လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ထီးချိုင့်ကရွာတွေ ဆက်တိုက်မီးရှို့ခံနေရ

ထီးချိုင့်မြို့နယ်မှာ လေကြောင်းကနေ တိုက်ခိုက်ခံခဲ့ရတဲ့ ရွာတွေကို စစ်ကောင်စီတပ်သားတွေ မြေပြင်ကနေပါ စစ်ကြောင်းထပ်ထိုးပြီး ဆက်တိုက်မီးရှို့နေပါတယ်။

ထီးချိုင့်မြို့နယ်၊ ဆင်ဖြူဆိပ်(အရှေ့)ရွာမီးလောင်နေသည်ကို ၂၀၂၃ ခုနှစ် ဧပြီလ ၂၆ ရက်နေ့က တွေ့ရစဉ်။ Tigyaing Revolution -TR

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ ဧပြီလ ၂၄ ရက်က လေကြောင်းကနေ ခြောက်ကြိမ်လောက် တိုက်ခိုက်ခံခဲ့ရတဲ့ ရွာတွေကို စစ်ကောင်စီတပ်သားတွေ မြေပြင်ကနေပါ စစ်ကြောင်းထပ်ထိုးပြီး ဆက်တိုက်မီးရှို့နေတယ်လို့ ထီးချိုင့် ဒေသခံတွေက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်ခံရတဲ့ တောမ၊ မရသိမ်၊ ဖုန်ကုန်း၊ ဆင်ဖြူဆိပ် (အရှေ့) ရွာတွေကို အင်အားတစ်ရာခန့်ပါ စစ်ကြောင်းက ဧပြီ ၂၄ ရက်ကစပြီး ဆက်တိုက်မီးရှို့နေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထီးချိုင့်ဒေသခံ တစ်ဦးက RFA ကိုပြောပါတယ်။

“ဧပြီလ ၂၄ ရက်မတိုင်ခင် နှစ်ဖက်တိုက်ပွဲတွေဖြစ်တယ်။ တိုက်ပွဲဖြစ်ပြီး လေယာဉ်နဲ့ ဗုံးလာကြဲတော့တာပဲ။ အဲဒီရက်စလို့ အခုထိ စစ်ကြောင်းက ပြန်မထွက်ဘဲ လေကြောင်းတိုက်ခိုက်ခံရတဲ့ ရွာတွေကို ထပ်ပြီးမီးရှို့နေတယ်”

မီးရှို့ခံရတာကြောင့် တောမ၊ မရသိမ်၊ ဖုန်ကုန်းရွာတွေမှာ နေအိမ်တစ်ရာနီးပါးလောက် မီးလောင်ပျက်စီးနိုင်ပြီး ရွာတွေထဲ ပြန်ဝင်လို့မရသေးတာကြောင့် အတိအကျတော့ မပြောနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီလ ၂၆ ရက် ဒီနေ့မှာလည်း ဆင်ဖြူဆိပ်(အရှေ့)ရွာကို စစ်ကောင်စီတပ်သားတွေ မီးရှို့ခဲ့ပြီး ထိခိုက်ပျက်စီးမှု အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ နောက်ထပ် ထီးချိုင့်ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

အဲဒီရွာလေးရွာက ဒေသခံလေးထောင်နီးပါးကတော့ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

ဆင်ဖြူဆိပ် (အရှေ့) ရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့အကြား ဧပြီလ ၂၆ ရက် ဒီကနေ့မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့လည်း ထီးချိုင့်ဒေသခံတွေက ပြောပါတယ်။

နေအိမ်တွေ မီးရှို့ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူတို့တပ်သားတွေဟာ ဒေသခံတွေရဲ့ နေအိမ်တွေကို ဘယ်တော့မှမီးမရှို့ဘူးလို့ RFA ကို အရင်က ငြင်းဆိုထားဖူးပါတယ်။

လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar ရဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၉ ရက်အထိ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်အထိ စစ်ကိုင်းတိုင်းမှာ နေအိမ် ၄၇,၇၇၈ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org