လူ့အခွင့်အရေးလှုပ်ရှားသူတွေအရေး အထူးစိုးရိမ်ကြောင်း ကုလ ကိုယ်စားလှယ်များပြော
မြန်မာနိုင်ငံက လူ့အခွင့်အရေးလှုပ်ရှားသူတွေအရေး အလွန်အမင်း စိုးရိမ်ပူပန်နေ ရတဲ့အကြောင်း ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကျွမ်းကျင်သူတွေက ပြောဆိုလိုက် တဲ့အကြောင်း ဒီကနေ့ပဲ ဂျီနီဗာမြို့ ကုလသမဂ္ဂရုံးက သတင်းထုတ်ပြန်ပါတယ်။
- 2021-07-19
-
-
-
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Thomas Andrews ပုံ
Photo: UN Geneva
မြန်မာနိုင်ငံက လူ့အခွင့်အရေးလှုပ်ရှားသူတွေအရေး အလွန်အမင်း စိုးရိမ်ပူပန်နေရတဲ့အကြောင်း ကုလ သမဂ္ဂရဲ့ လူ့အခွင့်အရေးကျွမ်းကျင်သူတွေက ပြောဆိုလိုက်တဲ့အကြောင်း ဒီကနေ့ပဲ ဂျီနီဗာမြို့ ကုလသမဂ္ဂရုံး က သတင်းထုတ်ပြန်ပါတယ်။
မြန်မာစစ်အုပ်စုကို လက်နက်ပိတ်ဆို့ရေးအပါအဝင် အရေးယူဒဏ်ခတ်မှုတွေလုပ်ဖို့ နိုင်ငံတကာညွန့်ပေါင်း အဖွဲ့တစ်ခု အရေးပေါ်ဖွဲ့စည်းပြီး ဆောင်ရွက်ကြဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။
မြန်မာစစ်တပ်က လူ့အခွင့်အရေးလှုပ်ရှားသူတွေကိုဆက်ပြီး ဖိနှိပ်နေတာတွေကို မျက်မြင်သက်သေတွေအဖြစ် သူတို့တွေ့နေကြရပြီလို့ လူ့အခွင့်အရေး လှုပ်ရှားသူများဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် Mary Lawlor နဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Thomas Andrews တို့က ပြောဆိုကြတာပါ။
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (က) ထုတ်ပြန်ပြီး လူ့အခွင့်အရေးလှုပ်ရှားသူတွေရဲ့ အိမ်တွေ ဝင်ရောက်စီးနင်းတာ၊ သူတို့ရဲ့ပိုင်ဆိုင်မှုတွေ သိမ်းဆည်းတာ၊ မိသားစုဝင်တွေကို ခြိမ်းခြောက်တာ၊ နှောင့်ယှက် စော်ကားတာ၊ မတရားသဖြင့် ဖမ်းဆီးတာတွေကို အလုပ်သမားတွေရဲ့ အခွင့်အရေး ဆောင်ရွက်ပေးနေသူတွေ၊ ကျောင်းသားထုအရေးလှုပ်ရှားသူတွေ၊ ရှေ့နေတွေ၊ သတင်းသမားတွေ ကြုံတွေ့ နေကြရတဲ့အကြောင်း လူ့ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်တွေက သူတို့ရရှိထားတဲ့ ခိုင်လုံတဲ့သတင်းအချက် အလက်တွေကို ကိုးကားပြီးပြောခဲ့ကြပါတယ်။
တိုင်းရင်းသားလူမျိုးစုဒေသတွေက လူ့အခွင့်အရေးလှုပ်ရှားသူ အမျိုးသမီးတွေဟာလည်း လူ့အခွင့်အရေးချိုး ဖေါက်မှုတွေကို ခံနေကြရတယ်၊ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာလည်း အမျိုးသမီးတွေဟာ ဦးဆောင် တဲ့နေရာကနေ ပါဝင်ခဲ့ကြပြီး စစ်ကောင်စီလက်အောက် သူတို့ရဲ့ အခြေအနေတွေအတွက်လည်း စိုးရိမ်ပူပန် နေတဲ့အကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ကုလသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။