စစ်ကောင်စီကို လုံခြုံရေးကောင်စီကတစ်ဆင့် ICC ကို လွှဲအပ်ဖို့ ဦးကျော်မိုးထွန်း တောင်းဆို

နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီအတွက် မြန်မာနိုင်ငံအပါအဝင် တခြားကမ္ဘာ့‌နေရာတွေမှာ ခိုအောင်းလို့ မရအောင် ခိုင်မာတဲ့ နိုင်ငံတကာစနစ်ပေါ်ပေါက်ဖို့လည်း တောင်းဆိုလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေး တက်ရောက်နေသည့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။ Facebook / Permanent Mission of Myanmar to the United Nations

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေက မြန်မာပြည်တရားဥပဒေတွေနဲ့ ရာဇဝတ်မှုကျူးလွန်သူတွေကို ထိထိရောက်ရောက် အပြစ်ပေးအရေးယူနိုင်ခြင်း မရှိတဲ့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ စစ်ကောင်စီရဲ့ရာဇဝတ်မှုတွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ကို လွှဲပြောင်းတင်ပြပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီအတွက် မြန်မာနိုင်ငံအပါအဝင် တခြားကမ္ဘာ့‌နေရာတွေမှာ ခိုအောင်းလို့ မရအောင် ခိုင်မာတဲ့ နိုင်ငံတကာစနစ်ပေါ်ပေါက်ဖို့လည်း ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

“ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် အခြေခံမူရဲ့ နယ်ပယ်နဲ့ အသုံးချမှု” ခေါင်းစဥ်နဲ့ အောက်တိုဘာ ၁၆ ရက်က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာကျင်းပတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးမှာ တောင်းဆိုလိုက်တာပါ။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းကာလ လေးနှစ်နီးပါးရှိလာချိန်မှာ စစ်ကောင်စီဟာ နိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုကို စနစ်တကျ ဖျက်ဆီးခဲ့ပြီး ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

ဒီလိုဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နိုင်ဖို့ စစ်ကောင်စီခန့်ထားတဲ့ ပြည်ထောင်စုရှေ့နေချုပ်အပါအဝင် လက်ရှိနိုင်ငံရဲ့ တရားစီရင်ရေးနဲ့ ဥပဒေကဏ္ဍကို ဦးဆောင်နေသူတွေက ဥပဒေတွေ ပြင်ဆင်ရေးဆွဲပေးခဲ့ပြီး ဒီဥပဒေတွေနဲ့ ပြည်သူတွေအပေါ်လက်နက်သဖွယ် သုံးနေတာကြောင့် နိုင်ငံတကာက ဝိုင်းဝန်းထောက်ပြနေတဲ့ စစ်ကောင်စီကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် နိုင်ငံတွင်း လွတ်လပ်ပြီး ဘက်မလိုက်ဘဲ တရားမျှတတဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ မဖြစ်နိုင်တော့ကြောင်းလည်း ဦးကျော်မိုးထွန်းက ဆိုပါတယ်။

နိုင်ငံတကာ အဖွဲ့အစည်းတွေက မြန်မာနိုင်ငံလို ဖြစ်စဥ်တွေမှာ ကျုးလွန်သူတွေ ပြစ်ဒဏ်ကင်းလွတ်နေတာကို ဖြေရှင်းမပေးနိုင်တဲ့အခါ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်ကို သုံးဖို့က အထူးအရေးပါလာတယ်လို့လည်း သူက ထောက်ပြပါတယ်။

အဲဒါကြောင့် စစ်ကောင်စီကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ထံ ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေတစ်ဆင့် လွှဲအပ်တင်သွင်းဖို့၊ စစ်ကောင်စီကို တစ်ကမ္ဘာလုံးက လက်နက်တင်ပို့ရောင်းချတာနဲ့ တိုက်လေယာဉ်ဆီ ထောက်ပံ့တာတွေကို အရေးယူပိတ်ဆို့ပေးဖို့နဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေကို ကမ္ဘာလုံးဆိုင်ရာ စီရင်ပိုင်ခွင့်ကို သုံးပြီး အရေးယူဆောင်ရွက်မှုတွေ လုပ်ပေးဖို့လည်း သူက တောင်းဆိုလိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org