မြန်မာ့အကျပ်အတည်း အရေးပေါ်ဖြေရှင်းဖို့ ကုလမင်းကြီးတိုက်တွန်း
မြန်မာနိုင်ငံတွင်းက အခြေအနေဆိုးရွားမှုတွေကို အဆိုးဆုံးအခြေအနေတွေ မရောက်လာခင်မှာ ကြိုတင်တားဆီးဖို့ အရေးပေါ်ဆောင်ရွက်မှုတွေ လိုအပ်နေပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင် မင်းကြီး Michelle Bachelet က ဒီကနေ့ ပြောလိုက်တဲ့အကြောင်း ကုလသမဂ္ဂ ဂျီနီဗာရုံးကနေ သတင်းထုတ်ပြန်ပါတယ်။
- 2021-09-23
-
-
-
မြန်မာနိုင်ငံတွင်းက အခြေအနေဆိုးရွားမှုတွေကို အဆိုးဆုံးအခြေအနေတွေ မရောက်လာခင်မှာ ကြိုတင် တားဆီးဖို့ အရေးပေါ်ဆောင်ရွက်မှုတွေ လိုအပ်နေပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင် မင်းကြီး Michelle Bachelet က ဒီကနေ့ ပြောလိုက်တဲ့အကြောင်း ကုလသမဂ္ဂ ဂျီနီဗာရုံးကနေ သတင်းထုတ်ပြန် ပါတယ်။
မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေဟာ စစ်မက်ဆိုင်ရာ ပြစ်မှု ဒါမှမဟုတ် လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ပြစ်မှုတွေ ကျူးလွန်ရာရောက်နိုင်တယ်ဆိုတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ထုတ်ပြန်တဲ့ အစီရင်ခံ စာသစ်တစ်စောင် ထွက်လာပြီး လူ့အခွင့်အရေးကော်မရှင်မင်းကြီးက အခုလို သတိပေးပြောဆိုလိုက်တာပါ။
မြန်မာနိုင်ငံဟာ စီးပွားရေးတဟုန်ထိုးကျဆင်းနေတာကို ရင်ဆိုင်နေရပြီး ကိုဗစ်ကပ်ရောဂါရဲ့ ဒဏ်ကိုလည်း ခံနေရတာကြောင့် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အကျပ်အတည်းက သက်သာစရာ လက္ခဏာ မမြင်ဘူးလို့ ကုလ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ကကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတွေအရ မြန်မာ စစ်တပ်ဟာ လူတွေသေကျေအောင် အင်အား အကြီးအကျယ်သုံးတာ၊ လူအမြောက်အမြားကို ဖမ်းဆီးတာတွေ လုပ်ခဲ့တဲ့အကြောင်း၊ လွတ်လပ်စွာ ရေးသားပြောဆိုခွင့်၊ လွတ်လပ်စွာ စုရုံးခွင့်၊ လွတ်လပ်စွာ တရားစီရင်ခွင့် စတာတွေကို ချိုးဖောက်နေတဲ့အပြင် မကြာခင် သီတင်းပတ်တွေအတွင်းမှာ စစ်ရေးအရှိန်မြှင့် လုပ်ဆောင်လာပြီး လက်နက်ကိုင်အုပ်စုတွေရဲ့ ခုခံမှုတွေလည်း ရှိလာခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
ဒီလိုအခြေအနေမှာ တာဝန်ရှိသူတွေကို ပြင်းပြင်းထန်ထန် အရေးယူနိုင်ဖို့ အရေးပေါ်လိုအပ်နေတယ်၊ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ လျော့ကျသွားအောင်လုပ်ဖို့ ပြောဆိုထားတဲ့ အာဆီယံအသင်းအနေနဲ့လည်း အပြုသဘော ဆောင်တဲ့ ဆွေးနွေးမှုတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး ကြားမှာ ဖြစ်လာအောင်လုပ်ဖို့ လိုနေ တယ်လို့လည်း ကုလသမဂ္ဂလူ့ အခွင့်အရေးကော်မရှင်မင်းကြီး Michelle Bachelet က ဒီကနေ့ တိုက်တွန်း လိုက်ပါတယ်။