ငွေလိမ်ဂိုဏ်းက လွတ်မြောက်လာတဲ့ ယူဂန်ဒါနိုင်ငံသားတွေ နေရပ်ပြန်ရောက်

သူတို့ဟာ လစာကောင်းတဲ့ အလုပ်ရမယ်လို့ ဖျားယောင်းခံရပြီးနောက် ငွေလိမ်ဂိုဏ်းတစ်ခုမှာ အဓမ္မခိုင်းစေခံခဲ့ရတယ်လို့ ယူဂန်ဒါ Monitor သတင်းက ဖော်ပြပါတယ်။

မြန်မာနိုင်ငံရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းတွင် လူကုန်ကူးခံခဲ့ရသည့် ယူဂန်ဒါနိုင်ငံသားများ ၂ဝ၂၄ ခုနှစ် မေလ ၂၃ ရက်နေ့က ယူဂန်ဒါနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကြစဉ်။ Photo: GCICUganda/Twitter

ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်က အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ခုမှာ လူကုန်ကူးခံထားရတဲ့ ယူဂန်ဒါ နိုင်ငံသား ၂၃ ယောက် မိခင်နိုင်ငံကို မနေ့က ပြန်ရောက်လာကြပါတယ်။

အဲဒီထဲမှာ အမျိုးသမီး ငါးယောက်နဲ့ အမျိုးသား ၁၈ ယောက်ပါဝင်ပြီး သူတို့ဟာ လုပ်ခလစာကောင်းတဲ့ အလုပ်တွေ ရမယ်လို့ ဖျားယောင်းသွေးဆောင်ခံရပြီးနောက် ငွေလိမ်လည်တဲ့ ဒုစရိုက်ဂိုဏ်းတစ်ခုမှာ အဓမ္မခိုင်းစေခံခဲ့ရတယ်လို့ ယူဂန်ဒါ Monitor သတင်းက ဖော်ပြပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ရှိတဲ့ ယူဂန်ဒါ သံတမန်ရုံး၊ မလေးရှားပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးချုပ်ရုံးနဲ့ မြန်မာစစ်ကောင်စီတို့ သံတမန်ရေးရာ စေ့စပ်ဆွေးနွေးပြီး သူတို့ကို ကယ်တင်နိုင်ခဲ့တာလို့လည်း ယူဂန်ဒါ နိုင်ငံခြားရေးရုံး အမြဲတမ်းအတွင်းဝန်က ပြောပါတယ်။

သူတို့ လွတ်မြောက်လာပြီးနောက် ထိုင်းအစိုးရနဲ့ ရွှေ့ပြောင်းသွားလာနေထိုင်းခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့ (IOM) အကူအညီနဲ့ ထိုင်း-မြန်မာနယ်စပ်မှာ ခိုလှုံခဲ့ပြီး သူတို့ဟာ လူကုန်ကူးခံရတာကနေ ကယ်တင်ခံရသူတွေဖြစ်တယ်ဆိုတာကို ထိုင်းအာဏာပိုင်တွေက အတည်ပြုပေးတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အလားတူပိတ်မိနေတဲ့ ယူဂန်ဒါနိုင်ငံသားတွေ ကျန်ရှိနေသေးပြီး သူတို့ကိုနေရပ်ပြန်ပို့ဖို့ ကြိုးစားနေတယ်လို့လည်း ထိုင်းနိုင်ငံဆိုင်ရာ ယူဂန်ဒါ သံအမတ်က ပြောကြောင်းလည်း သတင်းမှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org