အဖိနှိပ်ခံ မြန်မာပြည်သူတွေကို ထောက်ခံအားပေးဖို့ ကုလအထူးကိုယ်စားလှယ် တိုက်တွန်း

လေးနှစ်အကြာ စစ်ရေးဖိနှိပ်မှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ အရည်အချင်းမဲ့မှုတွေက မြန်မာနိုင်ငံကို ချောက်ထဲကျစေခဲ့တယ်လို့ သူက ပြောပါတယ်။

ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသည့် မြန်မာ့အရေး သတင်းစာရှင်းလင်းပွဲ တက်ရောက်လာသော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တွမ် အင်ဒရူးအား ၂ဝ၂၃ ခုနှစ်၊ မေလ ၁၇ ရက်နေ့က တွေ့ရစဥ်။ UN Web TV

မြန်မာနိုင်ငံမှာ အာဏာသိမ်း လေးနှစ်အတွင်း အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပြီး ဒီဖြစ်ရပ်တွေကို ရပ်တန့်နိုင်ဖို့ မြန်မာပြည်သူတွေကို နိုင်ငံတကာက ဝိုင်းဝန်းပံ့ပိုးရမဲ့အချိန် ရောက်နေပြီလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တွမ် အင်ဒရူးက ဇန်နဝါရီ ၃၀ ရက်နေ့မှာ ပြောလိုက်ပါတယ်။

လေးနှစ်အကြာ စစ်ရေးဖိနှိပ်မှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ အရည်အချင်းမဲ့မှုတွေက မြန်မာနိုင်ငံကို ချောက်ထဲကျစေခဲ့တယ်လို့ သူက ပြောပါတယ်။

ဒီကာလအတွင်း အရပ်သားတွေ ထောင်နဲ့ချီ သတ်ဖြတ်ခံထားရတာ ရပ်ရွာတွေကို ဗုံးကြဲခံရတာနဲ့ မီးရှို့ဖျက်ဆီးခံရတာတွေ ကြုံခဲ့ရပြီး လူသန်းနဲ့ချီပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီလိုပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် တရားမျှတမှုရရှိရေး လုပ်ငန်းစဥ် တည်ဆောက်ဖို့ ဒီမိုကရေစီအရေးလှုပ်ရှားမှုနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကို ပံ့ပိုးပေးဖို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) အပါအဝင် နိုင်ငံတကာ အစိုးရတွေကို တွမ် အင်ဒရူးက တိုက်တွန်းပါတယ်။

စစ်ကောင်စီက အတုအယောင် ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေပြီး အဲဒီရွေးကောက်ပွဲကိုလည်း ပယ်ဖျက်သင့်တယ်လို့ ဆိုပါတယ်။

ဒီပြောဆိုချက်တွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီကတော့ ရွေးကောက်ပွဲ ကျင်းပဖို့အတွက် တည်ငြိမ်အေးချမ်းမှု လိုအပ်နေသေးတယ် ဆိုတဲ့အကြောင်းပြချက်နဲ့ ဇန်နဝါရီ ၃၁ ရက်နေ့မှာ အရေးပေါ်ကာလကို နောက်ထပ် ခြောက်လ သက်တမ်းတိုးထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org