ရခိုင်မြောက်ပိုင်းမှာ စစ်အုပ်ချုပ်ရေးကျင့်သုံးရလောက်အောင် အခြေအနေမဆိုးသေးဟု အစိုးရအဖွဲ့ပြော

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အေအေအဖွဲ့က အုပ်ချုပ်ရေး ယန္တရားပျက်စီးအောင် ဆောင်ရွက်နေပေမယ့် စိုးရိမ်ရလောက်တဲ့ အခြေအနေမရှိသေးတဲ့အတွက် စစ်အုပ်ချုပ်ရေးနဲ့ အစားထိုးဖို့ မလိုအပ်ဘူးလို့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းက ပြောပါတယ်။

အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းကို ၂၀၂၀ ဇွန် ၁၅ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ် Photo: Thet Su Aung / RFA

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အေအေအဖွဲ့က အုပ်ချုပ်ရေး ယန္တရားပျက်စီးအောင် ဆောင်ရွက်နေပေမယ့် စိုးရိမ်ရလောက်တဲ့ အခြေအနေမရှိသေးတဲ့ အတွက် စစ်အုပ်ချုပ်ရေးနဲ့ အစားထိုးဖို့ မလိုအပ်ဘူးလို့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းက ပြောပါတယ်။

တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နယ်မြေတည်ငြိမ်အေးချမ်းမှု မရှိဘဲ အုပ်ချုပ်ရေး ယန္တားရား ပျက်စီးမှုတွေ ရှိနေတာကြောင့် စစ်အုပ်ချုပ်ရေးနဲ့ အစားထိုးရနိုင်တဲ့ အခြေအနေရှိပါသလားလို့ ဒီကနေ့ ဇွန်လ ၁၅ ရက်နေ့၊ နေပြည်တော်မှာ ကျင်းပတဲ့  သတင်းစာရှင်းလင်းပွဲမှာ အစိုးရအဖွဲ့ ရုံးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းကို RFA က မေးမြန်းခဲ့ပါတယ်။

အဲဒီလိုမေးမြန်းရာမှာ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းက ရခိုင်ပြည်နယ်အစိုးရက တည်ငြိမ်အောင် ကိုင်တွယ်နေလို့ စိုးရိမ်ရလောက်တဲ့ အခြေအနေ မရှိဘူးလို့ ပြောပါတယ်။

"အဲလောက်ထိ စိုးရိမ်စရာ မရှိပါဘူး။ ဒါတွေက စောစောက ကျတော်တင်ပြခဲ့သလိုပဲ စိုးရိမ်မှုကြီးပြီးတော့ ပြောနေတဲ့ ကိစ္စတွေဖြစ်ပါတယ်။ ယခင် ကျတော်တို့ မြောက်ဦး၊ ကျောက်တော်တို့မှာ အုပ်ချုပ်ရေးမှူးတွေ ထွက်သွားတာ ဒီထက်ပိုများပါတယ်။ အခုက ၅၈ ယောက်ပါ။ အရင်တုန်းကဆိုရင် ဒီထက်မက အရေအတွက် များတာတွေရှိပါတယ်။ ဒါကြောင့်မလို့ ဒီလောက်ကြီးအထိလည်း စိုးရိမ်ပူပန်ဖို့ မလိုအပ်ဘူးလို့ ကျတော့် အနေနဲ့ မြင်ပါတယ်။ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းအစိုးရပေါ့နော် သက်ဆိုင်ရာ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ကလည်း သူ့နယ်မြေဒေသအတွက် အေးချမ်းဖို့အတွက် အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ဖို့အတွက် သူလည်းပဲ အားသွန်ခွန်စိုက်ဆောင်ရွက်နေတာနေတယ်လို့တော့ ကျတော်တို့တော့ ဒီလိုပဲမြင်ပါတယ်။"


ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ နှုတ်ထွက်တာတွေအပြင်၊ ရဲစခန်းတွေကို အေအေ အဖွဲ့က ဝင်ရောက်တိုက်ခိုက်တာတွေနဲ့ မြို့ပေါ်မှာ တပ်မတော်သားတစ်ဦး လုပ်ကြံခံရတဲ့ ကိစ္စတွေရှိနေပြီး အုပ်ချုပ်ရေးယန္တာရား ပျက်စီးနိုင်ပြီး မြို့ပေါ်အထိ တိုက်ခိုက်မှုတွေ ပိုပြင်းထန်လာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ရခိုင်မြောက်ပိုင်းက လက်ရှိ အုပ်ချုပ်ရေး အခြေအနေနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ် ထွန်းထွန်းညီကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အစည်းအဝေး မပြီးပြတ်သေးတဲ့အတွက် ဒီနေ့ ညနေပိုင်းအချိန်အထိ ဖုန်းလက်ခံ ဖြေကြားတာ မရှိသေးပါဘူး။

ရခိုင်အမျိုးသားပါတီ ANP က ရသေ့တောင်မြို့နယ် အမတ် ဒေါ်ခင်စောဝေ ကတော့ တိုက်ပွဲဖြစ်ပွားတဲ့ ဒေသတွေမှာ တရားဥပဒေစိုးမိုးရေး လျော့နည်းတာတွေရှိသလို အစိုးရ လုံခြုံရေးပိုင်းကလည်း ကိုင်တွယ်ပုံ အားနည်းတယ်လို့ ဝေဖန်ပါတယ်။

"ကျောက်တော်မှာလည်း ရဲစခန်းမှုးတွေကို သတ်တာရှိတယ်၊ ဟိုတစ်နေ့ကလည်း ပုဏ္ဍားကျွန်းမှာ ဖြစ်တာလည်းရှိပါတယ် ။ အဲဒီအတွက်ကြောင့် ဒါကတော့ တရားဥပဒေ စိုးမိုးရေးပြောတယ် ဆိုတာကတော့ တိုက်ပွဲဖြစ်တဲ့ နေရာတွေမှာပေါ့နော် တရားဥပဒေစိုးမိုးရေး အားနည်းနေတယ် ဆိုတာတော့ ပြောလို့ ရတယ်ပေါ့နော့။ ဒါပေမဲ့လည်း အခုလက်ရှိ တာဝန်ယူနေတဲ့ အစိုးရရဲ့ လုံခြုံရေးပိုင်းက သူတို့အနေနဲ့လည်း ဒါကို ကိုင်တွယ်မှုအားနည်းတယ်လို့ပဲ ပြောချင်ပါတယ်"


ဒါပေမဲ့ ရခိုင်မြောက်ပိုင်းမှာ စစ်အုပ်ချုပ်ရေး ဖြစ်နိုင်ခြေရှိ မရှိနဲ့ အဲဒီလောက်အထိ အခြေအနေကို ရောက်နေသလား ဆိုတာနဲ့ ပတ်သက်လို့တော့ ဖြေကြားတာမရှိပါဘူး။

ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့က ရခိုင့်တပ်တော် အေအေ က ကြေညာချက်ထုတ်ပြန်တဲ့အထဲမှာ ရခိုင်ပြည်နယ်ကနေ အစိုးရ အုပ်ချုပ်ရေးယန္တရား အားလုံးနဲ့ လုံခြုံရေး အဖွဲ့တွေ ထွက်ခွာသွားဖို့ ပါဝင်ပါတယ်။

ရခိုင်ပြည်နယ်မှာ လက်ရှိ အစိုးရ အုပ်ချုပ်ရေးကို ဖယ်ရှားပြီး အေအေအဖွဲ့က အစားထိုးအုပ်ချုပ်ဖို့ ရည်ရွယ်ထားတယ်လို့လည်း ပြောထားတာတွေရှိပါတယ်။

