တရုတ်နဲ့ အိန္ဒိယ ခရီးသွားတွေကို စစ်ကောင်စီက ဆိုက်ရောက်ဗီဇာပေး

တရုတ်နဲ့ အိန္ဒိယနိုင်ငံသား ခရီးသွားတွေကို ခရီးသွားဆိုက်ရောက်ဗီဇာပေးဖို့ ဩဂုတ်လ ၃၀ ရက်နေ့မှာ စစ်ကောင်စီက မူအရခွင့်ပြုထားတယ်လို့ ပြောပါတယ်။

ရန်ကုန်မြို့၊ အပြည်ပြည်ဆိုင်ရာလေဆိပ်၊ နိုင်ငံတကာ ဆိုက်ရောက် ဂိတ်အမှတ် (၆) ထွက်ပေါက်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့က တွေ့ရစဉ်။

တရုတ်နဲ့ အိန္ဒိယနိုင်ငံသား ခရီးသွားတွေ မြန်မာနိုင်ငံကို ပိုမိုလည်ပတ်လာနိုင်အောင် ခရီးသွားဆိုက်ရောက်ဗီဇာ (Tourist Visa on Arrival) ပေးဖို့ ဩဂုတ်လ ၃၀ ရက်နေ့မှာ စစ်ကောင်စီက မူအရခွင့်ပြုထားတယ်လို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူတွေက RFA ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနကလည်း တရုတ်နဲ့ အိန္ဒိယနိုင်ငံသားတွေအတွက် ခရီးသွားဆိုက်ရောက်ဗီဇာကို စမ်းသပ်ကာလ တစ်နှစ်သတ်မှတ်ပြီး ကိုဗစ်စည်းမျဉ်းနဲ့အညီ ခွင့်ပြုသွားမယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

အသေးစိတ်သတ်မှတ်ချက်တွေ မထုတ်ပြန်ရသေးပေမယ့် ခရီးသွားအများအပြား ဝင်ရောက်လာရင်တောင် အရင်လို ဝန်ဆောင်မှုပေးနိုင်တဲ့ အခြေအနေမှာမရှိဘူးလို့ ဝါရင့်ခရီးသွားလုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။

"အခုကတော့ အုံနဲ့ကျင်းနဲ့လာရင်တောင် လုံလောက်တဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့ အခက်အခဲ ရှိနိုင်တယ်။ အားလုံးသိတဲ့အတိုင်း လျှပ်စစ်မီးမလုံလောက်တဲ့ ပြဿနာ၊ လူ့စွမ်းအားအရင်းမြစ်တွေကလည်း အပြည့်အဝမရှိတော့ဘူး။ ဟိုတယ်တွေမှာလည်း ဟောင်းလောင်းတွေပဲ ရှိကြတော့တယ်။ ဒီအချိန်မှာ တော်တော်ပြန်လုပ်ယူရမယ့် သဘော ရှိပါတယ်"

တရုတ်နိုင်ငံက သူ့နိုင်ငံသားတွေကို ခရီးသွားခွင့် ဖြေ လျှော့ပေးထားသလို အိန္ဒိယနဲ့ တရုတ်က မြန်မာနိုင်ငံကို လေကြောင်းပြေးဆွဲမှုတွေ ပြန်ရှိလာတာကြောင့် အခုလို ခရီးသွားဆိုက်ရောက်ဗီဇာပေးဖို့လုပ်လာတာ ဖြစ်နိုင်တယ်လို့ ဝါရင့်ခရီးသွားလုပ်ငန်းရှင် တစ်ဦးက သုံးသပ်ပါတယ်။

တရုတ်နိုင်ငံသားခရီးသွားတွေဟာ မြန်မာနိုင်ငံကို လာရောက်တဲ့အခါ ဇီးရိုးဘတ်ဂျက်လို့ လူပြောများကြတဲ့ အစီအစဉ်နဲ့ ကိုယ့်လူမျိုးပိုင်နေရာတွေမှာ တည်းခိုတာ၊ ဝင်ကြေး မပေးရတဲ့ နေရာတွေကို သွားရောက်လည်ပတ်တာနဲ့ ပြည်တွင်းဧည့်လမ်းညွှန်တွေကို မငှားရမ်းတာကြောင့် ဒီအပေါ်ကို ထိန်းချုပ်နိုင်ဖို့ လိုလိမ့်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ခရီးသွားခွင့်ကို ဖြေလျှော့လိုက်တဲ့သဘောဖြစ်နေတာကြောင့် အွန်လိုင်းကနေ လိမ်လည်သူနဲ့ လောင်းကစားလုပ်သူတွေ မြန်မာပြည်ကို ရောက်လာမှာ စိုးရိမ်ရတယ် လို့လည်း ခရီးသွားလုပ်ငန်းရှင်တွေက ပြောပါတယ်။

တရုတ်နိုင်ငံသားတွေထက် စပိန်၊ မက္ကဆီကို နိုင်ငံသားတွေလို ငွေအသုံးပြုမယ့် အရည်အသွေးရှိ ခရီးသွားတွေကိုသာ ခရီးသွား ဆိုက်ရောက်ဗီဇာကို ပေးသင့်တယ်လို့ ဝါရင့်ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ ဟိုတယ်နဲ့ခရီးဝန်ကြီး ဒေါ်သက်သက်ခိုင်ကတော့ တရုတ်ခရီးသွားတွေ အဆင်ပြေစေဖို့ ငွေကြေး၊ ဘာသာစကား၊ သွားလာရေးတွေ ပြင်ဆင်ထားဖို့ ဩဂုတ်လ ၂၈ ရက် နေပြည်တော်မှာပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

တရုတ်၊ အိန္ဒိယ၊ ရုရှားနဲ့ အာဆီယံဒေသတွင်းက ခရီးသွားတွေ ပိုမိုဝင်ရောက်လာအောင် ကြိုးစားဖို့ကိုလည်း ဒေါ်သက်သက်ခိုင်က ဆိုပါတယ်။

လက်ရှိမှာတော့ ခရီးသွားတွေအတွက် ကြိုတင်လျှောက်ရတဲ့ ဆိုက်ရောက်ဗီဇာကို ခရီးသွားကုမ္ပဏီတွေကတစ်ဆင့် လျှောက်ထားခွင့်ပေးထားတာဖြစ်ပြီး ၂၈ ရက်အတွက် အမေရိကန်ကန်ဒေါ်လာ ၃၀ ကျသင့်မှာဖြစ်ပါတယ်။

ဟိုတယ်နဲ့ခရီးသွားလာရေး ဝန်ကြီးဌာနရဲ့ စာရင်းအရ ၂၀၂၂ ခုနှစ်မှာ မြန်မာနိုင်ငံကို နိုင်ငံခြားသား နှစ်သိန်းသုံးသောင်းကျော် ဝင်ရောက်ခဲ့ပြီး ၁၂,၁၀၅ ဦးကသာ ခရီးသွားဗီဇာနဲ့ လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီအရေအတွက်ဟာ စစ်တပ်အာဏာမသိမ်းခင် ကိုဗစ်ကပ်ဘေးကာလ ၂၀၂၀ ခုနှစ်က ခရီးသွားဗီဇာနဲ့ လာရောက်တဲ့အရေအတွက် ၁၈၅,၂၀၂ ထက် တစ်သိန်းခုနှစ်သောင်းကျော် လျော့နည်းနေခဲ့တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org