ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ TNLA ထုတ်ပြန်

မိုးကုတ်၊ ကွတ်ခိုင်နဲ့ နမ္မတူမြို့တွေက ကျေးရွာတွေထဲကိုလည်း လက်နက်ကြီးနဲ့ အကြိမ် ၂၀ ထက် မနည်းပစ်ခဲ့တယ်လို့ TNLA က ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ်အတွင်း စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်တစ်လုံးကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့က တွေ့ရစဉ်။ The Ta'ang Post

စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ဟာ ရှမ်းပြည်နယ်က ကွတ်ခိုင်၊ မန်တုံ၊ နမ္မတူနဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ်တွေအတွင်းမှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်ကောင်စီက စစ်ကူတွေ ထပ်မံစေလွှတ်နေတယ်လို့ TNLA က ဒီဇင်ဘာ ၂၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ စစ်ကောင်စီတပ်က Mi 17 ထောက်ပို့ယာဉ်နဲ့ တပ်အင်အားအပြင် လက်နက်တွေကိုပါ မူဆယ်၊ ကွတ်ခိုင်၊ နမ္မတူနဲ့ ကျောက်မဲက မိုင့်ငေါ့စခန်းတွေကို တစ်ကြိမ်စီလာရောက်ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

မန်တုံမြို့အနီးတစ်ဝိုက်ကိုလည်း စစ်ကောင်စီတပ်က Jet Fighter ၊ Y12 လေယာဉ်တွေ အသုံးပြုပြီး ဗုံးအလုံးရေ ၂၀၀ ကျော် ကြဲချခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီက TNLA တပ်မဟာ ၃ ဒေသထဲက ကျေးရွာတွေနဲ့ ဒုက္ခသည်စခန်းတွေအနီးကို လက်နက်ကြီးနဲ့ အကြိမ် ၈၀ နီးပါး ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။

မိုးကုတ်၊ ကွတ်ခိုင်နဲ့ နမ္မတူမြို့တွေက ကျေးရွာတွေထဲကိုလည်း လက်နက်ကြီးနဲ့ အကြိမ် ၂၀ ထက် မနည်းပစ်ခဲ့တယ်လို့ TNLA က ပြောပါတယ်။

TNLA ပါဝင်တဲ့ မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ဆန်မြို့ကို ဒီဇင်ဘာလ ၁၇ ရက်နေ့နဲ့ နမ့်ခမ်းမြို့ကို ဒီဇင်ဘာလ ၁၉ ရက်နေ့တွေမှာ သိမ်းပိုက်ထားနိုင်ပြီလို့ ကြေညာထားပါတယ်။

ဒါ့အပြင် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကိုလည်း အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ခဲ့ပြီး အလုံးစုံထိန်းချုပ်နိုင်ရေးအတွက် ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ တုံ့ပြန်ချက်ကို သိရဖို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org