လက်ရှိ တိုက်ပွဲအခြေအနေတွေ အပါအဝင် တရားဥပဒေစိုးမိုးရေး ပျက်ပြားလာတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး အေအေ အဖွဲ့ကို ဆက်သွယ်မေးမြန်းတဲ့အခါ AA ပြောခွင့်ရ ခိုင်သုခက ရခိုင်ဒေသဟာအရင်ကလည်း စစ်အုပ်ချုပ်ရေး လက်အောက်မှာပဲရှိနေပြီး အခုလည်း စစ်အုပ်ချုပ်ရေးသာဖြစ်ကြာင်းနဲ့ တပ်မတော်ရဲ့  ဆောင်ရွက်ချက်တွေကို ဖုံးကွယ်ဖို့ စစ်အုပ်ချုပ်ရေး ရဖို့အတွက် တပ်မတော်က အစိုးရကို ဖိအားပေး ဆောင်ရွက်နေကြောင်း စွပ်စွဲပါတယ်။

ရခိုင်ဒေသကို ရခိုင်တွေ အုပ်ချုပ်နိုင်ရင် ငြိမ်းချမ်းရေး ရမယ်လို့ဆိုပါတယ်။ အစိုးရနဲ့ စစ်တပ်မရှိရင် ငြိမ်းချမ်းရေး ရပြီး ဖွံ့ဖြိုးရေးတွေ ရနိုင်မယ်လို့လည်း ပြောပါတယ်။

တိုင်းရင်းသားအရေး လေ့လာသူ စာရေးဆရာ ဦးမောင်မောင်စိုးက နှစ်ဖက်တွေ့ဆုံ ညှိနှိုင်းမှု မရှိသေးသရွေ့ တိုက်ပွဲတွေ ပြင်းထန်နေဦးမယ်လို့ ပြောပါတယ်။

"နှစ်ဖွဲ့ တွေ့ဆုံဆွေးနွေးပြီး သဘောတူညီချက် မရရင်တော့ စစ်ပွဲကတော့ ရပ်တန့်လို့မရဘူးဗျ။  စစ်ပွဲ ရပ်တန့်လို့ မရရင် တစ်ဖက်နဲ့ တစ်ဖက် တိုက်ခိုက်မှုကတော့ ပိုပြင်းထန်လာမှာပဲ ဒေသတွင်း မတည်ငြိမ်မှု ကလည်း ပိုပြင်းထန်လာမှာပဲ။ ရပ်တန့်ဖို့ဆိုလိုရှိရင် နှစ်ဘက်တွေ့ဆုံ ဆွေးနွေး သဘောတူညီချက် ယူနိုင်ဖို့ပါပဲ လောလောဆယ်တော့ ယူနိုင်တာမတွေ့ဘူး၊ တစ်ဘက်သတ် အပစ်ရပ်စဲရေးတွေက တပ်မတော်ဘက်က ကြေညာသလို အေအေ နဲ့မြောက်ပိုင်း ၃ ဖွဲ့ကလည်း ကြေညာတယ် ။ ဒါပေမဲ့ အဲဒါတွေကလည်း သိပ်အလုပ်ဖြစ်တာ မတွေ့သေးဘူးပေါ့ဗျာ "

တချိန်တည်းမှာပဲ ငြိမ်းချမ်းရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး စေ့စပ်ညှိနှိုင်းတဲ့ နေရာမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍက လက်ရှိ ရခိုင်ကိစ္စမှာ ပျောက်ဆုံးနေတာကလည်း စိတ်ဝင်စားစရာ ကောင်းတယ်လို့ သူက ပြောပါတယ်။

ရခိုင်မြောက်ပိုင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ အကြားတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေက ပြီးခဲ့တဲ့ဇွန်လ ၈ ရက်နေ့အထိ တစ်သိန်း ငါးသောင်းကျော်အထိ ရှိတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က ထုတ်ပြန်ထားပါတယ်။

RFA က ရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကနေ မနေ့က ဇွန်လ ၁၁ ရက်နေ့အထိ သေဆုံးတဲ့အရပ်သား ၂၆၀ နဲ့ ထိခိုက်ဒဏ်ရာရသူ ၅၆၅ ဦးအထိရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org