပျော့ပျောင်းတဲ့ သဘောထားတချို့ ပြတယ်ဆိုပေမယ့် နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီး ချုပ်နှောင်ထားတာ၊ ဒေအောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်နဲ့ ဆက်လက် ထိန်းသိမ်းထားတာတွေကို အတွင်းရေးမှူးချုပ်က အထူးစိုးရိမ်တယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ နိုဝင်ဘာလ (၇) ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲကို နိုင်ငံတကာက ယုံကြည် လက်ခံနိုင်ဖို့ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ စစ်အစိုးရကို ထပ်ပြီး တောင်းဆိုထားပါတယ်။ ရွေးကောက်ပွဲ ကျင်းပတော့မယ့် ကာလမှာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ ငြိမ်းချမ်းစွာ လူထုစုဝေးခွင့် စတဲ့ အခြေခံ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့နဲ့ နိုင်ငံရေး စကားရည်လုပွဲတွေ ကျင်းပခွင့်ပြုဖို့ စစ်အစိုးရကို တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံက နိုင်ငံရေး အကြပ်အတည်းနဲ့ လက်နက်ကိုင် ပဋိပက္ခတွေရဲ့ အခြေအနေကို တိုးတက်ကောင်းမွန်လာအောင် လုပ်ဖို့ စစ်အစိုးရကို တောင်းဆိုထားပါတယ်။

ဒီအကြောင်း မအင်ကြင်းနိုင် စုစည်း တင်ပြထားတာကိုလည်း အပြည့်အစုံ နားဆင်နိုင်ပါတယ်။

စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org