တရုတ်အစိုးရ စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ ဆန္ဒပြတောင်းဆို

တရုတ်အစိုးရအနေနဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ မပူးပေါင်းဘဲ မြန်မာပြည်သူတွေဘက်ကနေ ရပ်တည်ဖို့ ဗြိတိန်ရောက် မြန်မာတွေ ဇူလိုင်လ ၃၀ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ တရုတ်သံရုံးရှေ့တွင် တရုတ်အစိုးရအနေနဲ့ စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ ဆန္ဒပြနေကြသည့် မြန်မာနိုင်ငံသားများအား ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့က တွေ့ရစဉ်။ Myanmar Events in UK

တရုတ်အစိုးရအနေနဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ မပူးပေါင်းဘဲ မြန်မာပြည်သူတွေဘက်ကနေ ရပ်တည်ဖို့ ဗြိတိန်ရောက် မြန်မာတွေ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

လန်ဒန်မြို့မှာရှိတဲ့ တရုတ်သံရုံးရှေ့မှာ မြန်မာအယောက် ၁၅ဝ ကျော် စုဝေးပြီး ဆန္ဒပြကြတာပါ။

တရုတ်အစိုးရအနေနဲ့ စစ်ကောင်စီကို လက်နက်ရောင်းချတာတွေ ချက်ချင်းရပ်ဖို့လည်း ဆန္ဒပြသူတွေက တောင်းဆိုပါတယ်။

ဆန္ဒပြပွဲမှာပါသူတစ်ဦးက "တရုတ်အစိုးရက စကစနဲ့ မပူးပေါင်းဘဲ မြန်မာပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ စကစကို စစ်လက်နက်ရောင်းချပေးနေတာကို ချက်ချင်းရပ်ဖို့ တောင်းဆိုခဲ့တယ်။ ဒါဟာ ပြည်သူလူထုရဲ့ သဘောထားအမှန်ကို ဖော်ထုတ်ခဲ့တာဖြစ်တယ်" လို့ ပြောပါတယ်။

ဗြိတိန်ရောက် မြန်မာတွေတင်မက အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုးရီးယားနိုင်ငံတွေမှာ ရောက်နေတဲ့ မြန်မာတွေလည်း ဒီရက်ပိုင်းအလားတူ ဆန္ဒပြတာတွေရှိနေပါတယ်။

မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအပေါ် စစ်ကောင်စီနဲ့တိုက်ပွဲတွေရပ်ဖို့ တရုတ်ရဲ့ ဖိအားတွေ တိုးလာနေချိန်မှာပဲ အခုလိုဆန္ဒပြပွဲတွေပေါ်ပေါက်လာတာပါ။

တရုတ်အစိုးရဟာ အခုရက်ပိုင်းတွေအတွင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့အပြင် စစ်ကောင်စီ အကြီးအကဲတွေ၊ စစ်ခေါင်းဆောင်ဟောင်းတွေ၊ နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ ဆက်တိုက်တွေ့ဆုံနေပါတယ်။

မြန်မာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ (Burma Affairs and Conflict Study – BACS) ရဲ့ အစီအရင်ခံစာမှာ စစ်ကောင်စီကျင်းပဖို့ လုပ်နေတဲ့ ရွေးကောက်ပွဲကို တရုတ်က ပါဝင်ပတ်သက်နေတယ်လို့ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org