ကုလလူ့အခွင့်အရေးကောင်စီ မြန်မာ့အရေးဆုံးဖြတ်ချက် အတည်ပြု

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2023.04.04
ကုလလူ့အခွင့်အရေးကောင်စီ မြန်မာ့အရေးဆုံးဖြတ်ချက် အတည်ပြု ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေး။
File Photo: AFP

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အဲဒီဆုံးဖြတ်ချက်ထဲမှာ အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေ၊ အကြမ်းဖက်လုပ်ရပ်တွေကို ထောက်ပြပြီး ရှုတ်ချထားတာပါ။

စစ်တပ်အနေနဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ လေကြောင်းသုံး တိုက်ခိုက်မှုတွေအားလုံးကို ချက်ချင်းရပ်တန့်ဖို့၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် မတရားဖမ်းဆီးခံထားရသူတွေ အားလုံးကိုလည်း ချက်ချင်းလွှတ်ဖို့ တောင်းဆိုထားပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုတွေဆက်ပြီး မလုပ်နိုင်အောင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ မြန်မာစစ်တပ်ကို လက်နက်ပစ္စည်း တရားမဝင်တင်ပို့တာ၊ ရောင်းချတာတွေ မလုပ်ဖို့ လည်း တိုက်တွန်းထားပါတယ်။ တာဝန်ရှိသူတွေကို နိုင်ငံတကာတရားရုံးတွေမှာ အရေးယူနိုင်ဖို့လည်း ပါရှိပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ် မီချဲလ်တေလာ (Michèle Taylor) က " မြန်မာပြည်သူတွေခံစားနေရတာကို ကျမတို့ မြင်နေ ကြားနေရပါတယ်။ မြန်မာပြည်သူတွေကို ကျမတို့ မေ့မနေဘူးဆိုတာ ပြောချင်ပါတယ်"

Sequence 1268.00_00_29_18.Still002.jpg
ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်။ (File Photo: AFP)

"ကုလအဖွဲ့ဝင် ဘယ်နိုင်ငံကမှ မြန်မာနိုင်ငံကို လက်နက်ပစ္စည်းတွေ မရောင်းဖို့တောင်းဆိုပါတယ်။ ဒီမှာ ရှင်းရှင်းပြောပါရစေ။ မြန်မာစစ်တပ်ဟာ အဲဒီလို ဝယ်လို့ရတဲ့ လက်နက်တွေနဲ့ မြန်မာပြည်သူလူထုတွေကို လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်နေတာဖြစ်ပါတယ်"

"မြန်မာပြည်သူလူထုက တစိုက်မတ်မတ်တောင်းဆိုနေသလို နိုင်ငံတကာအနေနဲ့ ပြင်းပြင်းထန်ထန် အရေးယူတုံ့ပြန်မှုတွေ လုပ်ဖို့လိုပါတယ်။ ဘာတွေ လုပ်ရမလဲဆိုရင် မြန်မာစစ်တပ်လက်ထဲ လက်နက်တွေမရောက်အောင် လက်နက်ရောင်းချနေတာတွေ ပိတ်ဆို့ဖို့လိုပါတယ်။ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ဖို့ လိုပါတယ်"

မြန်မာစစ်ကောင်စီအနေနဲ့ လက်နက်ချပြီး၊ ၂ဝ၂ဝ ပြည့်နှစ် ဒီမိုကရေစီရွေးကောက်ပွဲ ရလာဒ်အတိုင်း ပြည်သူ့ဆန္ဒကိုလေးစားလိုက်နာဖို့လိုတယ်လို့လည်း ပြောခဲ့ပါတယ်။

မြန်မာပြည်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတွေကို နိုင်ငံတကာတရားရုံးတွေဖြစ်တဲ့ ICJ, ICC အပါအဝင် နိုင်ငံတကာနဲ့ ဒေသတွင်းတရားရုံးတွေမှာ အရေးယူနိုင်ရေးအတွက် အားလုံးဝိုင်းဝန်းပြီး ကူညီကြဖို့၊ အဲဒီလို အရေးယူနိုင်ဖို့ အထောက်အထားတွေရှာနေတဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့ IIMM အပါအဝင် ကုလအဖွဲ့တွေအားလုံးကို အချက်အလက် အထောက်အထားတွေ မျှဝေဖို့၊ ကူညီကြဖို့ တိုက်တွန်းထားပါတယ်။

Sequence 1268.00_02_48_18.Still004.jpg
၂ဝ၂၃ ခုနှစ် မတ်လ ၂၇ ရက်နေ့က ကျင်းပသည့် တပ်မတော်နေ့ အခမ်းအနား။ (Photo: AFP)

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ယူကေနိုင်ငံဆိုင်ရာ သံအမတ် Simon Manley က " မြန်မာစစ်တပ်ဟာ နိုင်ငံတကာ တရားဥပဒေစိုးမိုးမှုတွေ၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီစံနှုန်းတွေကို လုံးဝ ဂရုမစိုက်ပါဘူး။ ပြီးခဲ့တဲ့ တစ်ပတ်တုန်းကပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအပါအဝင် နိုင်ငံရေးပါတီပေါင်း ၄ဝ ကို ဖျက်သိမ်းခဲ့ပါတယ်။ ဒါဟာ မြန်မာပြည်သူတွေရဲ့ အခွင့်အရေးတွေကို စော်ကားတာပါပဲ၊ မြန်မာစစ်တပ် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတာကို အဆုံးသတ်ဖို့ဆိုရင် အရေးယူဆောင်ရွက်တဲ့ နည်းလမ်းတစ်ခုပဲရှိပါတယ်"

မနေ့က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပတဲ့ ကုလ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက် ဆွေးနွေးပွဲမှာ တရုတ်နိုင်ငံက ပါဝင်ခြင်းမရှိဘူးလို့ တရုတ်သံအမတ်က ပြောဆိုခဲ့ပါတယ်။

နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ မြန်မြန်ဆန်ဆန်ဖြစ်ဖို့၊ သက်ဆိုင်သူအားလုံး ဆွေးနွေးညှိနှိုင်းတဲ့နည်းနဲ့ ဖြေရှင်းဖို့ မျှော်လင့်ကြောင်း၊ ပိတ်ဆို့အရေးယူတဲ့နည်းက ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှုကိုပဲ ဖြစ်စေမှာဖြစ်ကြောင်း၊ အခုသဘောတူဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံက အခြေအနေတွေကို ပိုဆိုးရွားစေမယ်လို့ ယူဆတဲ့အတွက် အခုဆုံးဖြတ်ချက်မှာ တရုတ်နိုင်ငံအနေနဲ့ မပါဝင်ဘူးလို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။

Sequence 1268.00_04_01_16.Still005.jpg
ရိုဟင်ဂျာဒုက္ခသည်မိသားစုတစ်စု (Photo: AFP)

အခုဆုံးဖြတ်ချက်ထဲမှာ ရိုဟင်ဂျာတွေအရေးကိစ္စနဲ့ ပတ်သက်လို့လည်း ဖော်ပြထားပြီး၊ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ နိုင်ငံသားဖြစ်ခွင့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ မူဝါဒ သဘောထားကို ကြိုဆိုကြောင်းလည်း ပြောထားပါတယ်။

အခုချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ဘာမှတုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။