ကုလသမဂ္ဂ ဆုံးဖြတ်ချက်များ ANP ရခိုင်ပါတီက ကန့်ကွက်
၆၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ ရိုဟင်ဂျာလူနည်းစု မွတ်စ လင်တွေကို နိုင်ငံသားအဖြစ် သတ်မှတ်ပေး ဖို့၊ တန်းတူအခွင့်အရေးတွေပေးဖို့ မြန်မာအစိုးရကို တိုက် တွန်းတဲ့ ဆုံးဖြတ်ချက်တွေကို ရခိုင်အမျိုးသားပါတီ ANP က ကန့်ကွက်ကြောင်း မနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
-
2015-01-05 -
-
-
၆၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ရိုဟင်ဂျာလူနည်းစု မွတ်စလင်တွေကို နိုင်ငံသားအဖြစ် သတ်မှတ်ပေးဖို့၊ တန်းတူအခွင့်အရေးတွေပေးဖို့ မြန်မာ အစိုးရကို တိုက်တွန်းတဲ့ ဆုံးဖြတ်ချက်တွေကို ရခိုင် အမျိုးသားပါတီ ANP က ကန့်ကွက်ကြောင်း မနေ့ က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ကုလသမဂ္ဂအနေနဲ့ ရခိုင်ပြည်နယ် အခြေအနေတွေကို အသေးစိတ်လေ့လာပြီးမှ ပြဿနာတွေကို ဘယ်လိုဖြေ ရှင်းဆောင်ရွက်သင့်တယ်ဆိုတဲ့ အကြံဉာဏ်မျိုးကို သာ ပေးသင့်တယ်လို့ ရခိုင်အမျိုးသားပါတီ ANP ဒုတိယဥက္ကဌ ဦးခိုင်ပြည်စိုးက ပြောပါတယ်။
"ဒီ မွတ်စလင်ဘင်္ဂါလီ ပဋိပက္ခကို နိုင်ငံတကာက ဖိအားပေးဖြေရှင်းတာမျိုးမဟုတ်ပဲနဲ့ ပြည်ထောင် စုမြန်မာနိုင်ငံမှာ ဘယ်လိုဥပဒေတွေပြဌာန်း ထားလဲဆိုတာကို လေ့လာပြီးမှ ဒီပြဿနာကို ဘယ်လိုဖြေရှင်းနိုင်သလဲ ဆိုတဲ့ဟာတွေကို ကျနော်တို့ ရခိုင်ပြည်သူတွေရဲ့ဆန္ဒ၊ ပြည်ထောင်စု မြန်မာနိုင်ငံမှာ ထုတ်ပြန်ထားတဲ့ ဥပဒေတွေရဲ့အပိုင်းကဏ္ဍကို ကြည့်ပြီးမှလုပ်သင့်တယ်၊ အဲသလိုဟာမဟုတ်ပဲနဲ့ တဘက်ကဒီလိုဆုံးဖြတ်ချက်တွေ ချနေမယ်ဆိုလို့ရှိရင် ကျနော်တို့ ဒါဟာဘက်လိုက်မှု တစ်ခုဖြစ်တယ်၊ ပဋိပက္ခကိုပိုမိုပြီးတော့ ဖန်တီးတဲ့ပုံသဏ္ဍန်မျိုး တစ်ခုဖြစ် တယ်၊ ရခိုင်ပြည်နယ်ရဲ့ တည်ငြိမ်အေးချမ်းရေးကို အနှောက်အယှက်ဖြစ်စေတယ်လို့ပဲ ကျနော်တော့ အဲ့ဒီလိုပဲ သုံးသပ်ပါတယ်"
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က ကျင်းပခဲ့တဲ့ ၆၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ လူ့အခွင့် အရေးကော်မတီက တင်သွင်းတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ညီလာခံအဖွဲ့ဝင် ၁၉၃ နိုင်ငံက သဘောတူအတည်ပြုခဲ့ တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ၂ဝ၁၂ ခုနှစ်အတွင်း ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေအကြား ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် မှုကြောင့် ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတဲ့ ရိုဟင်ဂျာ ၁ သိန်း ၄သောင်းရဲ့ အခြေအနေဟာ အထူး စိုးရိမ်စရာဖြစ်နေတယ်လို့ အဲ့ဒီဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။
ရိုဟင်ဂျာဆိုတဲ့ စကားလုံးဟာ အစိုးရအပါအဝင် မြန်မာပြည်သူတစ်ရပ်လုံးက ကန့်ကွက်ထားတဲ့အမည် ဖြစ် တာကြောင့် ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးဖို့ ဆုံးဖြတ်တာဟာ မြန်မာပြည်ရဲ့ အချုပ်အခြာအာဏာကို စွက်ဖက်ထိပါးမှုတစ်ရပ်ဖြစ်ကြောင်း အဲဒီလို စွက်ဖက်မှုတွေကို နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်ကန့်ကွက်သွားမှာဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ ရခိုင်ပြည်နယ် အတွင်းက လူ့အခွင့်အရေးအခြေအနေတွေကို လေ့လာဖို့ ဒီလ ၈ ရက်နေ့ ရခိုင်ပြည်နယ်ကို ရောက်ရှိမှာဖြစ်တယ် လို့ သိရပါတယ်။