အာဏာသိမ်းတစ်နှစ်ပြည့်သည့်တိုင် နိုင်ငံတကာမှာ စစ်ကောင်စီ နေရာမရသေးလို့ ဦးကျော်မိုးထွန်းပြော

စစ်ကောင်စီဟာ အာဏာသိမ်းထားတာ တစ်နှစ်တင်းတင်း ပြည့်သွားပြီဖြစ်ပေမယ့် နိုင်ငံတကာမျက်နှာစာကို ဘယ်လိုမှ မထိုးဖောက်နိုင်သေးဘူးလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ဒီကနေ့ ပြောလိုက်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း Photo - reuters

နိုင်ငံတကာရဲ့ ထောက်ခံမှုရဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းထားတာ တစ်နှစ်တင်းတင်း ပြည့်သွားပြီဖြစ်ပေမယ့် နိုင်ငံတကာမျက်နှာစာကို ဘယ်လိုမှ မထိုးဖောက်နိုင်သေးဘူးလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ဒီကနေ့ ပြောလိုက်ပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ ပြည်သူတွေဘက်မှာ နိုင်ငံတကာအစိုးရတွေက ရပ်တည်ပြီး အကူအညီတွေ ထောက်ပံ့ပေးနေတယ်လို့လည်း သူကဆိုပါတယ်။ ဒါပေမယ့် ဒီအကူအညီတွေဟာ လုံလောက်တာတော့ မဟုတ်သေးဘူးလို့လည်းပြောပါတယ်။

တစ်နှစ်တိတိ စစ်တပ်ကအာဏာသိမ်းထားပေမယ့် ဒီအာဏာသိမ်းမှုဟာ ဘယ်လိုမှမအောင်မြင်သေးဘူးလို့လည်း ဦးကျော်မိုးထွန်းက ပြောပါတယ်။

ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်ခဲ့တဲ့ စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးတွေမှာ အရေးယူနိုင်ရေး ကြိုးပမ်းနေတယ်လို့လည်းဆိုပါတယ်။

ဦးကျော်မိုးထွန်းဟာ အာဏာသိမ်းအစောပိုင်း ဖေဖော်ဝါရီလထဲမှာ စစ်ကောင်စီကို ဆန့်ကျင်ကာ ပြည်သူလူထုနဲ့ ပူးပေါင်းခဲ့သူဖြစ်ပြီး ကုလသမဂ္ဂညီလာခံမှာ မြန်မာအာဏာသိမ်းစစ်တပ်ကို ရှတ်ချပြောဆိုခဲ့သူပါ။

အာဏာသိမ်းတစ်နှစ်တာကာလအတွင်း စစ်ကောင်စီဘက်က ကုလသမဂ္ဂ မြန်မာကိုယ်စားပြု သံအမတ်နေရာကို ရယူဖို့တင်သွင်းခဲ့တာရှိပေမယ့်လည်း ကိုယ်စားလှယ်ရွေးချယ်ရေးကော်မတီက မြန်မာကိုယ်စားလှယ်ရွေးချယ်ရေးကို ဆိုုင်းငံ့ထားပါတယ်။

ဒါ့ကြောင့် အမျိုးသားညီညွတ်ရေး အစိုးရ NUG နဲ့ ပူးပေါင်းခဲ့တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကပဲ UN မှာ ဆက်ရှိနေပြီး စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကမ္ဘာ့ခေါင်းဆောင်တွေကြား ရှုတ်ချပြောဆိုခွင့်ရနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org