တွန်းဇံမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုရားကျောင်းတစ်ကျောင်း ပျက်စီး

တိုက်ပွဲတွေကြောင့် ရွာလုံးကျွတ်ထွက်ပြေးနေရချိန်မှာ ဗုံးကြဲတိုက်ခိုက်တာကြောင့် လူထိခိုက်မှုမရှိပေမဲ့ ဘုရားကျောင်းတစ်ခုလုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။

တွန်းဇံမြို့နယ် ဖိုင်တူရွာကို ၂၀၂၄ ခုနှစ် မေလ ၂၁ ရက်နေ့က စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် ခရစ်ယာန်ဘုရားကျောင်းအား တွေ့ရစဉ်။ Citizen Journalist

ချင်းပြည်နယ် တွန်းဇံမြို့နယ် ဖိုင်တူရွာကို မေလ ၂၁ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဇိုနှစ်ခြင်းအသင်းတော် (ZBA) ခရစ်ယာန်ဘုရားကျောင်း ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ရွာလုံးကျွတ်ထွက်ပြေးနေရချိန်မှာ ဗုံးကြဲတိုက်ခိုက်တာကြောင့် လူထိခိုက်မှုမရှိပေမဲ့ ဘုရားကျောင်းတစ်ခုလုံး ထိခိုက်ပျက်စီးခဲ့တာလို့ ဖိုင်တူရွာခံတစ်ဦးက ပြောပါတယ်။

“တွန်းဇံမြို့မှာ တိုက်ပွဲမစခင် ကျွန်တော်တို့ထွက်ပြေးတာ။ အခုရွာမှာ ဘယ်သူမှမရှိတော့ဘူး။ ဒီရက်ပိုင်းမှာ နေ့တိုင်းလေယာဉ်နဲ့ပစ်တယ်။ ဘုရားကျောင်းကို ဗုံးထိတာတောင် ရွာမှာ အခြေနေဘယ်လိုရှိလဲဆိုပြီး သွားကြည့်တဲ့အခါမှ သိရတာပါ”

ဖိုင်တူရွာဟာ တွန်းဇံမြို့နဲ့ ခြောက်မိုင်ခန့်ဝေးပြီး တွန်းဇံမြို့ပေါ်မှာတော့ ဒီနေ့အထိ တိုက်ပွဲတွေဆက်ရှိနေတယ်လို့ သူက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။

မေလ ၁၁ နေ့ကလည်း တွန်းဇံမြို့နယ် လုံတပ်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲလို့ ခရစ်ယာန်ဘုရားကျောင်းနှစ်ကျောင်းနဲ့ လူနေအိမ် လေးလုံးထက်မနည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းကာလအတွင်း ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးရတဲ့ ဘာသာရေးအဆောက်အအုံ ၃၆ ခုရှိပြီး လေကြာင်းအပါအဝင် စစ်ကောင်စီတပ်ရဲ့ နည်းမျိုးစုံနဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီးရတဲ့ ဘာသာရေးအဆောက်အအုံ စုစုပေါင်းကတော့ ၁၁၅ ခုအထိ ရှိနေပြီလို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org