ကုလလူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေး ဝန်ကြီး ဦးကျော်တင် ဆွေးနွေး


2019.02.26
U-Kyaw-Tin-622 ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ကို ဖေဖော်ဝါရီ ၂၆ ရက်နေ့က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးတွင် တွေ့ရစဉ်။
Photo: UN WEB TV

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ မနေ့က ကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနည်းလမ်းမကျတဲ့  ၂ဝဝ၈ ဖွဲ့စည်းပုံကိုပြင်ဆင်ဖို့ လုပ်ဆောင်နေတဲ့ အခြေအနေ ၊ လက်ရှိပြည်တွင်း ငြိမ်းချမ်းရေး အခြေအနေတွေ နဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ပြန်လည်ခေါ်ယူရေးကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။  

ပြည်သူတွေရဲ့ ဒီမိုကရေစီအခွင့်အရေး အပြည့်အဝကာကွယ်ပေးမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ လိုအပ်တဲ့အတွက် ဖွဲ့စည်းပုံကိုပြင်ရေး ကော်မတီဖွဲ့ဖို့ ဆောင်ရွက်နေကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာမွတ်စလင်ဒုက္ခသည်တွေ လုံခြုံစွာ သိက္ခာရှိစွာနဲ့ မိမိသဘောဆန္ဒအရ ပြန်လာရေးကို ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ဆွေးနွေးနေကြောင်းလည်း ဝန်ကြီးဦးကျော်တင်က ပြောပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ် မြန်မာပြည်မှာ ဒီမိုကရေစီနည်းကျ အရပ်သားအစိုးရ တက်လာတဲ့နောက်ပိုင်း မြန်မာပြည်သူတွေ လွတ်လပ်မှုနဲ့ ဒီမိုကရေစီအခွင့်အရေးတွေ ပိုရလာကြောင်း ကျန်းမာရေး၊ ပညာရေး နဲ့ လူမှုရေးစီးပွားရေးတွေမှာ တိုးတက်မှုတွေ အထင်အရှားရှိလာခဲ့ကြောင်း ဒါပေမယ့် ဖွဲ့စည်းပုံပြင်ရေး၊ တိုင်းရင်းသားလက်နက်ကိုင်နဲ့ ရခိုင် ပြည်နယ်အရေးတွေမှာ ပြဿနာရှိနေဆဲဖြစ်ကြောင်းတွေ ပြောသွားပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လက်ရှိအစီရင်ခံစာတွေဟာ တဖက်သတ်ဆန်ပြီး အမြင်ကျဉ်း အဆိုးမြင်တာတွေ ဖြစ်နေကြောင်း၊ ရခိုင်ပြည်နယ်သတင်းတွေကို မီဒီယာတွေက အကြီးအကျယ် မှားယွင်းစွာ ပုံဖော်နေကြကြောင်း၊ အစိုးရက ဖွဲ့စည်းထားတဲ့ စုံစမ်းရေးကော်မရှင်က ပကတိသက်သေ အထောက်အထားတွေကို စုံစမ်းနေပြီး မကြာခင် အစီရင်ခံစာ ထွက်ရှိလာတော့မှာဖြစ်တယ်လို့လည်း ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ ရခိုင်အရေးနဲ့ပတ်သက်ပြီး UNDP, UNHCR အဖွဲ့တွေအပြင် အာဆီယံနဲ့ပါ ပူးပေါင်း ဆောင်ရွက်နေကြောင်း၊ ပြီးခဲ့တဲ့ ၃ နှစ်က မြန်မာနိုင်ငံမှာ ဒီမိုကရေစီအစိုးရတက်လာခဲ့တာကို ကမ္ဘာက ကြိုဆိုခဲ့ကြသလို အခုလည်း စိန်ခေါ်မှုများစွာကြုံနေတဲ့အစိုးရကို ကမ္ဘာက ဆက်လက်ပံ့ပိုးပေးဖို့ လိုအပ်ကြောင်းလည်း ဝန်ကြီးဦးကျော်တင်က ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။