သပြေအေးရွာ ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်း၊ ရွာသားနှစ်ဦး သေဆုံး
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ သပြေအေးရွာဟာ ဖေဖော်ဝါရီ ၂၈ ရက် မနေ့က စစ်ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရွာထဲဝင်စီးပြီးတဲ့နောက် ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းခဲ့ရသလို အရပ်သား နှစ်ယောက်လည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
- 2022-03-01
-
-
-
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ သပြေအေးရွာဟာ ဖေဖော်ဝါရီ ၂၈ ရက် မနေ့က စစ်ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရွာထဲဝင်စီးပြီးတဲ့နောက် ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းခဲ့ရသလို အရပ်သား နှစ်ယောက်လည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရဟတ်ယာဉ်နှစ်စင်းနဲ့ မနေ့က မနက် ၁၁ နာရီ ဝန်းကျင်လောက်မှာ လာရောက် ပစ်ခတ်ခဲ့သလို နောက်ထပ် ရဟတ်ယာဉ်နှစ်စင်းနဲ့ စစ်သားတချို့ချပြီး ရွာထဲကို ဝင်ရောက်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"အရပ်သားတစ်ယောက်ပဲ ကျတယ်လို့ ကြားသေးတယ်။ ကျန်တာက ရှောင်ချိန် ရလိုက်တယ်လေ။ လေယာဉ်နဲ့ လိုက်ပစ်တာ ဆိုင်ကယ်နဲ့ ပြေးနေတဲ့အချိန် လိုက်ပစ်တာ။ ကျသွားတာ ကိုအောင်မင်း၊ သူ့အလောင်းကို မကောက်ရသေးဘူး။ အဘွားကြီး တစ်ယောက်လည်း မီးထဲပါသွားတယ် မပြေးနိုင်လို့"
သပြေအေးရွာထဲကို အင်အား ၈၀ ကနေ ၁၀၀ ကြား စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာခဲ့ပြီးတဲ့နောက် အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိတဲ့ အဲဒီရွာမှာ ဘုန်းကြီးကျောင်း တစ်ကျောင်း အပါအဝင် အိမ်ခြေ ၁၇၀ ကျော် ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံက ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ သပြေအေးကျေးရွာ ဘုန်းကြီးကျောင်းမှာ PDF တွေ ခိုအောင်း နေတာ သတင်းရလို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး PDF အလောင်း၊ လက်နက်နဲ့ ဆိုင်ကယ် တချို့ သိမ်းမိတယ်လို့ မနေ့က ထုတ်ပြန်ထားပါတယ်။
သပြေအေးရွာ ပစ်ခတ်ခံရတဲ့အခြေအနေတွေကို စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်ကလည်း ချင်းပုန်းရွာမှာ ဒေသခံကာကွယ်ရေး သင်တန်းဆင်းပွဲ ကို စစ်ရဟတ်ယာဉ်နှစ်စင်းနဲ့ ပစ်ခတ်ခဲ့ပြီး နောက်ထပ် ရဟတ်ယာဉ်နှစ်စင်းကနေ အင်အား ၄၀ ကျော်ပါ တပ်ဖွဲ့က ရွာထဲမှာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပါတယ်။